Monday, November 7, 2011

0 ၂၀၁၀ အခါလည်

ဘာကြာလိုက်သတုန်း...။ ဘာလိုလိုနဲ့  ၂၀၁၀ ရွေးကောက်ပွဲ ပြီးခဲ့တာ (၁)နှစ်ရှိပြီ။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ၊ မဲရုံတွေဘက် ခြေဦးမလှည့်နဲ့ ၊ ၂၀၀၈ ဖွဲ့ စည်းပုံကြောင့်
ပေါ်ပေါက်လာတဲ့ တရားမျှတမှုကင်းမဲ့တဲ့ နအဖ ရွေးကောက်ပွဲ၊ အလိမ်အညာမဲပေးပွဲ၊ စစ်ကျွန်စနစ် အုတ်မြစ်ချမယ့်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲသမားတွေဟာ ဒီမိုကရေစီရေးကို သစ္စာဖောက်သူတွေ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရွေးကောက်ပွဲကို No.. တစ်လုံးနဲ့  အံတင်းတင်းကြိတ် ပရိသတ်များစွာထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပါတယ်။

နိုဝင်ဘာ (၇)ရက်၊ ရွေးကောက်ပွဲနေ့  ဆိုက်ဆိုက်မြိုက်မြိုက်ရောက်မလာခင်ထဲက ရပ်ကွက်ရုံးမဲ
စာရင်းမှာ ကျွန်တော့်နာမည် ပါ မပါ သွားကြည့်ခဲ့သလို ဘယ်ပါတီတွေဘယ်သူတွေ အမတ်လောင်းအဖြစ်
ဝင်ရွေးခံကြသလဲဆိုတာ စေ့စေ့စပ်စပ်လေ့လာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လက်မခံပေမယ့် ရွေးကောက်
ပွဲနဲ့ ပက်သက်တဲ့ ဘက်နှစ်ဘက်စလုံးက အကြောင်းခြင်းရာတွေကို မျက်ခြေပြတ်မခံခဲ့ပါဘူး။ ပညာတတ်ကို
ကဲ့ရဲ့ ဝေဖန်ချင်သူတစ်ယောက်အနေနဲ့  အနည်းဆုံး (၁၀)တန်းတော့ အောင်ထားဖို့ ကောင်းသလိုဘဲ ၂၀၁၀
ရွေးကောက်ပွဲကို မတရားဘူးလို့  ပြောဖို့ ရာ ရွေးကောက်ပွဲနဲ့ ဆက်စပ်သမျှ ဖြစ်စဉ်အစုစုကို လေ့လာပြီး
တတ်နိုင်သ၍ မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ သူများလက်ညှိုးထောင်ရင် လိုက်ထောင်လို့ မဖြစ်နိုင်ပါဘူး။
၂၀၁၀ ရွေးကောက်ပွဲကို ရင်ထဲကကို ခံစားလို့ မရတာပါ။

မဲရုံကိုသွားကြစို့  လို့ ညာသံပေးတဲ့နေ့ လည်းရောက်ရော ကျွန်တော်တစ်ယောက် အထက (၃)
စမ်းချောင်းမှာရှိတဲ့ မဲရုံဆီသို့  ရောက်ခဲ့ရပါတယ်။ သူငယ်ချင်းနဲ့ ဝင်းစတားဆိုင်မှာ ဘီယာနည်းနည်းမော့ပြီး
ညနေ ၄း ၀၀ နာရီကျော်မှ မဲပေးရမယ့်မဲရုံဆီ ချီတက်ခဲ့ပါတယ်။ ကျွန်တော်ရောက်တဲ့ညနေအထိ မဲလာပေးတဲ့သူတချို့ ကိုတွေ့ ရပါတယ်။ မဲရုံအမှုထမ်းအများစုနဲ့  ပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်အချို့ ဟာ ကျွန်တော်နဲ့ မျက်မှန်းတန်းမိသူတွေများပါတယ်။ လူက အရှိန်နဲ့ မို့ ခြေသွက်လက်သွက်ရှိပေမယ့် နဂိုဆုံးဖြတ်ချက်အတိုင်း တည့်တည့်မှန်မှန်လုပ်နိုင်ခဲ့တာအတွက် မိမိကိုယ်ကိုယ် ကျေနပ်အားရမိပါတယ်။

