မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံက အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ Legend Of Honor ဆု ချီးမြှင့်တဲ့ပွဲ အခမ်းနားကိုလည်း မနေ့ညနေက ရန်ကုန်မှာရှိတဲ့ ပြင်သစ်သံအမတ်ကြီးရဲ့ နေအိမ်ခြံဝင်းမှာ ကျင်းပခဲ့ကြပါတယ်။
Photo Gettyimages.Twitter
Monday, January 16, 2012
0 မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် နိုင်ငံရဲ့ Legion of Honor အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် (ဓာတ်ပုံ)
0 မင်းကိုနိုင် (သို့) ဒီမိုကရေစီ သူရဲကောင်း။ [သွန်းနေစိုး]
မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့တွေ အရမ်းလေးစားကြသလဲ?
မင်းကိုနိုင်ကို ဘာကြောင့် ကျောင်းသားထုရဲ့ အမြဲတမ်းခေါင်းဆောင်အဖြစ် သတ်မှတ်သဘောထားနေ ကြသလဲ?
မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့ အရမ်းလွတ်စေချင်ခဲ့ကြသလဲ?
ဒီလိုတွေ မေးလာခဲ့ရင် အရင်က တော်တော်ဖြေရလိမ့်မည် ဖြစ်ပါသည်။
ယခုတော့ အပြတ်အသား ရင်ကော့ခေါင်းမော့ကာ ပြန်ပြောနိုင်ပေပြီ။
လွတ်လွတ်ချင်းမှာ သူဘာလုပ်သလဲ ကြည့်ပါဟုသာ တစ်ခွန်းတည်းပြောပါတော့မည်။
ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်၏။
ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးကို ပါးနပ်လိမ္မာစွာ နိုင်ငံရေးနည်းလမ်းကျကျ ပြုလုပ်ရတော့မည်ဖြစ်၏။
မင်းကိုနိုင်သည်ကား နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင် နေထိုင်ခဲ့ရပါလျက်
ယနေ့ခေတ်လုပ်ထုံးလုပ်နည်းနှင့် အညီ ရင်ဘောင်တန်းနိုင်ရုံသာမက ရှေ့က ပြေးနေသည်ကို အားကျ အတုယူစဖွယ်မြင်တွေ့လိုက်ရပါသည်။
တကယ်တော့ နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင် နေထိုင်ခဲ့ရသူမို့ သူ့ခမျာ ပင်ပန်းနွမ်းလျ ရှာပေမည်။
သို့သော် သူကား လွတ်လွတ်ချင်း အနားယူဖို့မစဉ်းစား။
လမ်းတလျောက် ဘုရားများ ၀င်ဖူး၏။ ဗုဒ္ဓဘာသာ ပီသလိုက်ပါဘိချင်း။
ပြီးတော့ လမ်းတလျာက် ပြည်သူလူထုအား တန်ဘိုးရှိသော စကားများဖြင့် လမ်းညွှန်ခေါင်းဆောင်မှု ပေးခဲ့ချေသေး၏။
ကျနော်သာ သူ့နေရာမှာဆိုလျှင် ခုမှ ထောင်ကလွတ်တာ မိသားစုနဲ့တွေ့ဖို့ အချိန်ပေးမိမည်။
အိမ်ကို မြန်မြန်ပြန်ဖို့ အရင်ဆုံးစဉ်းစားမိမည်ထင်၏။
လက်ရှိဖြစ်ပေါ်တိုးတက်နေသော နိုင်ငံရေးအခြေအနေကို လေ့လာဖို့ အချိန် နည်းနည်းလေးတော့ ယူပေဦးမည်။
သို့သော် မင်းကိုနိုင်ကား ထိုသို့မဟုတ်။
သူသည် အချိန်နေရာမရွေးပဲ သူလုပ်ရမည့်လမ်းစဉ်ကို အပြတ်အသားချမှတ်ထားနိုင်သူသာ ဖြစ်ပါသည်။
ထို့ကြောင့် မင်းကိုနိုင်ဆိုသည်မှာ ဘယ်နေရာမှာ ဘယ်လိုပင် ပိတ်လှောင်ထားသည်ဖြစ်စေ
အလင်းကို တွေ့ရှိခံစားနိုင်စွမ်းသူဖြစ်သည်ဟု ကျနော်နားလည်လိုက်မိပါသည်။
ထောင်မှ လွတ်လာလာချင်းမှာပင် ...
တွေဝေ တုန့်ဆိုင်းခြင်းမရှိသော သူ့အပြုံးများ၊
လေးနက်ပြတ်သားသော သူ့စကားသံများ၊
မားမတ် ဖြောင့်ဖြူးသော သူ့ခြေလှမ်းများအားကြည့်ကာ
ကျနော့်ရင်ထဲ စကားတစ်လုံးပေါ်လာလေ၏။
ခေါင်းဆောင်။
သူသည်ကား ကျနော်တို့အတွက် အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင်ပင်ဖြစ်ပေတော့သည်။
ယခုခေတ်တွင် အတွင်ကျယ်ဆုံးမှာ မီဒီယာများဖြစ်ပေလိမ့်မည်။
သို့သော် မင်းကိုနိုင်ကား လွတ်လာလာချင်းတွင် မီဒီယာပေါ်မှတစ်ဆင့် ထိတွေ့မှုများပြုဖို့ထက်
တကယ့် ပြည်သူကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခဲ့သူ ခေါင်းဆောင်မှုပေးခဲ့သူဖြစ်ပါသည်။
သူ့အတွက် မိသားစု သံယောဇဉ်သည် အဓိက မဟုတ်။
ကိုယ်ခန္ဓာ နွမ်းလျ ပင်ပန်းမှုသည် အဓိက မဟုတ်။
ထင်ပေါ်ကျော်ကြားမှုသည် အဓိကမဟုတ်။
လမ်းပေါ်က လက်လုပ်လက်စားပြည်သူအများစုသာ အဓိကဖြစ်ပါသည်။
ထို့ကြောင့် မင်းကိုနိုင်ကို ပြည်သူတွေက မေတ္တာရောင်ပြန်ဟပ်ကာ မြတ်နိုးကြခြင်း ဖြစ်ပေလိမ့်မည်။
ဒီကမ္ဘာမြေပြင်ပေါ်ရှိ သက်ရှိလူသားများထဲတွင် `သတ္တိ´ဆိုသောအခြင်းအရာအတွက် ပြယုဂ်မည်သူနည်းဟု
ကျနော့်အား မေးလာငြားအံ့။ မင်းကိုနိုင်အား လက်ညှိုးထိုး ညွှန်ပြမိတော့မည်ဖြစ်ပါသည်။
သူသည်ကား ...
