Saturday, November 12, 2011

0 အလှအပခံစားတတ်တဲ့ ကိုပေါ် (မောင်ဝံသ)

ဒီနေ့ ၁၂ နိုဝင်ဘာ ၂၀၁၁ စနေနေ့။ ၁၂ ၁၁ ၁၁။

မနေ့ညက အလဲဗင်းမီဒီယာအုပ်စုက ကမကထပြုကျင်းပတဲ့ ၁ ခြောက်လုံးပွဲ၊ ကျွန်တော့်အခေါ် ၁၁ သုံးလုံး ဂုဏ်ပြုပွဲက အပြန် ကျွန်တော့်မှာ အတွေးရေလျဉ်ကြော မျောလို့ မဆုံးနိုင် ဖြစ်ခဲ့ရပါတယ်။

တွေးမိသလောက် ရေးချရရင်လဲ အခန်းဆက် ၀တ္ထုရှည်ကြီးတစ်ပုဒ်လောက် ရေးစရာတွေရှိတယ်။ သို့သော် ကျွန်တော့်မှာ လတ်တလော ရေးရမယ့်တာဝန်တွေက တစ်ပတ်ပြီးတစ်ပတ် ဖိစီးနေလေတော့ အတိတ် အကြောင်း ချင်းရာတွေကို ခဏ ရွှေ့ဆိုင်းထားရပါတယ်။

သို့ပေမယ့် ၁ ခြောက်လုံးပွဲမှာ မင်းကိုနိုင်ရဲ့ မိခင် ဒေါ်လှကြည်နဲ့ အစ်မဖြစ်သူကို ပြန်ဆုံမိပြီး ခဏ တဖြုတ် စကားပြောဖြစ်ခဲ့တဲ့နောက် ကျွန်တော်တို့က ကိုပေါ်လို့ ခေါ်တဲ့ မင်းကိုနိုင်အကြောင်း သတိရ စရာလေးတွေ တွေးနေမိတယ်။ ကိုပေါ်ပြန်ထွက်လာရင် မိန်းမပေးစားဖို့ NLD ဦးဝင်းထိန်က တိုက်တွန်းတော့ အစ်မကြီး ဒေါ်လှကြည်က ပြုံးနေတယ်။ ကျွန်တော်က ကိုပေါ်မှာ ရည်ရွယ်ထားသူရှိပြီလား မေးပေမယ့် ဘေးပတ်ဝန်းကျင်က အသံဗလံတွေနဲ့မို့ မကြားတာလားမသိ၊ ပြန်မဖြေကြဘူး။

ကျွန်တော်က ၁၉၈၉ တုန်းက အထူးတိုက်မှာ ကိုပေါ်က ကျွန်တော့်ကို ပြောပြဖူးတဲ့ အတွေ့အကြုံလေးကို ပြန်ပြောပြတယ်။ အရင်ကလဲ ပြောပြဖူးတယ်။ အခု ထပ်ပြောတော့လဲ ရယ်ရတာပါပဲ။ ကျွန်တော်က ဘေးအခန်းကို လှမ်းအော်မေးတယ်။ ကိုပေါ်ရေ- မင်းရည်းစားတွေဘာတွေရှိလား၊ ရှိရင် romance ဇာတ်လမ်းလေးတွေ ပြောစမ်းကွာ ဆိုတော့ ရှိတာပေါ့ဆရာရယ် ဆိုပြီး သူစဉ်းစားထားတဲ့ ၀တ္ထုဇာတ်လမ်း တွေ လျှောက်ပြောတယ်။ ကျွန်တော်က ဒါလောက်တော့ ပါးတာပေါ့။ မင်းစိတ်ကူးယဉ်ဇာတ်တွေ ပြောမနေနဲ့၊ တကယ့်ကိုယ်တွေ့ပြောကွာဆိုတော့ သူဟာ ရည်းစားတောင်မထားဖူးတဲ့အကြောင်း၊ ဒါပေမယ့် အမေတို့က မိန်းမပေးစားဖို့ မုဒုံကို ခေါ်သွားဖူးကြောင်း စီကာပတ်ကုံးပြောပြတယ်။ ရန်ကုန် သင်္ကန်းကျွန်းအိမ်ကနေ မော်လမြှိုင်ကို ရထားနဲ့သွား၊ အဲဒီကနေ မုဒုံကို ကားနဲ့သွား၊ သူနဲ့ပေးစားဖို့ စပ်ဟပ်ထားတဲ့ မိန်းကလေးအိမ်ကိုရောက်၊ လူချင်းရင်းနှီးအောင် စကားတွေဘာတွေ ပြောကြပြီး နောက်တစ်နေ့မှာ ကောင်မလေးက သူ့ချစ်သူနောက် ခိုးရာလိုက်သွားလို့ သူတို့သားအမိ ခေါင်းငိုက် ဆိုက်ချပြီး ရန်ကုန်ပြန်လာရတယ်လို့ ပြောတယ်။ ယုတ္တိယုတ္တာနဲ့ အပြောကောင်းကောင်းနဲ့ ပြောတော့ ကျွန်တော်ကလဲ ယုံတာပေါ့။ စိတ်မကောင်းလဲ ဖြစ်မိတယ်။

