Sunday, November 6, 2011

0 ဇာဂနာပြောသော အနုပညာနွယ်သည့် နိုင်ငံရေး Art and Politics: Zarganar Interview


(Yangon PressInternational )မှကူးယူဖော်ပြပါသည်..


ကျွန်တော် ဖြစ်စေချင်တာကတော့ ခလေးတွေကို မဖျက်ဆီးကြပါနဲ့၊ ကိုယ်ကြောက်ချင်ရင်တော့ တတ်နိုင်ရင် ကိုယ့်အိမ်ထဲကိုယ်ဝင်ပြီး ခြင်ထောင်ထဲဝင်ကြောက်ကြပါ တိုင်းသိပြည်သိ မကြောက်ကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။

(ဇာဂနာဟာ လူရွှင်တော် ၊ ဒါရိုက်တာ အနေနဲ့ နိုင်ငံကျော် လူသိများသလို လူတွေကြားထဲ ခံစားနေရတဲ့ ခံစားချက်၊ အမြင်မတော်တဲ့ နိုင်ငံရေး အဖြစ်အပျက်တွေကို ပျက်လုံးအဖြစ်နဲ့ ပြောဆိုရာမှာ ထိမိလွန်းတဲ့အတွက်လည်း ထင်ရှားသူ တဦးဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်းကလုံး တိုက်ခတ်ပြီးနောက် မကြာခင်မှာ ဇာဂနာဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်၆၀ နီးပါး အပြစ်ပေးလိုက်ပါတယ်။ ဒီနောက် ၂၄နှစ်လျော့ပေါ့ပေးပြီး ၃ နှစ်ကျော် အကျဉ်းထောင်ထဲမှာ နေထိုင်ပြီး ယခင်လဆန်းက လွတ်မြောက်လာပါတယ်။ သူလွတ်မြောက်လာပြီး မကြာခင်မှာပဲ နိုင်ငံရေး အကျဉ်းသား ကူညီရေးကိစ္စ၊ အနုပညာနွယ်တဲ့ နိုင်ငံရေး ကိစ္စတွေ စတင် လုပ်ဆောင်နေပါပြီ။ သူနားလည်ယုံကြည်တဲ့ အနုပညာနဲ့ နိုင်ငံရေးအကြောင်းနဲ့ ဆက်နွယ်ပုံကို YPI ကယခု သီတင်းပတ်အတွင်း မေးမြန်းထားတာကို ဖေါ်ပြလိုက်ပါတယ်။)

YPI: Art Flavored Politics ဆိုတဲ့စကားကို "The Art of Freedom Film Festival" သတင်းစာရှင်းလင်းပွဲမှာတုန်းက သုံးသွားခဲ့ပါတယ်။ အဲဒီ စကားလုံး ဖြစ်ပေါ်လာပုံလေး ပြောပြပါလား၊

Zarganar: ဒါကတော့စကားလုံးပေါ့၊ စကားလုံးကတော့ အနုပညာ အရသာပါတဲ့ နိုင်ငံရေးလို့ ပြောရမှာပေါ့။ ဘယ်လိုလဲလို့ဆိုတော့ နိုင်ငံရေးနွယ်တဲ့ အနုပညာလား၊ အနုပညာနွယ်သော နိုင်ငံရေးလားလို့ စဉ်းစားကြည့်တော့ အနုပညာနွယ်သော နိုင်ငံရေးဖြစ်ရမယ်လို့ ကျွန်တော်က လေယာဉ်ပျံပေါ်မှာကတည်းက စဉ်းစား လာတာ။ ဒါပေမဲ့ အဲဒီစကားလုံးကို တစ်ကယ့်တစ်ကယ် စဉ်းစားမိတာကတော့ ထောင်ထဲမှာ စဉ်းစားမိတာ။ ဘယ်လိုစဉ်းစား မိလည်းဆိုတော့ အနုပညာနဲ့နိုင်ငံရေးကို မတွဲဘူးလို့ ပြောပြောနေကြတဲ့လူတွေက သနားစရာလေးတွေပဲလို့ အဲဒီမှာ စဖတ်မိတာ။