နောက်လာမည့် မျိုးဆက်များအား အတုယူစရာ စိတ်ဓာတ်ပိုင်ရှင်အဖြစ်အမြဲ တည်ရှိသွားတော့မည်သူဖြစ်ပါသည်။
သူလွတ်မလာခင်ညက ကျနော်ရေးခဲ့ပါသည်။
ငါတို့ရဲ့ သက်ရှိ သူရဲကောင်း၊
ငါတို့ရဲ့ သက်ရှိ ဒဏ္ဍာရီ၊
ငါတို့ရဲ့ သက်ရှိ စံပြုပုဂ္ဂိုလ်၊
ငါတို့ရဲ့ သက်ရှိ ကျောင်းသားသမဂ္ဂ ဟု
ထောင်မှ ထွက်လာလာချင်း မင်းကိုနိုင်၏လုပ်ရပ်များက ထိုတင်စားချက်များထက်ပင် ပိုလွန်အောင် ပြုမူပြခဲ့ပါပြီ။
သေချာသည်ကတော့ မင်းကိုနိုင်သည်ကား ကျနော်တို့ မျှော်လင့်ချက်များအား ဘယ်တော့မှ အလဟဿမဖြစ်စေခဲ့သူပင် ဖြစ်ပါလေတော့သည်။
သွန်းနေစိုး
မှတ်ချတ်..မင်းကိုနိုင် (သို့မဟုတ်) သက်ရှိကျောင်းသားသမဂ္ဂ ရေးသားထားတာကို အောက်မှာဆက်လက်ဖတ်ရူနိုင်ပါတယ်..ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်၍ ကျွန်တော့်မှာ အကြေကွဲရဆုံး ကိစ္စတစ်ရပ်ရှိသည်။ အဓိပတိလမ်း ၀င်ပေါက်မှ ၀င်ရောက်သော အခါတိုင်း တက္ကသိုလ်ဝင်း၏ထိပ် ညာဘက်ထောင့်နေရာဆီတွင် ကွက်လပ်ကြီးတစ်ခု ရှိနေသည့်အဖြစ်ပါဘဲ။
ထိုနေရာမှာ ယခင်က ... ကျောင်းသားသမဂ္ဂ (တကသ) အဆောက်အဦနေရာမှန်း လူအတော်များများ သိကြပါလိမ့်မည်။ ယခုအခါ ကျောက်တိုင် ငုတ်တိုတစ်ခုသာရှိလျက် ဟာလာဟင်းလင်းဖြစ်နေသော သံစည်းရိုးခတ် ကာရံထားသည့်နေရာမှာ အောက်မေ့ဖွယ်နေရာ တစ်ခုလို အမှတ်တရမြှုပ်နှံရာတစ်ခုလို မြင်နေရသည်။
တကယ်တော့ ထိုနေရာမှာ ကျွန်တော်တို့ မြန်မာ့သမိုင်း၏ လျှမ်းလျှမ်းတောက်ခေါင်းဆောင်များကို မွေးဖွားပေးခဲ့သောနေရာ။
ထိုနေရာမှာပင် ... နောင် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် အသားညိုညို ဆံပင်တိုတိုနှင့် လူတစ်ယောက်၏ နိုင်ငံရေးဘ၀ စတင်ခဲ့၏။
ထိုနေရာမှာပင် ... မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်ဟူသည့် ရဲရဲတောက်မိန့်ခွန်းကို မိန့်ကြားမည့်သူ လှုပ်ရှားခဲ့၏။
ထိုနေရာမှာပင် ... သပိတ်မှောက်ကျောင်းသား၊ အရှေ့က နေ၀န်းထွက်သည့်ပမာ စာအုပ်ကြီးများကို ရေးသားမည့်သူ ၀င်ထွက်ခဲ့၏။
ထိုနေရာမှာပင် ... ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အဆောက်အဦတွင် ခြသေ့င်္နှစ်ကောင်ထည့်သွင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူ ကိုထွန်းရွှေ ပထမဆုံးဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ထိုနေရာမှာပင် ... အင်္ဂလိပ်အစိုးရမျက်လုံးပြူးရသော ၁၉၃၈ အထွေထွေသပိတ်ကြီး၏ရှေ့ပြေး ၁၉၃၆ကျောင်းသားသပိတ် စတင်ခဲ့၏။
ထိုနေရာမှာပင် ... ... ။
နယ်ချဲ့ဆန့်ကျင်ရေးနှင့် ပတ်သက်၍ အောင်မြေသဖွယ်ဖြစ်ခဲ့ သောနေရာ။ အနာဂတ်မြန်မာပြည်၏ နိုင်ငံရေး၊ ပညာရေး၊ အနုပညာရေး ဦးဏှောက်အသီးသီးတို့အား ရင့်ကျက်လူလားမြောက်စေခဲ့ရာနေရာ သည် ကျွန်တော်တို့အားလုံးက အထိမ်းအမှတ်ပြတိုက်သဖွယ် အမွန် အမြတ်ပြုရမည့်နေရာဖြစ်၏။
သို့သော် ယခုတော့ ထိုနေရာမြတ်မှာ ကျောက်တိုင်ငုတ်တိုကလေးသာ ရှိနေခြင်းက ကျွန်တော့်ကို ဘယ်လိုမှ စိတ်ချမ်းသာမှုမပေး စွမ်းနိုင်ခဲ့။ ထိုနေရာနားမှ ဖြတ်သွားရစဉ်တိုင်း မချိတင်ကဲစိတ်ကို မျက် နှာလွှဲခြင်းဖြင့်သာ ဖုံးအုပ်ခဲ့ရပါလေ၏။
------ ------ ------ ------ ------
အနုပညာသမားမို့လားမသိ။ ကျွန်တော်က ခံစားချက်အတော်ကြီးပါသည်။
နေရာလေးတစ်နေရာက အဆောက်အဦလေးတစ်ခု မရှိတာ ဘာဖြစ်လဲဟု ဆိုရန်ရှိသော်လည်း အထိမ်းအမှတ်ပြုစရာမရှိသောကြောင့် ကျွန်တော်၏ တက္ကသိုလ်ကျောင်းသားအဖြစ် ဖြတ်သန်းဖူးသော ဂုဏ်ယူဖွယ်အဖြစ်ကို မေ့လျှော့နေခဲ့မိ၏။
နယ်ချဲ့ကို တော်လှန်နိုင်ခဲ့သည့် ရဲစွမ်းသတ္တိရှိလှစွာသော တက္ကသိုလ်ကျောင်းသားတို့၏ အတိတ်သမိုင်းအား ဆက်စပ်မြင်နိုင်စရာ အကောင်အထည်ပြယုဂ်မရှိလေသလို ဖြစ်နေခဲ့သည်။
တနည်းပြောရရင်တော့ စံပြုစရာ၊ လက်ညှိုးညွှန် အထောက် အထားပြစရာတစ်ခုခု မရှိလေသော အဖြစ်ပေပေါ့။ ထိုစဉ်အချိန်မှာပင် မင်းကိုနိုင်အကြောင်း ကျွန်တော်တွေးမိခဲ့ခြင်းဖြစ်ပါသည်။
------ ------ ------ ------ ------
မင်းကိုနိုင်နှင့် ကျွန်တော် မရင်းနှီးပါ။