တိုင်းဒေသကြီးအတွက်တစ်ခါ၊ ပြည်သူ့ လွှတ်တော်အတွက်တစ်ခါ၊ အမျိုးသားလွှတ်တော်အတွက်တစ်ခါ
အားလုံးပေါင်း သုံးကြိမ်သုံးခါ မဲပုံးထဲ မဲလက်မှတ်ထည့်ရပါတယ်။ ကိုယ့်မဲလက်မှတ်စာရွက်အပိုင်းလေးမှာပါတဲ့ အမတ်လောင်းလျာနာမည်၊ ကိုယ်စားပြုပါတီနာမည်နဲ့  ပါတီအမှတ်တံဆိပ်တို့ ရဲ့ ဘေးအကွက်ထဲ ကြိုက်နှစ်သက်တဲ့ဟာကို အမှန်ခြစ်လေး ခြစ်လိုက်ရုံပါဘဲ။ ကျွန်တော်ကလည်း ကျွန်တော့်မစ်ရှင်နဲ့ကျွန်တော် လာခဲ့သူ ဆိုတော့မစ်ရှင်ကို ရအောင်အကောင်အထည်ဖော်ရပါတော့တယ်။

မဲရုံကို မသွားကြနဲ့ လို့  နှိုးဆော်ပေမယ့် ကျွန်တော် လိုက်မလုပ်ပါဘူး။ မဲမထည့်ဖို့  အော်ကြပေမယ့်
ကျွန်တော် မနာခံပါဘူး။ ကိုယ့်အထာနဲ့ ကိုယ်၊ ကိုယ့်သမ္ဘာနဲ့ ကိုယ်ပေါ့လေ။ တိုင်းဒေသကြီးအတွက် ရွေးချယ်ပေးရမယ့်ပါတီနှစ်ခုစလုံးကို ကျွန်တော်ကြက်ခြေခတ်ပါတယ်။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက်ထို့ အတူပါဘဲ။ ဒါပေမယ့်..ပြိုင်တဲ့နိုင်ငံရေးပါတီက လေးငါးခုလောက်ရှိတော့ ကျွန်တော် တူးတူးခါးခါးမကြိုက်ဆုံးပါတီနှစ်ခုကိုဘဲ ကြက်ခြေခတ်လိုက်ပါတယ်။ စာရွက်တစ်ရွက်ကို ကြက်ခြေခတ်ပြီးတိုင်း အသင့်ပါလာတဲ့မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပါတယ်။ ခွင့်ပြု မပြု ကျွန်တော်မသိပါဘူး။ ခိုးရိုက်တယ်လို့ ပြောမရသလို၊ပြောင်ရိုက်တယ်လို့ လည်း မဆိုနိုင်ပါဘူး။ အကယ်၍ မဲရုံတာဝန်ရှိသူက လာတားမြစ်ခဲ့ရင် ပြန်မေးမယ့်မေးခွန်းတွေကျွန်တော့်ခေါင်းထဲ တန်းစီ ပြွတ်သိပ်နဲ့ ရယ်ဒီပါဘဲ။ ပြဿနာအထွေအထူးမဖြစ်ဘဲ မဲပေးခန်းထဲက ပြန်အထွက်ရေဒီယိုမီဒီယာတစ်ခုက မဲးထည့်တဲ့ ကိစ္စမေးမြန်းဖို့  ဖုန်းဝင်လာလို့  အဲဒီ့မဲပေးခန်းလေးအပြင်ဘက်ကဘဲ ပြန်လှန်ဖြေကြားသမှု ပြုခဲ့ရပါ သေး တယ်။ မဲရုံဝန်ထမ်းတို့ ၊မဲရုံလုံခြုံရေးတို့  ကျွန်တော့်ကို လှမ်းကြည့်နေကြပေမယ့်စောင့်ကြည့်အဆင့်နဲ့ ပြီးခဲ့ရပါတယ်။ အထက (၃) ထဲက ပြန်ထွက်ခဲ့ပြီး သူငယ်ချင်းနဲ့ ဆက်ဝိုင်းလိုက် ပါသေးတယ်။ရိုက်ခဲ့တဲ့ပုံတွေ ကြည့်ခိုင်းလိုက်တယ်။