အနုပညာသမားတွေက နိုင်ငံရေးကို ကင်းကင်းရှင်းရှင်း နေရမယ်လို့ သူတို့က ပြောကြတယ်၊ တော်တော်သနားစရာ ကောင်းပါလားလို့ ဆိုပြီးတော့ ကျွန်တော်က သူတို့ကို သနားနေတာ ထောင်ထဲမှာ။ ထောင်ထဲမှာနေရင်း သနားနေတော့ ဒုက္ခပဲပေါ့၊ ဒီလူတွေကို ဘယ်လိုရှင်းပြရမလဲ၊ သူတို့လုပ်နေတဲ့ ရုပ်ရှင်အနုပညာပဲဖြစ်ဖြစ်၊ ဂီတအနုပညာပဲဖြစ်ဖြစ်၊ ဇာတ်သဘင်အနုပညာပဲ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ ဘယ်လိုမှ မကင်းနိုင်ဘူး၊ ဒီလိုကင်းလို့မရဘူးလို့သူတို့ကိုပြောနေတာ ပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ဖို့ ပြောနေတာမဟုတ်ဘူး၊

နိုင်ငံရေးက ဘယ်လိုလူမျိုးမှ မကင်းဘူး၊ ပြီးတော့ သူတို့နားလည်အောင် ကျွန်တော် ဘယ်လိုရှင်းပြရမလဲဆိုတော့ ပါးစပ်ကရှင်းပြနေလို့ကြာတယ်။ အလုပ်ကနေ သက်သေပြတာ ကောင်းပါတယ်လို့ စဉ်းစားမိတယ်။

အနုပညာ အရသာပါနေတဲ့ နိုင်ငံရေးဆိုတော့ အခု ကျွန်တော်တို့တွေ ဟိုတစ်နေ့က ကန့်တော့ပွဲပေးတဲ့ Film Festival ကိစ္စက ဒါ အနုပညာနွယ်တဲ့ နိုင်ငံရေးပဲ၊ တစ်ကယ့်တစ်ကယ်ပြောရရင် လူတွေဟာလွပ်လပ်မှုကို မြတ်နိုးကြတယ်လို့ ပြောတယ်၊

လွပ်လပ်မှုကိုလိုချင်ကြတယ်လို့ ပြောတယ်၊ သို့သော် လွပ်လပ်မှုကို လုပ်ရမယ်ဆိုပြီး ကျွန်တော်တို့ လက်သီးလက်မောင်းတန်းပြီး တရားဟောလည်း လာနားထောင်နေမှာ မဟုတ်ဘူး။ဒီအနုပညာလေးနဲ့ ပြလိုက်တဲ့အခါကျတော့ လွပ်လပ်မှုဆိုတာကို နားလည် လာမယ်၊ မသိတဲ့လူလည်း သိလာမယ်၊ သိတဲ့လူလည်း ပိုသိလာမယ်။

နေ့ခင်းတုန်းကဆိုရင် ရုပ်ရှင်လုံးဝမရိုက်ဖူးတဲ့ မိန်းကလေးက ကျွန်တော့်ကိုပြောတယ်၊ ဘာပြောလည်းဆိုတော့ သူလုပ်ထားတဲ့ဟာလေး တစ်ခုကို လာပြချင်တယ်တဲ့၊ ပြပါဆိုတော့ ဒီခလေးက ပညာရှင်၊ ဘာပညာရှင် လဲဆိုတော့ ကွန်ပျုတာပညာရှင်၊ ရုပ်ရှင် တစ်ခါမှမရိုက်ဖူးဘူး၊ ဘာမှနားမလည်ဘူး၊ ဒါပေမဲ့ သူဟာ လွပ်လပ်မှုအကြောင်းကိုသူ ဖီလင်ရှိနေတယ် ဆိုတာကို သူပြောတာကို နားထောင်ရင်းနဲ့ သိတယ်၊ ဆိုတော့ ဒီခလေးတွေမှာ နိုင်ငံရေး Sense ရှိနေတာပေါ့။ အဲဒါလေး ကနေ ကျွန်တော်က ခုန( Art Flavored Politics ) ဆိုလိုက်ခြင်းအားဖြင့် ဒီ အနုပညာကနေတစ်ဆင့် နိုင်ငံရေး၊ နိုင်ငံရေးကနေ တစ်ဆင့် အနုပညာ ရောယှက်ပြီးတော့ ပါဝင်လာကြမယ်လို့ တွေးမိတော့ ဒါ အလုပ်နဲ့အရင် သက်သေပြလိုက်တဲ့ သဘောပါပဲ။ ဒီ့အတွက်ကြောင့် ကျွန်တော် ဟိုနေ့ကလည်း ( Art Flavored Politics ) ဆိုတာကို ကျွန်တော်ဇောင်းပေးပြီး ပြောသွားတာပါ။

YPI: အင်တာဗျူးတွေမှာ နံမည်ကြီး အနူပညာသမားတွေက နိုင်ငံရေးစိတ်မ၀င်စားဘူး လို့မကြာခဏ ပြောကြတာ ကြားဖူးတယ်။ အဲဒါနဲ့ပါတ်သက်လို့ရော ဘယ်လိုမြင်လဲ၊