ထို့ကြောင့် သူ့နှင့် ကျွန်တော် ဘယ်တုန်းက၊ ဘယ်လိုစသဖြင့် ဖော်ပြစရာမရှိ။ ဒီလိုဆိုတော့ သူ့အကြောင်းပြောသမျှမှာ အဝေးခွာ ပုံရိပ်များသာ ဖြစ်နေပေလိမ့်မည်။
သို့သော် ယခု ကျွန်တော်ရေးလိုသည်မှာ သူ့အကြောင်း မဟုတ်ပါ။ သူနှင့် ရင်းနှီးကျွမ်းဝင်သူများက ပြောဆိုပြသောအကြောင်း အရာများကို နားထောင်ရင်း သူ့ပေါ် ကျွန်တော်မြင်မိသော အမြင်၊ သူ့ကို ကျွန်တော်ခံစားရသော ခံစားမှုတို့ပင် ဖြစ်ပါသည်။
------ ------ ------ ------ ------
ကိုပေါ်ဟု သူ့မိတ်ဆွေများက တရင်းတနှီး ခေါ်ကြသော မင်းကိုနိုင်အား ကျွန်တော်မှတ်မှတ်ရရ လေးစားမိသည်မှာ ကိုရွှေဘုန်း (တာရာမင်းဝေ) နှင့် ပတ်သက်ပါသည်။
ကိုရွှေဘုန်း ဈာပနတွင် သူ (မင်းကိုနိုင်) နှင့် ၈၈မျိုးဆက် ကျောင်းသားများတက်ရောက်ကာ မင်းကိုနိုင်က ကိုရွှေဘုန်းအတွက် အမှတ်တရကဗျာ ရွတ်ပေးခဲ့သည်။
ဈာပနတစ်ခုမှာ ကဗျာတစ်ပုဒ်ရွတ်တာ သိပ်မထူးခြားဟု ဆိုနိုင်သော်လည်း ထိုဖြစ်ရပ်နောက်ကွယ်မှအကြောင်းများအား “တာရာမင်းဝေ အမှတ်တရ” စာအုပ်တွင် ကိုအောင်ဒင် ရေးပြထားသည်ကို ပြန်လည်ကောက်နုတ်ဖော်ပြလိုပါသည်။
[အဲဒီရက်တွေအတွင်း ကျနော့်သူငယ်ချင်းတွေကို ဆက်သွယ် ပါတယ်၊ မင်းကိုနိုင် ကို။ ကိုကိုကြီး ကို။ မြအေး ကို၊ ကျနော်သူတို့ တွေကို တောင်းဆိုပါတယ်။
““ငါ့ညီကွာ .... ဗကသ ခေါင်းဆောင်တယောက်လည်း ဖြစ်ခဲ့ပါတယ်၊ နိုင်ငံရေးအကျဉ်းသားတယောက်လည်း ဖြစ်ခဲ့ပါတယ်၊ သေတဲ့အထိလည်း အာဏာရှင်ကို ဒူးမထောက် ခဲ့ပါဘူး၊ ဒီတော့ သူ့ရဲ့အသုဘမှာ ရုပ်အလောင်းကို ကျောင်းသားသမဂ္ဂရဲ့ ခွပ်ဒေါင်းအလံလွှမ်းခြုံပြီး ဗကသဥက္ကဌ မင်းကိုနိုင်က အမိန့်ပြန်တမ်း ဖတ်စေချင်ပါတယ်””
ကျနော့်သူငယ်ချင်းတွေအားလုံး အလုပ်များကုန်ပါတယ်။ကျနော့်ကိုလည်း သူတို့အလိုလိုက်ချင်ကြပါတယ်၊ ရွှေဘုန်းလူကိုလည်း သူတို့ချစ်ကြပါတယ်။ တကယ်တော့ သူတို့အားလုံးက တချိန်ချိန်မှာ ရွှေဘုန်းလူတယောက် သူတို့နဲ့ပြန်လည်လက်တွဲပြီး ၈၈ မျိုးဆက် ကျောင်းသားများအုပ်စုမှာ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြတာပါ။ တစ်ဖက်မှာလည်း သူတို့မှာ အကန့်အသတ်တွေ ရှိနေပြန်ပါတယ်။ ရွှေဘုန်းလူကလည်း တိုက်ရင်းခိုက်ရင်း ကျဆုံးသွားတာ မဟုတ်ပြန်ပါ ဘူး။ နောက်ဆုံးတော့ သမဂ္ဂအလံလွှမ်းဖို့နဲ့ အမိန့်ပြန်တမ်းဖတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အကြောင်း ဒါပေမယ့်လည်း သူတို့အားလုံး အသုဘကို သွားပြီး သူတို့သူငယ်ချင်းကို အကောင်းဆုံး နှုတ်ဆက်ကြမယ်လို့ အကြောင်းပြန်ပါတယ်။
ဒီလိုနဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီး ၁၉ နှစ် နှစ်ပတ်လည် မတိုင်မီ တရက်အလို။ ၂၀၀၇ခုနှစ် သြဂတ်စ် ၇ ရက်နေ့မှာ ရွှေဘုန်းလူ (သို့မဟုတ်) တာရာမင်းဝေကို ရေဝေးသုဿန်မှာ အားလုံး နှုတ်ဆက်ခဲ့ကြရပါတယ်။ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ၈၈ မျိုးဆက် ကျောင်းသားများက ရွှေဘုန်းလူသို့ နောက်ဆုံးနှုတ်ဆက်ခြင်း ဆိုင်းဘုတ်ကိုင်ဆောင် တက်ရောက်ခဲ့ကြပြီး မင်းကိုနိုင်က အားလုံးရဲ့ကိုယ်စား “ကြယ်ကြွေ သတို့သား” ကဗျာကို ရွတ်ဆိုဂုဏ်ပြုခဲ့ပါတယ်။]
တိတိကျကျပြောရမယ်ဆိုလျှင်တော့ မင်းကိုနိုင်တို့အဖွဲ့အား ကျွန်တော်လေးစားသွားမိခြင်းဟု ပြောရလိမ့်မည် ထင်ပါသည်။ သို့သော် အဲဒီထဲတွင် ဦးစီးဦးဆောင်ဖြစ်နေသူက သူ။ မင်းကိုနိုင်။
အကယ်၍ ကျွန်တော်သာ သူ့နေရာမှာ ရှိနေမည်ဆိုလျှင် ဘယ်သို့ တုန့်ပြန်ပါမည်နည်း။ သေချာပါသည် အားနာသမှု၊ လူချင်း ခင်မင်မှုနှင့် လိုက်လျောမိမည်သာ ဖြစ်၏။ တောင်းဆိုလာသူကလဲ သူတို့နှင့် သေဖော်ရှင်ဘက် တကယ့် အရင်းအချာပေပဲ။
ကိုရွှေဘုန်းမှာ ကျွန်တော့်အပေါ် ကျေးဇူးများစွာ ရှိပါသည်။ သူ့ဈာပနတွင် ကိုအောင်ဒင်လုပ်စေချင် သည့်အတိုင်း ဖြစ်မြောက်သွားလျှင် အတော်ကောင်းလိမ့်မည်ဟု တွေးမိပါသည်။ သို့သော် ကိုမင်းကိုနိုင်၏ ထိုစဉ်ကဆုံးဖြတ်ချက်ကိုသိသောအခါ သူ့အား အတော် ယုံသွားမိသည်။
သူကား စည်းမျဉ်းစည်းကမ်းတို့ကို ဖြောင့်မှန် မသွေယိမ်းစွာ လိုက်နာတတ်သူပေပဲ။
------ ------ ------ ------ ------
တကယ်တမ်းတော့ ...