နောက်တစ်ခါ သူတို့ရပ်ကွက်နားက နွားနို့ရောင်းတဲ့ကုလားကြီးတစ်ယောက်ရဲ့သမီး အသက် ၁၈ နှစ်လောက် ဟင်ဒူကုလားမလေးနွားနို့လိုက်ပို့တဲ့ မြင်ကွင်းကို ပြောပြတယ်။ ညနေ ဆည်းဆာအချိန် နေရောင်ကဘယ်လိုရှိချိန်မှာ ဆာရီမီးခိုးပြာလေးနဲ့ ကုလားမလေး နွားနို့ပုံးကို ခေါင်းပေါ်ရွက်ပြီး လမ်းလျှောက်လာရင် ကိုပေါ်က လက်ဖက်ရည်ဆိုင်က ထိုင်ငေးနေတတ်တယ်ဆိုကိုး။ ကုလားမလေးရဲ့ နို့နှစ်ရောင်ဖြူဝင်းနေတဲ့ အသားအရည်အလှကို ဖွဲ့နွဲ့ပြောပြသေးတယ်။

လမ်းလျှောက်လာတဲ့ ကုလားမလေးကို ကြည့်ရတာ ရေလှိုင်းလေးတွေ စည်းချက်ကျကျ လှုပ်ခါပြီး ပြေးလာသလိုပဲဆိုတဲ့ တင်စားချက်လေးတွေလဲ ထည့်ပြောတတ်တယ်။ ကျွန်တော်က ကိုပေါ် အဲဒီကုလားမလေးကို မင်း ကြိုက်နေတာလားဆိုတော့ မဟုတ်ပါဘူးတဲ့။ အလှအပကိုခံစားခဲ့တာပါလို့ ပြောတယ်။

၁၉၉၀ မေလ ရွေးကောက်ပွဲ မတိုင်ခင် တစ်လအလိုမှာ ကျွန်တော့်ကို ပြန်လွှတ်တယ်။ ရွေးကောက်ပွဲဝင်ဖို့ ပုံစံတွေကို အဖွဲ့ချုပ်က ထောင်ထဲကိုပို့ပေးတယ်။ ကျွန်တော်က ၀င်မယ်ဆိုပြီး လက်မှတ်ထိုးပေးလိုက်တော့ လမ်းနှစ်လမ်းပဲ ရှိတယ်။ ၁၀(က)နဲ့ ထားနေရာက ထောင်ချချင်ချမယ်၊ လွှတ်ပေးရင် ပေးမယ်။ နောက်ဆုံးတော့ ပြန်လွှတ်ပေးလို့ ရွေးကောက်ပွဲဝင်နိုင်ခဲ့တယ်။

ကျွန်တော် ရွေးကောက်ပွဲမတိုင်မီလွတ်နိုင်တယ်လို့ မှန်းလို့ရတဲ့အချိန်ကစပြီး ကိုပေါ်က သူ့အဖေ အမေနဲ့အစ်မတွေကို မှာစရာရှိတာတွေ မှာတယ်။