Zarganar: ကျွန်တော်တို့ဆီက အနုပညာသမားတွေရဲ့သနားစရာ ကောင်းတဲ့ အဖြစ်အပျက်ဆိုတာ အဲဒါပဲ။ ကျွန်တော်တို့က နိုင်ငံရေးကိုစိတ်မ၀င်စားပါဘူး ကျွန်တော်တို့နိုင်ငံရေးနဲ့ ကင်းကွာပါတယ်၊ နိုင်ငံရေးဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ပြောတဲ့လူတွေက ပြီးခဲ့တဲ့ န၀တအစိုးရရဲ့ကြော်ငြာမှန်သမျှ သူတို့ ရိုက်ပေးတယ်၊ အဲဒီ ပြောတဲ့လူတိုင်းက န၀တအစိုးရရဲ့ ဆည်တွေပေါ်လည်း တက်ခုန်ကြတယ်၊

သူတို့ ဆောက်တဲ့ တံတားတွေပေါ်မှာလည်း တက်ကပြတယ်၊ ပြောတော့ သူတို့က နိုင်ငံရေး မလုပ်ဘူး ၀ါသနာမပါဘူးပြောတယ်။ န၀တအစိုးရလက်ထက်မှာ လုပ်သမျှကိစ္စအကုန် သူတို့ ကြော်ငြာလုပ်ပေးတယ်၊ အဲဒါ သူတို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဖူးလား။ နိုင်ငံရေး လုပ်တာ မဟုတ်ဘူးဆိုရင် န၀တအစိုးရ လက်ထက်တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ နှစ်ပတ်လည်ကားမှာဆိုရင် မပါရမှာတောင် ကြောက်နေတယ်။ မပါများ မပါရရင် သူတို့ကိုယ်သူတို့ သတ်သေမလား တောင်မသိဘူး အနုပညာသည်တွေက။

အဲဒီတုန်းကကျတော့လည်း လုပ်လိုက်ကြတဲ့ဟာ၊ အဲဒါ နိုင်ငံရေး မဟုတ်ဘူးလား။ သူတို့ အစိုးရရဲ့ဝါဒဖြန့်ချီရေးမှာ သူတို့ပါဝင်ခဲ့ကြတာပဲ။ အဲဒီတော့ မဆလခေတ်တုန်းကလည်း ဒီတိုင်းပဲ မဟုတ်ဘူးလား၊ ပြောတော့လည်း ကျွန်တော်တို့က နိုင်ငံရေးဝါသနာမပါပါဘူး၊ မလုပ်ပါဘူးဆိုပြီးတော့ ဒီအလုပ်တွေလုပ်ခဲ့တာဟာ ဒါနိုင်ငံရေးနည်းအရ ၀ါဒဖြန့်ချီရေးကို ထဲထဲဝင်ဝင် မက်မက်သက်သက် ၀င်လုပ်ခဲ့ကြတာ ဒီ အနုပညာသည်တွေပဲ။

အခုကျတော့မှအဲဒီတုန်းက အဲလိုတွေလုပ်ပြီး တစ်ဖက်မှာကျတော့ ကျွန်တော်တို့က နိုင်ငံရေး ၀ါသနာမပါဘူး၊ နိုင်ငံရေးဝါသနာမပါဘူးဆိုလို့ ကျွန်တော်က သြော် သနားစရာလေးတွေပါလားလို့ သူတို့ကိုမြင်တာ။

သူတို့ စာလည်း မဖတ်ကြဘူးဗျ၊

နိုင်ငံတကာအမြင်လည်း မရှိကြပဲနဲ့ ရမ်းပြောနေကြတာမျိုးတော့ မဖြစ်စေချင်ဘူးလို့၊ ဒါကြောင့် ကျွန်တော်ဒါတွေ လုပ်ရတာ။ ဆိုတော့ သူတို့ကိုယ်တိုင် ၀ါဒဖြန့်ချီရေးရဲ့ Instrument လေးတွေဖြစ်ခဲ့တာ ကိုလည်းသိပုံမပေါ်ဘူး၊ကိုယ့်ကိုကိုယ် နားမလည်ရှာသောသူများသည် မြန်မာ့ရုပ်ရှင်လောကမှ ပညာရှင်များ ဖြစ်နေသည် ဆိုတာမျိုးကျတော့ ကျွန်တော်စိတ်မကောင်းဘူး။