ယခင်ကတည်းကပင် သူ၏ဖြောင့်မှန်သောစိတ်ဓာတ်အားနားလည်သိမှတ်နေမှုမှာကျွန်တော့်အမှတ်သညာထဲ ၌ ရှိနေခဲ့ပြီးဖြစ်ပါသည်။ သို့သော် ထိုစဉ်ကတော့ ယခုလောက် အတွေ့အကြုံမစုံလင်သေးချိန်မို့ ဆင်ခြင်တိုင်းထွာသောစိတ်ဖြင့် မသုံးသပ်နိုင်ခဲ့။ ဘာပဲဖြစ်ဖြစ် သူနှင့်ပတ်သက်တာဆိုလျှင် ဗလာစာအုပ်ကလေးနှင့် ကူးယူထားတတ်သောအကျင့်ကတော့ ကျောင်းသားဘ၀ကတည်းက စွဲနေခဲ့သည်။
ကိုပေါ်နှင့်ဆိုလျှင်ကျွန်တော်က ဆယ်စုနှစ်တစ်ခုစာမျှ အသက် ကွာပါသည်။ ကိုပေါ်တို့ သမဂ္ဂ ဥက္ကဌဖြစ်ချိန်တွင် ကျွန်တော်တို့က အလယ်တန်း ကျောင်းသားဘ၀သာ ရှိသေး၏။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကျောင်းတွင် သူငယ်ချင်းတစ်စု စုကာ အလယ်တန်း ကျောင်းသားများသမဂ္ဂ လုပ်ကြသည်။
စာရွက်တွေဘာတွေ လက်ရေးတွေနှင့် ၁၀စောင်၊ အစောင်၂၀ ရေးပြီး လျှောက်ဝေကြတာမျိုးလုပ်ကြသည်။ အဓိကကတော့ မင်းကိုနိုင် မိန့်ခွန်းဆိုသည်များကို ကူးဖြန့်ခြင်းပါပဲ။ သူ့မိန့်ခွန်းအစစ်ဟုတ်မဟုတ် တော့ မသိ။ သူငယ်ချင်းတစ်ယောက်က ထိုကိစ္စမှာ ဆရာ။ သူယူလာပေးသည်များကို ကျွန်တော်တို့က ၀ိုင်းကူးကြရ၏။
ထားပါတော့။ ပြောလိုသည်မှာ ထိုစဉ်ကတည်းက သူ့မိန့်ခွန်း ဆိုသည်များမှာ ကျွန်တော်တို့ ကျောင်းသားလူငယ်များ အဖို့ အသည်းစွဲ ဖြစ်နေလေပြီ။
နောက်ပိုင်း သူ့ကဗျာကလေးများရလာတော့ တော်တော် တန်ဖိုးတထား ကူးဖြစ်ခဲ့သည်။ ကဗျာသည် လူတစ်ယောက်၏ နှလုံးသား ခံစားချက်ကို ဖော်ထုတ်လှစ်ပြနိုင်သည်ဟု ကျွန်တော်အောက်မေ့သည်။ စကားပြေကမှ ဟန်ဆောင်လို့ အတုလုပ်လို့ရဦးမည်။ ကဗျာ ဆိုသည်က ခံစားချက်ကို ထုတ်ရေးရတာဆိုတော့ အတုလုပ်ဖို့ သိပ် မလွယ်။ မင်းကိုနိုင်ကဗျာများတွင် မင်းကိုနိုင်၏ နှလုံးသားဝိဥာဉ်အား တွေ့ရှိခဲ့ပါချေ၏။
အလွန်နာမည်ကြီးသော သူ့ကဗျာတစ်ပုဒ်ကို ကြားဖူးကြပါလိမ့်မည်။
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံပြန်စိုက်မယ်””
ဆိုသော ကဗျာ။
ကျွန်တော်က အဲဒီကဗျာတိုတိုကလေး ဘတ်ပြီး သူ့စိတ်ဓာတ်တစ်ခုကို သိမှတ်လိုက်မိ၏။ သူကားကျောင်းသား စိတ်ရှိနေသေးသူ။ကျောင်းသားများအား ကိုယ်စားပြုသော အတွေးကိုတွေးနေတတ်သူပင်တည်း။
... ကိုယ်ဟာ ကိုယ့်ဝတ်စုံ ကိုယ် ချုပ်ဖို့အရေး
ကိုယ့်အပ်ကိုယ်သွေးတဲ့အခါ ကိုယ့်နံရိုးကိုပဲ ကိုယ်ရွေးပါတယ်””
ဆိုသော ကဗျာလေးကို ဖတ်ရသည့်အခါ သူ့ဖြူစင်သော စိတ်ကို လှပ်ကနဲတစ်ချက်တွေ့လိုက်မိ၏။ ခုနေခါ မှတ်မှတ်ထင်ထင်ဖြစ် နေမိသည်ကတော့ သူ့အင်တာဗျူးတစ်ခုပင်ဖြစ်လေသည်။
ထိုစဉ်က သူ့အား နောက်တစ်ကြိမ်အဖမ်းခံရလုဆဲဆဲ။ ထိုသို့ အဖမ်းခံရသော အခြေအနေရှိနိုင်မည်လား ဟူသောသဘော သူ့အားမေး သည့်အခါ ...
“အင်း၊ အဲဒီလို ပုံစံမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒီ့ထက်ပိုပြီးတော့ ပြင်းထန်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ...
ဆိုသော အဖြေကို 'အသံမှန်ဖြင့်' သူဖြေသွားခဲ့၏။
အသံမှန်ဖြင့်ဆိုသော စကားရပ်အား ကျွန်တော် မျက်တောင် အဖွင့်အပိတ်ဖြင့် ပြထားခြင်းကို သတိပြုမိကြပါလိမ့်မည်။
အဲဒီလိုအခြေအနေမျိုးမှာ သူ့လို ပုံမှန်တုန့်ပြန်နိုင်သူ အတော်ရှား ပါလိမ့်မည်။ ကြောက်ကန်ကန်ပြီး အတင်းရဲရင့်ပြတာမျိုးလည်း မရှိပဲ နဂိုနေအတိုင်း ဖြေသွားသည့်အတွက် မင်းကိုနိုင်ဆိုသော လူတစ်ယောက်ကို ကျွန်တော်အရမ်းကြီး လေးစားသွားမိ၏။
လူတစ်ယောက် တကယ်သတ္တိရှိမရှိဆိုတာ အရေးအကြောင်း ကြုံရင်ပေါ်တာပါပဲ။ သူ့အပေါ် ကျရောက်လာရန်ရှိသော ဘေးဒုက္ခကို သူမြင်နေ လျက်က ဖယ်လွှဲတိမ်းရှောင်သွားခြင်းမပြု။
... ဒီ့ထက်ပြင်းထန်ကောင်းလည်း ပြင်းထန်နိုင်တာပဲ””
ဟု ခပ်အေးအေး သဘောထားကို မြင်သည့်အခါ လက်သည်းထိပ်တွင် အပ်စိုက်ပြီး နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်ခဲ့သည့် သမိုင်းတစ်ခေတ်မှ ဇာတ်ကြောင်းလေးကို သွားသတိရလိုက်မိသည်။
ကျွန်တော်က သတ္တိရှိသူဆိုလျှင် အလွန်သဘောကျပါသည်။ မင်းကိုနိုင်အကြောင်းများများသိရလေလေ။ သူ့ကို လေးစားမိလေပါပဲ။ တကယ်သတ္တိရှိသူဆိုသည်မှာ ဘယ်တော့မှ နောက်မတွန့် တတ်သူကို ခေါ်ခြင်းဖြစ်ပေလိမ့်မည်။
------ ------ ------ ------ ------
ထိုစဉ်မှာပင် ကျွန်တော့်စိတ်ထဲ အဆက်အစပ်တစ်ခုအား သွားသတိပြုလိုက်မိ၏။
မင်းကိုနိုင်သတင်းကြားရစဉ်တိုင်း၊ ကျွန်တော်တို့ချင်း သူ့ အကြောင်း ပြောဖြစ်စဉ်တိုင်း၌ စိတ်ထဲပ်ါလာတတ်သော ခံစားမှုတစ်ခုရှိသည်။
အားတက်ခြင်းပင်တည်း။
ဘာကိုအားတက်ပါသနည်း?
