Sunday, November 6, 2011

0 မိုးယံသို့ထိုးဖောက်

မိုးယံသို့ထိုးဖောက်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒဿမ အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးအား ၅.၁၁.၂၀၁၁ (စနေနေ့)တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ၄.၁၁.၂၀၁၁ (သောကြာ) နေ့ ညနေ (၆း၀၀) နာရီအချိန်မှစ၍ မြောက်ဒဂုံမြို့နယ် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ခြံဝန်း အတွင်း နိုင်ငံကျော်ရွာစားကြီး စိန်မြစိုးဆိုင်းအဖွဲ့နှင့်အတူ ဟာသအနုပညာရှင်များဖြစ်သော ထက်ထက် တို့အဖွဲ့၊ ချစ်စရာတို့အဖွဲ့၊ ကျော်ထူး၊ မန်းဝင်းတို့အဖွဲ့တို့မှ လာရောက်၍ ဧည့်ခံဖျော်ဖြေခဲ့ရာ အသင်းသူ/သား များ၊ ၀န်ထမ်းများ၊ ရပ်ကွက်မြို့မိမြို့ဖများက စည်ကားသိုက်မြိုက်စွာ လာရောက်အားပေးကြည့်ရှုကြသည်။ ၅.၁၁.၂၀၁၁ နံနက် (၃း၀၀) နာရီအချိန်၌ ဖျော်ဖြေမှုကို အဆုံးသတ်ခဲ့သည်။

နံနက် (၇း၀၀) နာရီ အချိန်တွင် ပဒေသာပင်များအား မော်တော်ယာဉ် (၃၄) စီးဖြင့် ရန်ကုန်မြို့ တွင်းရှိ ဆူးလေစေတီတော်မြတ်နှင့် ရွှေတိဂုံစေတီတော်မြတ်တို့အား လှည့်လည်ပူဇော် ခဲ့ကြသည်။ ယင်းနောက် နံနက် (၁၀း၀၀) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိ လာကြပြီး ကထိန်ညှပ်သင်္ကန်းနှင့် ပဒေသာပင်များအား လှူဒါန်းပူဇော်ဆပ်ကက်ရန်အတွက် ၀ဋ်ကြွေး တော်ပြေဆရာတော်ကြီးနှင့်တကွ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြ၀ါဒစရိယ ဆရာတော်ကြီးများ ဖြစ်ကြသော တွံတေးဆရာတော် ဘဒ္ဒန္တဣန္ဒကနှင့် ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသောမစာရ၊ မဟာဂန္ဓာ ရုံဆရာတော် ဘဒ္ဒန္တဉာဏိဿရ အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေပွဲကိုလည်း ကျင်းပခဲ့သည်။ ရွှေပေါက်ပင်ဆရာတော်နှင့် မဟာဂန္ဓရုံဆရာတော်ကြီးတို့သည် ခရီးလွန်နေ၍ ကြွရောက်လာခြင်း မရှိခဲ့ချေ။

ယင်းစုပေါင်းမဟာဘုံကထိန်ပွဲသည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများ၏ စည်းလုံးညီညွတ်မှုအား ဖော်ကျူးခဲ့သည့် ကောင်းမှုကုသိုလ်ပွဲတစ်ပွဲ ဖြစ်တော့သည်။ နေ့စဉ် နှင့်အမျှ အပူမီးများ ဆက်ကူးခြင်းခံနေရသော နာရေးအပူမီး၊ ကျန်းမာရေးအပူမီးတို့ကို ထိတွေ့နေရသော အသင်းသူ/သားများ၊ ၀န်ထမ်းများ၏ စိတ်ထွက်ပေါက်ဖြစ်သော ပျော်ရွှင်ဖွယ်ရာ စုပေါင်းမဟာဘုံကထိန် ကုသိုလ်ပွဲတော်မြတ်ကြီးသည် တစ်နှစ်ပါတ်လုံးတွင် တစ်ကြိမ်သာ ကျင်းပခွင့် ကြုံကြိုက်ထူးခြားသော ကုသိုလ်ရေးပွဲတော်လည်း ဖြစ်ပေသည်။ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးတွင် တီးခတ်ဖျော်ဖြေကြသော ရှမ်းအိုးစည်သံ၊ ပတ်မနှင့် ဗျောသံတို့သည် အောင်ပွဲခံ ပဲ့တင်သံအဖြစ် မိုးယံထက်သို့ ထိုးဖောက်သွားတော့ သည်။

မိမိတို့ပြုသမျှ ကုသိုလ်ကောင်းမှုအစုစုနှင့် (၇)ရက်သားသမီး အလှူရှင်တို့၏ လှူဒါန်းမှုအစုစု တို့အား မြင်အပ်မမြင်အပ်သော ပုဂ္ဂိုလ်သတ္တ၀ါအပေါင်း၊ ကျေးဇူးရှင် မိခင်ဖခင် ဆွေမျိုးညာတကာအပေါင်း၊ ခင်ပွန်းကြီးဆယ်ပါးအပေါင်းနှင့် မကျွတ်မလွတ်ကြသေးသော သတ္တ၀ါအပေါင်းတို့အား အမျှ … အမျှ … အမျှ ပေးဝေလိုက်ပါတော့သည်။

ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.