YPI: ဒါကရော နိုင်ငံရေးဆိုတဲ့စကားလုံးကို ကြောက်စရာ လန့်စရာဖြစ်အောင် စနစ်တကျ ဖန်တီးထားခဲ့ တာကြောင့်မဖြစ်နိုင်ဘူးလား၊ ၈၈ နောက်ပိုင်းမှာ ကျောင်းသားတွေကျောင်းပြန်တက်ခွင့်ရဖို့ ၀န်ထမ်းတွေ ရုံးပြန်တက်ခွင့်ရဖို့ နိုင်ငံရေးနဲ့မပတ်သက်ပါဆိုပြီး လက်မှတ်တွေထိုးခဲ့ရတာမျိုးတွေ ရှိခဲ့တယ်လေ။ အဲဒီဟာတွေရဲ့ Impact က တော်တော်ကြီးခဲ့လို့ရော မဖြစ်နိုင်ဘူးလား။

Zarganar: အဲဒီကြောင့်ပေါ့၊ စဉ်းစားကြည့်။ အဲဒီဟာကြီးရဲ့ Impact က ဘယ်လောက်ကြီးသွားသလဲ ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ ရိုးရိုးသာမန် ဈေးသည်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်၊ ဥပမာကိုယ့်အချင်းချင်းကြားထဲမှာတောင် လ္ဘက်ရည်ဆိုင်မှာ ၀င်ထိုင်ပြီးပြောရင် တစ်ခုတစ်ခု ပြောရင် နိုင်ငံရေးမပါနဲ့နော် လူတိုင်းလူတိုင်း။ တစ်ခုတစ်ခုလေးပေါ့၊ ဥပမာဆိုပါတော့၊ ကျွန်တော်တို့က လ္ဘက်ရည်ဆိုင်ထိုင်ပြီးတော့ ရ၀တက ဘာညာလို့ပြောမိတာလေးနဲ့ကို…ဟာ… နိုင်ငံရေး မပါနဲ့နော်၊ အဲဒီတော့ တဖြည်းဖြည်းနဲ့ အဲဒီနိုင်ငံရေးမပါနဲ့နော် ဆိုတဲ့စကားက တော်တော်ရွံစရာကောင်းလာတယ်။ ဘယ်လောက်ထိ ဆိုးလာလည်းလို့ဆိုရင် ကိုယ့်အိမ်မှာပြဿနာဖြစ်လာလို့ ပြောတာတောင်မှ နိုင်ငံရေးမပါနဲ့နော်လို့ ကိုယ့်အချင်းချင်းက ပြောရတဲ့ ဘ၀ ရောက်တော့တယ်။

သူတို့ Impact က ဘာဖြစ်လာလည်းလို့ ဆိုရင် တော်တော်ကြီးလာတယ်။ နိုင်ငံရေးဆိုတာက ကြောက်စရာကြီး တစ်ခုဖြစ်အောင်၊ နိုင်ငံရေးဆိုတာ လုပ်ရင်ဘ၀ ပျက်မယ်၊ မိသားစုပျက်မယ်၊ နိုင်ငံရေးဆိုတာသည် မထိရဘူး မကိုင်ရဘူး၊ ကြောက်စရာ အကောင်းဆုံး ရွံစရာအကောင်းဆုံး ဖြစ်အောင် ပုံဖော်လိုက်တာကို ကျွန်တော်တို့လူတွေ အကုန်လုံးခံလိုက်ရတာပဲ။ အနုပညာသည်တွေတင် မကပါဘူး၊ အရပ်ထဲကလူတွေပါ ခံလိုက်ရတယ်။ အခုတော့ ကျွန်တော်ထင်တယ်လေ၊ နည်းနည်းပြန်ပြီးတော့ ပွင့်လာပြီထင်တယ်။

အဲဒီအချိန်တုန်းကတည်းက ကျွန်တော်တို့ကတော့ နိုင်ငံရေးဆိုတာကို ထိနေမှာပဲ၊ ကိုင်နေမှာပဲ၊ လုပ်နေမှာပဲ ဆိုတဲ့စိတ်နဲ့သာ ကျွန်တော်တို့ တောင့်ခံခဲ့ကြရတာ၊ ကျွန်တော်တို့သာ တစ်ကယ်လို့ အဲဒီတုန်းကသာလဲခဲ့ရင် ခုချိန်မှာ ဒီလိုဒီလိုတောင် ပြောနေနိုင်တော့မှာမထင်ဘူး။ ကျွန်တော်ထောင်ထဲမှာ ဖတ်ရပါတယ် လူပြက်တစ်ယောက်ကလည်း ကျွန်တော်တို့က လူပြက်သန့်သန့်လုပ်တာပါ၊ နိုင်ငံရေးမပြောပါဘူးဆိုတာ။ အဲဒါဆိုရင် ဘာဖြစ်လို့အစိုးရပေါ်လစီကား တွေကျ သူတို့ဝင်ရိုက်နေတုန်း၊