ကိုယ့်ကိုယ်ကို အားတက်ပါသည်။
တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ဘူးသော ကိုယ့်ကိုယ်ကို ဂုဏ်ယူမိ၏။ ပြီးတော့ သူ့အကြောင်းပြောနေမိသည့်အခါ ကိုယ့်ရင်ထဲက ကြောက်ရွံ့စိတ်များအတွက် မလုံလဲစိတ်တို့ ပျောက်ကွယ်နေခဲ့သည်။
မင်းကိုနိုင်သာ ဇာတ်ကောင်တစ်ကောင်ဆိုလျှင် ကျွန်တော်တို့ က သူပါဝင်သော သူ့ဘ၀ ရုပ်ရှင်ကားအား ဘေးမှခံစားကြည့်ရှုကာ နှစ်ခြိုက်အားကျနေသောသူများ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့၏ စိတ်နှလုံးကိုကိုယ်စားပြုသူက ကျွန်တော်တို့ ကိုယ်စား စွန့်စားပြသည်၊ ရဲဝံ့ပြသည်။ ထိုအတွက် ကျွန်တော်တို့မှာ ကျေးဇူးတင်စွာ အားတက်ခြင်းဖြစ်ရပါသည်။
ဒီလိုဆိုတော့ သူ့အတွက် မစာနာသလို ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ စာနာပါသည်။ သို့သော် သူ့ ရွတ်ရွတ်ချွံချွံစိတ်တို့ကိုလည်း ပျောက်ကွယ် မသွားစေလိုပါ။
ဝန်ခံရပါလျှင် ...
ကျွန်တော်တို့ သူ့လောက် သတ္တိမရှိပါ။
သူ့လို သတ္တိမရှိပါ။
သူနဲ့ယှဉ်ဖို့ ဝေးစွ။ သူ့လို ခံစားရမှုမျိုးကို အိပ်မက်ပင် ရဲရဲ မမက်ဝံ့ကြသူများဖြစ်၏။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ခုခေတ် အစိုးရဘက်က လျှော့ပေါ့ပေးလာသောကာလတွင်မှ ကျွန်တော်တို့ နည်းနည်းကလေး ပြောရဲဆိုရဲ တွေ ဖြစ်လာကြသည်။
ယခင်က ... ပြည်တွင်းမှာသာ နေလို့ကတော့ နိုင်ငံရေးဆိုသည်ကို ယောင်လို့ပင် မရွတ်ရဲခဲ့သူများပင် နိုင်ငံရေးသမားကြီးတွေ အသွင် ဆောင်လာကြသည်များကို မြင်နိုင်ပါလိမ့်မည်။
သူကတော့ ...
ဘာမှ လမ်းမသာခင်ကတည်းက ရှေ့ဆက်လျှောက်သူ၊
ဘာမှ ဖွင့်မပေးခင်ကတည်းက တွန်းဖွင့်သူ၊
ဘယ်သူမှ ပါးစပ်မဟခင်ကတည်းက ပြောဆိုခဲ့သူ၊
... ဖြစ်ပါချေတော့သည်။
ပြီးတော့ အဲဒီလိုတွေလုပ်ရအောင်ကလည်း သူ့မှာ ဘာကျောထောက်နောက်ခံမှ ရှိရှာသူမဟုတ်။ ကျွန်တော်တို့ သူလိုကိုယ်လိုသာမာန် နိုင်ငံသားတစ်ယောက်ပါပဲ။ သူ့ကြောင့် ကျွန်တော်တို့ ဒီနေ့အခြေအနေရောက်ခဲ့သည်ဟု မဆိုဝံ့သော်ငြား သူသည် ကျွန်တော်တို့ ရဲဝံစိတ်အား မီးညှိပေးခဲ့သူ ဖြစ်ပါလေ၏။
သူတောင် ဒီလို ပြောရဲ၊ လုပ်ရဲသေးတာဟူသော အတွေးသည် အာစေးမိနေသော ပါးစပ်ကိုအနည်းကလေးတော့ ပွင့်ဟသွားခဲ့စေ၏။
ဒီလိုဆိုတော့ သူ့ကို `ဆန့်ကျင်ပုန်စားတတ်သူ´ ဟု မသတ်မှတ်စေ့လိုပါ။ သူကိုယ်တိုင်လည်း ပြောခဲ့ပါ၏။
`ကျွန်တော်တို့က အမျိုးသားသင့်မြတ်ရေးအတွက်ကို ဘ်ာအုပ်စု ဘယ်အဖွဲအစည်းကိုမှ အာဃာတမထားပဲနဲ့ လက်တွဲ အလုပ်လုပ်လို့ရတယ်လို့ဆိုတဲ့ စိတ်အခံက ကျွန်တော်တို့ရဲ့ ဖြေရှင်းတဲ့နေရာမှာ စိတ်နှလုံးအခံ´ တဲ့။
သူကား သတ္တိရှိသူ ဖြစ်ပါသည်။
လွဲနေလျှင် တည့်ပေးမည့်သူသာဖြစ်ပါသည်။
`ကျွန်တော်တို့က အဲဒီခေါင်းစဉ်တွေ ဆိုင်းဘုတ်တွေကို အဓိကထားတာ မဟုတ်ဘူးဗျ´ ဆိုသော လူစားမျိုးဖြစ်ပါသည်။
ယခုတော့ ကျွန်တော်တို့ နိုင်ငံတော်ကြီးမှာ တည့်နေပြီပဲ၊ သူုနှင့် ကဏ္ဍကောစဖြစ်စရာ ရှိတော့လိမ့်မည်ဟု မထင်မိပါ။
------ ------ ------ ------ ------
ယခုနောက်ပိုင်းမှာ ...
အဓိပတိလမ်းမကို ရောက်သွားစဉ်တိုင်း၌ ကျွန်တော့်ကိုယ်ကျွန်တော် အားပေးနိုင်ခဲ့သော စိတ်ထွက်ပေါက်လေးတစ်ခုရှိသည်။
“ငါတို့မှာ သမဂ္ဂအဆောက်အဦကြီးမရှိတော့ပေမဲ့ မင်းကိုနိုင်ရှိသေးတာပဲ”
သူရှိသည့်အတွက် ရဲဝံ့မှုအား၊ ခိုင်ကြည်မှုအား၊ သမိုင်းကြောင်း ကောင်းမှုအား ကိုယ်စားပြုစရာ ရနေခဲ့ပါသည်။ သို့မို့ကြောင့်လည်း သူ့အား သက်ရှိကျောင်းသားသမဂ္ဂဟု ကျွန်တော်နာမည်ပေးရခြင်းပါပဲ။
ကျွန်တော့် တစ်သက်လုံးအတွက်
ရင်ထဲမှာ အဖြစ်ချင်ဆုံးဆန္ဒတစ်ခု ရှိနေခဲ့သည်။
သမဂ္ဂအဆောက်အဦကြီးကို ယခင်အတိုင်းပြန်မြင်လိုသော ဆန္ဒ။
... ဒါ ဗိုလ်ချုပ်တို့ရဲ့နေရာဟေ့၊ ဒါ ဒဂုန်တာရာတို့၊ သိန်းဖေမြင့်တို့ နေရာဟေ့။ ဒါ ကိုဗဟိန်းတို့၊ ကိုဗဆွေတို့ရဲ့ နေရာဟေ့...
ဟု နောက်လာမည့်မျိုးဆက်များအား ဂုဏ်ယူဝံ့ကြားစွာ ပြချင်စမ်းပါဘိတော့သည်။
အကယ်၍များ ...