၁၉၉၀ ဧပြီ ၂၉ မှာ ကျွန်တော် လွတ်တော့ အမြန်ဆုံးဆက်သွယ်ပြီး ကိုပေါ့်မိသားစုနဲ့တွေ့တယ်။ ကိုပေါ့်မိခင်ကြီး ဒေါ်လှကြည်ဟာ အဲဒီကတည်းက ယောဂီလုံချည်ပဲဝတ်တယ်။ သားပြန်မလွတ်မချင်း မြန်မာပြည် ဒီမိုကရေစီနိုင်ငံမဖြစ်မချင်း ယောဂီဝတ်နဲ့ပဲနေမယ်လို့ သနိဋ္ဌာန်ချထားတာလို့ ပြောပါတယ်။ (၁ ခြောက်လုံး ညမှာ ပြန်ဆုံတော့လဲ ဒေါ်လှကြည်ကို ယောဂီလုံချည်နဲ့ပဲတွေ့ရပါတယ်။)

ကိုပေါ့်မိသားစုနဲ့ ကျွန်တော်ခင်ခင်မင်မင် စကားတွေပြောကြရင်း ကိုပေါ်ရဲ့ ချစ်ရေးချစ်ရာပုံပြင်တွေကို သူပြောတဲ့အတိုင်း ပြောပြတော့ သူတို့တွေ ရယ်လိုက်ကြတာ။ အဲဒါတွေ တစ်ခုမှ မဟုတ်ဘူးတဲ့။ မုဒုံကကောင်မလေးဆိုတာလဲ ဘယ်ကလာ ကြံကြံဖန်ဖန်တဲ့။ သူတို့ရပ်ကွက်ထဲ နွားနို့ပို့တဲ့ကောင်မလေးလဲ မရှိပါဘူးတဲ့၊ နှုတ်ခမ်းမွေးကားကားနဲ့ ဟင်ဒူကုလားတွေပဲ ရှိတယ်တဲ့။ ကျွန်တော်လဲ ရယ်လိုက်ရတာပဲပေါ့။ တကယ်ကတော့ ကိုပေါ်ဟာ ကျွန်တော့်ကို ခုတုံးလုပ်ပြီး သူ့အနုပညာဈာန်ကို ကွန့်မြူးနေတာ။ ၀တ္ထုရေးဖို့ စိတ်ကူးတွေကို သူ့ဇာတ်ကြောင်းသဖွယ် ကျွန်တော့်ကို ပြောပြောပြီး လေ့ကျင့်နေတာကိုး။

ကျွန်တော် အပြင်မှာ ၆လပဲနေလိုက်ရပါတယ်။ ၁၉၉၀ အောက်တိုဘာမှာ ပြန်ဖမ်း၊ စစ်ကြောရေးတွေ ပြီးတော့ အင်းစိန်ထောင်ပို့၊ ဟိုရောက်ဒီရောက်နဲ့ နောက်ဆုံး အထူးတိုက်ထဲပြန်ရောက်၊ ကိုပေါ့်ဘေးအခန်း ကို ပြန်ရောက်သွားပါလေရော။ ဦးဝင်းထိန်က ၁ခန်း၊ ကျွန်တော်က ၂ ခန်း၊ ကိုပေါ်က ၃ခန်း။ ကျွန်တော်ပြန်လာပြီဆိုတာလဲ ကြားရော၊ ၁၀ခန်းရှိတဲ့ အထူးတိုက်တစ်တိုက်လုံး ၀က်ဝက်ကွဲအောင် ရယ်လိုက်ကြတာ၊ ဟားလိုက်ကြတာ။ တစ်ခန်းနဲ့တစ်ခန်း စကားလက်ဆင့်ကမ်းပြီး ပြောကြတာက ``ဝေါ အမတ်ကြီးကို အင်းစိန်ထောင် အထူးတိုက်က ကြိုဆိုပါ၏´´

ကြိုဆိုပွဲပြီးပြီးချင်း ကျွန်တော်က ကိုပေါ်ကို လှမ်းပြောတယ်။ ဟေ့ ကိုပေါ် မင်း နွားနို့သည်ကုလားမလေးနဲ့ ငါတွေ့ခဲ့တယ်။ နေကောင်းပါတယ်ကွာ၊ မင်းလွတ်လာသည်အထိ စောင့်ပါမယ်လို့ မှာလိုက်တယ်လို့ ပြောလိုက်တော့ ကိုပေါ် အော်အော်ပြီးရယ်လိုက်တာများ၊ တော်တော်နဲ့ မရပ်နိုင်ဘူး။

မောင်ဝံသ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.