ဗမာပြည်မှာ ပထမဦးဆုံးပေါ်လာတဲ့ လူပြက်က ဦးချစ်ဖွယ်ဆိုတဲ့ လူပြက်၊ သူ့ကို ၀ံသာနုကြီးဦးချစ်ဖွယ် လို့တောင်ခေါ်တယ်။ သူပြက်ခဲ့တဲ့ပြက်လုံးတွေက အင်္ဂလိပ်ကိုချည်းဆော်တာပဲ။ ၀ံသာနုကြီးလို့ခေါ်ရတဲ့အကြောင်းရင်းက သူက “နုဝံသာ” ဆိုတဲ့သီချင်းကိုဆိုတယ်ဗျ။ ဒါကြောင့်သူ့ကို ၀ံသာနုကြီး ဦးချစ်ဖွယ်လို့ခေါ်ရတယ်။ မန္တလေးလူရွှင်တော်ကြီး၊ ဘယ်လောက်တောင်ပြောလည်းဆိုရင် “ဟိုတယ်ဆိုင်ကိုမသွားရဘူး၊ ဘီးဟိုက်ဘရန်ဒီ မသောက်ရဘူး၊ ဘီးဟိုက် ဘရန်ဒီ သောက်မဲ့အစား ချက်အရက် ၊ ထန်းရည်ကိုသောက်၊ ဟိုတယ်ဆိုင်ကိုမသွားနဲ့ ပဲနဲ့ထမင်းနဲ့စား၊ စီးကရက်မသောက်နဲ့ ဆေးပေါ့လိပ်ကိုတွယ် ” စသဖြင့်ဒီလိုတွေ ပြောကြတာဟာ အင်္ဂလိပ်ကို သူ့နည်းသူ့ဟန်နဲ့ မရရအောင် ဆန့်ကျင်တာပဲ။ ဒါဟာ နိုင်ငံရေးပဲပေါ့၊

ဒါလောက်ကလေးတောင်မှ တာဝန်မယူချင်တဲ့ အနုပညာသမားတွေ ဘာဖြစ်လို့ဗမာပြည်မှာ ရှိနေတာလဲ အသက်ဘာပြုလို့ရှင်နေကြတာလဲ၊ ကျွန်တော်နားမလည်ဘူးသူတို့ကို၊ အဲဒီကနေ အခုပိုပိုဆိုးလာတာက လူပြက်တွေတင် မကပဲ ရုပ်ရှင်မင်းသား မင်းသမီးတွေရော ဒါရိုက်တာတွေရော ဒီစကားမျိုးပြောလာတော့ ဒါတော့မှားပြီလို့၊ သေချာတာက သူတို့လိုလူတွေက ပြောလိုက်ရင် သူတို့ကို နည်းနည်း အထင်ကြီးနေတဲ့ သူတို့နားပတ်ဝန်းကျင်က ခလေးတွေပါ ဆက်မှားတော့မယ်။

ကျွန်တော်ထောင်ထဲမှာ တုန်းက ဖတ်ရတယ် “ ပြည်သူ့ခေတ်” ထဲမှာပဲလို့ ထင်တယ်။ ရွေးကောက်ပွဲ မတိုင်ခင် အင်တာဗျူးတွေကို ဖတ်လိုက်တော့ ဟာ ဆိုးလိုက်တာလို့ ဒီခလေးတွေ မင်းသားမင်းသမီး အသစ်ကလေးတွေ၊ ဘုမသိဘမသိတွေ လျှောက်ပြော၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရှေ့က ဒါရိုက်တာတွေက ထင်ရာမြင်ရာ လျှောက်ပြောထားတယ်။ မင်းသားကြီးတွေက ထင်ရာမြင်ရာလျှောက် ပြောတော့ ခလေးတွေကလည်း ထင်ရာမြင်ရာ လျှောက်ပြောတယ်။ ခလေးတွေ ဦးနှောက်တွေပါ ကြောင်ကုန်တယ်။ အဲဒီတော့ ကျွန်တော် ဖြစ်စေချင်တာကတော့ ခလေးတွေကို မဖျက်ဆီးကြပါနဲ့၊ ကိုယ်ကြောက်ချင်ရင်တော့ တတ်နိုင်ရင် ကိုယ့်အိမ်ထဲကိုယ်ဝင်ပြီး ခြင်ထောင်ထဲဝင်ကြောက်ကြပါ တိုင်းသိပြည်သိ မကြောက်ကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။

Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.