မင်းကိုနိုင်ကို လွှတ်အပြီး သမဂ္ဂအဆောက်အဦကြီးအားပြန်လည်အုပ်မြစ်ချသောနေ့ကိုကျွန်တော့်အသက်တာ တွင် ကြုံလိုက်ရမည်ဆို ပါငြားအံ့။
သေချာပါသည်။ ထိုကိစ္စဖြည့်စွမ်းပေးသူအား (ဘယ်သူမဆို) ကျွန်တော် ကျေးဇူးတင်လွန်းစွာ ထာဝရ ဦးညွှတ်နေမိတော့မည်ထင်၏။
သွန်းနေစိုး Thorn Nay Soe
Sunday, January 15, 2012
0 ဒီကနေ့တောင်ကိုးရီးယားနိုင်ငံ(Incheon)မြို့တွင်ကိုရီးယားသင်္ဘောပေါက်ကွဲနစ်မြုပ် ၊ မြန်မာ(၂)ဦးသေ.၃ဦး ပျောက်ဆုံးနေ
ဒီနေ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ ကိုရီးယားစံတော်ချိန် နံနက် (၈:၀၅) နာရီအချိန်တွင် မြန်မာသင်္ဘောသားများ လုပ်ကိုင်နေသော Dura No. 3 အမည်ရှိ ကိုရီးယားသင်္ဘောသည် အင်ချွန်း (Incheon)မြို့ တွင် ပေါက်ကွဲမှုများဖြစ်ပွားသောကြောင့် နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။
လက်ရှိအချိန် ကိုရီးယားစံတော်ချိန် ညနေ ၄နာရီထိ သေဆုံးသူ မြန်မာနိုင်ငံသား ၂ ဦး နှင့် ကိုရီးယားနိုင်ငံသား ၃ ဦး ရှိ၍ မြန်မာ ၃ဦး နှင့် ကိုရီးယား ၅ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။ သင်္ဘောတွင် ကိုရီးယားနိုင်ငံသား ၁၁ဦး နှင့် မြန်မာနိုင်ငံသား ၅ဦး စုစုပေါင်း ၁၆ဦး စီးနင်းလိုက်ပါခဲ့သည်။
ကိုရီးယား သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
by ထွန်းထွန်းကျော်
Video..Korea သတင်းဌာနkbsမှရယူပါသည်..
0 ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးအလန်ယူပေး (Alain Juppe)လူထုခေါင်းဆောင်များနှင့်တွေ့ဆုံ (ဓာတ်ပုံ/ရုပ်သံ)
် ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ၀န်ကြီးဖြစ်သူ မစ္စတာ အာလန်ရီပေး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ မနက် ၁၀နာရီခွဲ က တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ ဆုံခဲ့ပါတယ်။ ယနေ့ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထုတ်ပြန်ချက်ကို ပြင်သစ်ဘာသာဖြင့် ပြောကြားသွားပြီး သတင်းထောက်များ၏ မေးမြန်းမှုကို အင်္ဂလိပ်ဘာသာဖြင့် ဖြေကြားသွားခဲ့သည်။
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ဟာသသရုပ်ဆောင် ကိုဇာဂနာ တို့ သည် ပြင်.သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအာလန်ရီပေး နှင့် ရန်ကုန် မြို့ ပြင်သစ်သံရုံးတွင် ဒီဇင်ဘာလ ၁၅ ရက် နေ့ လည် ၂ နာရီ က တွေ့ ဆုံခဲ့ပါတယ်။ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးသည် ကိုဇာဂနာ နှင့် အတူ လူမှုရေးလုပ်ကိုင်နေသူများ၊စီးပွားရေးလုပ်ငန်းရှင်များနှင့် ဦးစွာ တွေ့ ဆုံခဲ့ပြီး ၊ ကိုမင်းကိုနိုင်နှင့် နေ့ လည် ၂ နာရီခန့် တွင် နာရီဝက်ခန့် တွေ့ ဆုံ စကားပြောခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
>Photo..Gettyimages
video..Burma vj media network
0 ဒေါင်းသူရဲကောင်း မင်းကိုနိုင် ရဲ့ ရန်ကုန်အ၀င် မိန့်ခွန်း . .
ကျွန်တော် မတ်တပ်ရပ် ပြီးတော့ ထောင်ထဲက ထွက်လာနိုင်တာ အကြောင်းရှိ ပါတယ်။ အခုဆိုရင် ကျွန်တော်လို့ မတ်တပ်ရပ်ပြီး ထွက်မလာနိုင်ပဲ ပက်လက်ကလေး အသက်မပါဘဲ ထွက်သွားရတဲ့ သူတွေလည်း အများကြီးပါဘဲ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ အများကြီးပဲ ရှိပါတယ်။ အခုလို ကျွန်တော်ကို မိဘ အရင်းတွေနဲ့ အတူထပ်တူထပ်မျှ ကြိုဆိုခဲ့တယ်။ အဲဒီလို ပြည်သူလူထု တွေရှိတဲ့အတွက် ကျွန်တော် ယုံကြည်တဲ့အတွက် ဒီနေ့အထိ နေနိုင်ခဲ့တာပါ။ အဲတာကို ကျေးဇူး အများကြီး တင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
အခု ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ မိဘများရှေ့မှာ ကျွန်တော် ပြောချင်ပါ တယ်။ အဲဒီ ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ ဒုတိယမိဘများပါပဲ။ ကျွန်တော်ဟာ မိဘရင်းနှစ်ပါးက မွေးတာမှန်ပေမယ့် အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ၈၈မှာ နိုင်ငံ့ဝန်ကို ထမ်းခဲ့ပါတယ်။ ဒေါင်းအလံကို ကျွန်တော့်အဖေရဲ့ဆီဆေးတွေနဲ့
ုခြယ်ပြီးတော့ ကျွန်တော် ထွက်သွားခဲ့ရပါတယ်။ အခုမှ ကျွန်တော် အမေအိမ်ကို နောက်တစ်ခေါက် ပြန်ရောက်ရပါပြီ။ ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေ များပါပြီ။ ပထမ တစ်ခေါက်တုန်းက ကျွန်တော် ၁၆နှစ်ထောင်ကျပြီး ကျွန်တော် တိတ်တဆိတ်လေး အိမ်ကို ပြန်ခဲ့ရပါတာပါ။အခုကျတော့ ခေတ်ပြောင်းလာတယ်လို့ လွယ်လွယ် ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ လွယ်လွယ်နဲ့ရတာမဟုတ်ပါဘူး။ ဘာကြောင့်လဲ။ အားလုံးလည်း သိကြပါတယ်။ လောကကြီးမှာ အလကားရတာ ဘာမှ မရှိပါဘူး။
သရက်မြို့က ထွက်လာတဲ့ လမ်းတလျှောက်မှာ ခွပ်ဒေါင်းအလံတွေ ထူပြီးတော့ လမ်းတလျှောက်မှာ ပိတ်ဆို့ထားတာ စင်မြင့်တွေ ထားပြီးတော့ အသံချဲ့စက်တွေ ထားပြီးတော့ နောက်ဆုံးဗျာ ရဲတပ်ဖွဲ့ကတောင် လာပြီးတော့ အကူအညီပေးရတယ်။ ပေးဆပ်ခဲ့လို့ပါ။ ထိုက်ထိုက် တန်တန် ပေးဆပ်ခဲ့ရလို့ ထိုက်ထိုက်တန်တန် ပြန်ရတယ်လို့ ယူဆပါ တယ်။