သူငယ်ချင်းက ရှင်းပြရှာတယ်။ မင်းလုပ်ခဲ့တာ မဲပေးတာမှ မဟုတ်ဘဲ.. အင်း နေဦး၊ မဲမပေးတာလည်း
မဟုတ်ပြန်ဘူး။ ပေးတော့ပေးတယ်.. မပေးဘူး.. ဒါလည်း မမှန်သေးဘူး။ နဂိုကတည်းက ကောင်းပြီး လည်နေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပိုလည်ပိုကောင်းသွားပုံရပါတယ်။ ကဲပါကွာ.. ဒါတွေထား၊ ချကွာ.. ဆက်ချ ဆိုပြီးချီးယားလုပ်တော့ သူက မချီးယားဘဲ ခုန ပုစ္ဆာကို မကြေလည်သေးတဲ့ပုံစံနဲ့  ဒါဆို.. မင်းဟာက ပယ်မဲကြီးပေါ့လို့ ဇွတ်ရစ်ပြန်တယ်။ ကျွန်တော် ခေါင်းညိမ့်အဖြေပေးတဲ့အခါ ငတိက လက်ခုတ်လက်ဝါးတီးပြီး မင်းတော်တယ်.. ဒါပေမယ့်..မင်းရှော်တယ်လို့  တိုင်ပတ်ပြန်ရော။ သူပြောတာက ပယ်မဲဖြစ်မယ့်အတူတူ မဲရုံသွားမနေပါနဲ့ လား၊ပိုတောင်ဂုဏ်ရှိတာပေါ့၊ မင်းလို ၂၀၁၀ ဆန့် ကျင်ရေးသမား တစ်ယောက် မဲရုံထဲ ခပ်ကုပ်ကုပ် ၀င်သွားတာမြင်ကြရင် ဓာတ်ပုံတွေဗီဒီယိုတွေနဲ့  မှတ်တမ်းတင်ထားပြီး ၀ိုင်းဆော်ရင် မင်းကွဲပြီ..စသဖြင့် အာလေးလျှာလေးနဲ့ တော်ကီတွေ လွှတ်ပစ်နေပါရဲ့ ။ ဂျပန်မူလီတောင် အရှုံးပေးရမယ့် အရစ်ကျဲအရစ်ကြီး။

သူ့ စကားသူ့ ဘာသာရပ်တော့မှ ငါ မဲရုံမသွားရင် ငါ့မဲကို မသမာသူလူရမ်းကားကြီးတွေက အပျိုရည် ဖျက်မှ ဖြင့်ကွာ..ဆိုတဲ့ စကားတစ်ခွန်းနဲ့  ပြန်ချေပလိုက်တော့ သူငယ်ချင်းကဘေးဝိုင်းတွေ လှည့်ကြည့်မိအောင်ခုံကိုလက်ဝါးနဲ့ ဖြန်းခနဲပုတ်ပြီး အော်ကြီးဟစ်ကျယ် ဟားတိုက်ရယ်တယ်။ ရယ်လို့ အ၀ရပ်တော့ သူဘာပြောတယ်မှတ်လဲ...။

“မင်း ငတုံး.. နိုင်ငံရေးသမားငတုံး..မင်းကြိုက်တာလုပ်.. ဦးသန်းရွှေပါတီဘဲနိုင်ရမယ်။ ဒီဝိုင်းကို ရှင်းကြေး..”တဲ့ဗျာ။

အောင်မျိုးထွန်း
၇- ၁၁- ၂၀၁၁

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.