Tuesday, November 8, 2011

0 " ရပ်ကြပါတော့... "


တဒိုင်းဒိုင်းနဲ့ ပစ်ခတ်နေတဲ့သေနတ်သံတွေ..
တအုန်းအုန်းနဲ့ ပေါက်ကွဲနေတဲ့ဗုံးဆံတွေ...
တရှိန်ရှိန်နဲ့ တောက်လောင်နေတဲ့စစ်မီးတွေ...
ရပ်ကြပါတော့..။


စည်းကမ်းဖောက်လို့ ပျောက်ခဲ့တဲ့ထီနန်း
အလွယ်တကူ ပြန်ရခဲ့တာမဟုတ်
ဗိုလ်ချုပ်တို့အားထုတ်မှုနဲ့ လွတ်လပ်ရေး
သွေးချွေးတွေနဲ့စတေးပြီး ယူထားရတာ
အားလည်းနာကြပါဦး....။


ပင်လုံညီလာခံမှာသန္ဓစု
အခြေပြုခဲ့တဲ့ လွတ်လပ်ရေးမှာ
တောင်တန်းပြည်မ
ညီမျှရမယ်ဆိုတဲ့ ပဋ္ဋိညဉ်
ပါရှိပြီးသားဆိုတာ
မေ့ထားကြတာလား...
ဒါမှမဟုတ် အာဏာရစ်မူး
ရူးသွားကြတာလား...


ငြိမ်းချမ်းရေးဆိုတဲ့စကား
အများနားဝင်ချိုအောင်
ပြောရုံသက်သက်မဟုတ်
အလုပ်နဲ့ပါသက်သေပြမှ
ယုံကြည်ရလိမ့်မယ်..။

ကျနော်တို့လည်း ချစ်ပါတယ်
ငြိမ်းချမ်းရေးကို လိုချင်ပါတယ်
တိုးတက်မှုကို ရှေးရှုပါတယ်
ကောင်းစားတာကို မြင်ချင်ပါတယ်ဆိုတဲ့
ပျားရည်လူးထား စကားလုံးတွေ
ကြားကြားနေရတာ
နားဝမှာခါးလှပြီ..။

ကျနော်တို့ကြားချင်တာ
စကားသံမဟုတ်...
ကျနော်တို့မြင်ချင်တာ
သတင်းစာ ရှင်းလင်းပွဲတွေမဟုတ်...

ကျနော်တို့မျှော်လင့်တာ
စစ်ခရာမှုတ်သံတွေမဟုတ်..

နေ၀င်ချိန်နီး သက်ကြီးရွယ်အိုတို့
ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့...

စာသင်အရွယ် ကျောင်းသားသူငယ်တွေ
စာသင်ကျောင်းသို့ ပြန်ရောက်စေဖို့...

အရွယ်မမယ် ခလေးသူငယ်များ
မိတကွဲဖတကွဲ မဖြစ်စေဖို့...

တဒိုင်းဒိုင်းနဲ့ ပစ်ခတ်နေတဲ့သေနတ်သံတွေ...
တအုန်းအုန်းနဲ့ ပေါက်ကွဲနေတဲ့ဗုံးဆံတွေ...
တရှိန်ရှိန်နဲ့ တောက်လောင်နေတဲ့စစ်မီးတွေ..
ရပ်ကြပါတော့..။

တိုင်းရင်းသားသွေးချင်းများအပေါ် ဆင်နွဲနေသော စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးပါ..။

အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.