နောက်ထပ်တစ်ဆင့် ဒီမိုက ရေစီ ပိုပါတယ်။ လိုချင်ကြတယ် မ ဟုတ်လား။ လိုချင်တယ်ဆိုရင် နောက်ထပ် ထိုက်ထိုက်တန်တန်ကြိုး စားရဦးမယ်ဆိုတာလည်း လက်ခံ တယ်မလား။ ထိုက်ထိုက်တန်တန် ပေးဆပ်ဖို့အတွက် ခွန်အားတွေရော ရှိသေးတယ် မဟုတ်လား။ ကျွန်တော်တို့က ဓားမှန်းသိအောင်လို ဓားအိမ်ကောင်းကောင်း ပြစားရုံနဲ့ ဓားမှန်းသိတယ် ဆိုရင်တော့ လုံလောက်တယ်ပေါဗျာ၊ မဟုတ်ရင်တော့ တစ်ခါ တစ်ခါကျရင် ဓားမှန်းသိအောင် ဓားအိမ်ထဲကနေ ထုတ်ပြရတာလေးတွေလည်း ရှိတာပေါ့။ အဲဒီ သတ္တိမျိုးကော ရှိသေးလား။ ဒါဆိုလို့ရှိရင် လောလော ဆယ်ကတော့ စည်းကမ်းရှိပြီး ညီညွတ်ဖို့ လိုပါတယ်။
အခုချိန်မှာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို နောက်ဆုံး ပြောပြပါ့မယ်။ လမ်းတလျှောက်လုံးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကျွန်တော်တို့ကို လုံးဝ နှောက်ယှက်တာ မရှိဘူး။ တားမြစ်တာ မရှိဘူး။ စိတ်ငြိုငြင်အောင်လို့ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ တစ်ခါတစ်ရံ လမ်းတွေပိတ်ဆို့သွားတာရှိရင် ကျွန်တော် တောင်းပန်တယ်။ ဖယ်ခိုင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ကြောင့် လမ်းပိတ်သွားတယ် ဆိုတာမျိုး အဖြစ်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆို ရင် ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်ဆိုတာ ပြရမယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်အောင်ဆိုရင် စည်းကမ်းမဲ့တာတွေကို ကျွန်တော်တို့ စပြီးတော့ ရှောင်ကျဉ်ရမယ်။
အားလုံးဟာ အနှစ် ၂၀ကျော် ဘဝတွေ များစွာ၊ အသက်တွေ များစွာ ပေး ခဲ့ပြီးမှ ရခဲ့တာ၊ လမ်းမှာ ကျွန်တော် တွေ့ခဲ့တယ်။ တစ်ချို့ လယ်ထဲတွေ ကနေတက်လာပြီးတော့ ရွာသူမလေးတွေက ငိုတာ၊ ဘာ ဖြစ်လို့ ငိုတာလည်းလို့ မေးကြည့် တဲ့အခါ တစ်ချို့အရပ်တွေမှာ သူတို့ သားတွေ၊ သူတို့မောင်တွေဟာ ထောင်တွေထဲမှာအသက်ပေးလိုက် ရတဲ့ ကျောင်းသားတွေ၊ အဲဒီတော့ သူတို့က ပြောတယ်။ မင်း ကံ ကောင်းပါတယ်ကွာတဲ့၊ ငါတို့မောင် လေးဆိုရင် မရှိတော့ဘူးတဲ့၊ ကျွန်တော် အင်မတန်ခံစားရတယ်။ နောက် အဘိုးကြီးတစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ ငါဟာ လူအို တစ်ယောက်ပါကွာတဲ့။ နောက်ထပ်တစ်ခါ မင်းတို့ကို ထောင်မကျစေချင်တော့ဘူး။ နောက်ထပ်တစ်ခါ မင်းတို့ကို မမြင်ရက်ဘူး။ အဲဒီ အဖြစ်မျိုးကို ငါမကြုံချင်တော့ဘူးတဲ့။ အဲဒီတော့ အဲဒီလို မကြုံစေချင်ဘူး။ အဲဒီလို မိတစ်ကွဲ ဖတစ်ကွဲနဲ့ မိဘပြည်သူတွေရဲ့ မျက်ရည်တွေကို ကျွန်တော်တို့ မမြင်ရက်တော့ဘူး။ အမှန်တကယ်ကတော့ မျက်ရည်ကို သုတ်ပေးရပေမဲ့ ကျွန်တော်တို့အပေါ်ကို မျက်ရည်ကျခဲ့ရတဲ့ ဘ၀၊ အဲဒီလို အနိဌာရုံ၊ စနစ်ဆိုးကြီးတွေကို မချုပ်ငြိမ်းစေချင်ဘူးလား၊ ညနေပြန်လို့ရှိရင် မိသားစု ထမင်းဝိုင်းတွေ အိမ်မှာ လူစုံတာမျိုးကို ကျက်သရေ မရှိဘူးလားဗျာ။ တကယ်ပါ။ ဘယ် မိသားစုမဆို မိသားစုစုံညီ ထမင်းဝိုင်းလေးတွေကို မြင်ချင်ကြမှာပါ။
နောက်ဆုံး နိုင်ငံရေး လုပ်သည်ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ထောင်ကျကျ၊ မကျကျ အကြောင်းကြောင်းကြောင့် တိုင်းတပါးမှာ ဆင်းဆင်းရဲရဲနဲ့ အသက်မွေးခဲ့ရတဲ့ မိသားစုတွေ အများကြီး ရှိပါတယ်။ ကွဲကွာနေရတယ်။ အားလုံးက ကိုယ့်မိသားစုနဲ့ ကိုယ် နွေးနွေးထွေးထွေး နေပြီးတော့ ညနေကျရင် လူစုံအိမ်၊ လူစုံတဲ့အိမ် လူစုံတဲ့ ထမင်းဝိုင်းဖြစ်အောင်လို့ အားလုံးဝိုင်းပြီးတော့ အလုပ်လုပ်နိုင် ကြမယ် မဟုတ်လား။
ကောင်းမွန်တဲ့ ရည်ရွယ်ချက် ယုံကြည်ချက် အဲတာတွေ အားလုံးအတွက် ကျွန်တော်တို့ လက်တွဲကြမယ်ဆိုရင် အဖွဲ့အစည်း အစွဲအလန်းမထားပဲ လက်တွဲမယ်။ သဘောတူပါသလား။ ဘယ် အဖွဲ့အစည်း ဝင်သည်ဖြစ်စေ၊ မဝင် သည် ဖြစ်စေ၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ တစ်ပိုင်တစ်နိုင်ပေါ့။ ခုနက တစ်ယောက်က ပြောပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာပြောချင်လဲတဲ့။ အဲတာကတော့ နောက်ဆုံးကျတော့ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ ရင်ခွင်ကို ခွပ်ဒေါင်းအလံနဲ့ အတူ အိုးဝေ အိုးဝေအသံပေးပြီးတော့ ဟိုးတုန်းက၊ ၈၈ က ဒေါင်းတွေ ပြန်ရောက်ပါပြီ။ မိဘ ပြည်သူတွေရဲ့ ရင်ခွင်ကို ကျွန်တော် ပြန်ရောက်ပါပြီလို့ ပြောရင်း နှုတ်ဆက်ပါတယ်။
0 ဒီငြိမ်းလင်း၏ ဖေဖေနှင့်မေမေတို့ရဲ့ပထမဦးဆုံးထမင်းလက်ဆုံစားနေသောပုံ
ဝမ်းသာကြည်နှုးမှုနဲ့အတူ ကြေကွဲခံစားမှုတို့ဖြစ်ရပါတယ်။ မိဘတို့နှင့်ဝေးနေကြသောသူများ အမြန်ပြည်လည်ဆုံစည်းနိုင်ကြပြီး ယခုလို မိသားစုတွေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စားရတဲ့ ထမင်းဝိုင်းကလေးများကိုပြန်လည်ရရှိနိုင်ကြပါစေ။
Photo..ဒီငြိမ်းလင်း
0 ဘလော့ဂါနေဘုန်းလတ်ပြန်လာပြီ
ယမန်နေ့က လွှတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသမားများထဲတွင် ကျွန်တော်များအင်တာနက်သုံးစွဲသူများ ကြားတွင် (၂၀၀၇) ဆီက နာမည်ကြီးခဲ့သည့် ဘလော့ဂါနေဘုန်းလတ်လည်း အပါအ၀င်ဖြစ်ပါသည်။ ကိုနေဘုန်းလတ်နှင့် ကျွန်တော်များမော်နီတာသတင်းဂျာနယ် ယနေ့နံနက် (၇) နာရီက ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သူ့နေအိမ်သို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ဖြစ်ခဲ့ပြန်ပါသည်။ ကိုနေဘုန်းလတ်က ၄ နှစ်ကြာ ခွဲခွာနေရသော သူ့အွန်လိုင်းပရိသတ်ကြီးအား နှုတ်ခွန်းဆက်သသည့် စာသားလည်း ဤသို့ရေးပေးလိုက်၏။ ... သူ့ဘလော့လိပ်စာကတော့ http://www.nayphonelatt.blogspot.com/ ပဲဖြစ်ပါလေသတည်း။
myatkhine facebook
1 ကရင်ပြည်နယ်တွင် မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ရှိ
source: m&c
အမေရိကန်ဂြိုလ်တု Landsat 7 ၏ အကူအညီဖြင့် မြန်မာပြည်၏ အကြီးဆုံးရွှေကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာ့ဘူမိဗေဒပညာရှင်တစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။ "ကျွန်တော် ဒီရွှေကြောကို ရှာနေတာကြာပြီ။ အခုမှပဲ အသေအချာတွေ့တော့တယ်"ဟု အငြိမ်းစားပါမောက္ခဖြစ်သူ ဦးစိုးသိန်းက ပန်းသတင်းဂျာနယ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ "အဲဒီကနေ နှစ်ပေါင်းများစွာ ရွှေတန်ချိန်ပေါင်း ထောင်နဲ့ချီပြီး ထုတ်နိုင်ပါလိမ့်မယ်"ဟု ဆိုသည်။ သတင်းအရ အဆိုပါရွှေကြောကြီးမှာ မြန်မာပြည်အရှေ့ပိုင်း ကရင်ပြည်နယ်တွင် တည်ရှိကြောင်းသိရသည်။ "မင်းတုန်းမင်း လက်ထက်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွှေကျင်လာခဲ့ကြတဲ့ အစဉ်အလာရှိပါတယ်"ဟု၎င်းးက ဆက်လက်ပြောကြားထားသည်။ သတ္ထုတွင်းဌါနအဆိုအရ မြန်မာပြည်တွင် လက်ရှိရွှေတွင်းပေါင်း ၂၂ ခုရှိကြောင်း သိရသည်။
KNU နဲ့ငြိမ်းချမ်းရေးယူပြီးခါစပဲရှိသေးတယ် ဒီသတင်းကတက်လာတယ်။ ဘယ်လိုသဘောဆောင်သလဲ နားမလည်ပေမယ့် သာမန်ပြည်သူတစ်ယောက် အနေနဲ့ကတော့ ဟိုတစ်ခါ Al Jazeera သတင်းဌါနက မိုးကုတ်ကျောက်တွင်းတွေကို သွားပြီးရိုက်ပြထားတဲ့ သတင်းလေးကိုသတိရမိနေတယ်။ နိုင်ငံတော်က ရွှေတွင်းတွေဘာတွေ လုပ်ဖို့များအစီအမံရှိခဲ့ရင် ကရင်တိုင်းရင်းသားများအတွက် လက်ဝါးကြီးအုပ်ခံရခြင်း၊ အဓမ္မမြေအသိမ်းခံရခြင်း အစရှိတဲ့ဘေးများက ကင်းဝေးကြစေဖို့ စောစောစီးစီး ဆုတောင်းပေးလိုက်ပါတယ်။
မောင်သစ်စိမ်း(MMCP)
0 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မြောက်ဥက္ကလာ လူထုကိုပြောကြားသောမိန့် ခွန်း(ရုပ်/သံ)
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ သရက်ထောင်ကနေ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းကနေ လွတ်မြောက်လာခဲ့တာ ဖြစ်ပြီး လမ်းတလျှောက် မြို့ နယ်တွေမှာ လူထုကို တရားဟောခဲ့ရတာကြောင့် မြောက်ဥက္ကလာကို ရောက်ချိန်မှာ ပင်ပန်းနွမ်းနယ်စပြုနေပြီဖြစ်ပါတယ်။ သရက်ထောင်ကအတူတူလွတ်လာတဲ့ ကိုတင်ထွဋ်ပိုင်ကို အိမ်ဝင်ပို့ရင်းနဲ့မြို့ခံ မြောက်ဥက္ကလာလူထုနဲ့တွေ့ တာဖြစ်ပါတယ်။ လူထုရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကို အထင်းသားမြင်ရပါတယ်။(Zaw Win)
သရက်ထောင် ကနေ ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိလာတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၈ နာရီခွဲမှာ ကြိုဆိုနေတဲ့ မြောက်ဥက္ကလာ လူထုကို မိန့် ခွန်းပြောခဲ့ပါတယ်။
BurmaVJ Media network

ကိုမင်းကိုနိုင် တောင်ဥက္ကလာ ရှိ မိဘများနေအိမ်သို့ ရောက်ရှိလာစဉ်။(Popular Myanmar News Journal)
0 ထောင်ထဲမှာပြင်းပြင်းထန်ထန်အနှိပ်စက်ခံခဲ့ရပြီးလွတ်မြောက်လာတဲ့ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို NLD ရုံးမှာ ယနေ့တွေ့ရသော မြင်ကွင်း ။
BGသွေးအကူအညီပေးရေးအဖွဲ့နဲ့အတူဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့သူ့ရဲ့လေးစားဂုဏ်ယူဖွယ်ကောင်းတဲ့လူမှုရေးလုပ်ဆောင်ချက်များအားvideoဖိုင်တိုလေးများတစုတည်းပေါင်းဖော်ပြပေးလိုက်ပါတယ်.. ဒီနေရာမှာ ကြည့်လို့ရပါတယ်..
Photo..Ah Bayah Facebook
0 ခေတ်ကို ပြောင်းဖို့ ဘက်ပေါင်းစုံက ကြိုးစားဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ် တိုက်တွန်း (ရုပ်/သံ)
ဘူးသီးတောင်ထောင်မှ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်သည် ဒီကနေ့ နေ့လည် ၃နာရီခန့်တွင် ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည် ။
Burma vj media network
ထွန်းနေအောင်(ရွှေမြစ်မခ)
ဇန်န၀ါ၇ီလ ၁၄၊ ရန်ကုန်မြို့။
ဇန်န၀ါရီလ ၁၂ရက်နေ့လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဘူးသီးတောင်ထောင်မှ လွတ်မြောက်လာသော ကိုဋ္ဌေးကြွယ်ကို ဇန်န၀ါရီလ ၁၄ ရက်နေ့၊ ညနေ ၅နာရီဝန်းကျင်အချိန်ခန့်တွင် သူ၏ နေအိမ်၌ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ထောင်ကျခဲ့ရတာနဲ့ ထောင်ထဲမှာ ကြုံခဲ့ရတဲ့ အနေအထားလေး ပြောပြပေးပါ။
ဖြေ။ ။ ထောင်ထဲကကြုံခဲ့ရတဲ့ အခြေအနေတွေကတော့ အများကြီးပေါ့ (၂၀၀၇) ရွှေဝါရောင်သံဃာ့အရေးအခင်း လှုံ့ဆော်ခဲ့ မှု့တွေနဲ့ ပတ်သတ်ပြီးတော့ ထောင်ကျခဲ့ပါတယ်။ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ပေါ့၊ (၆၅)နှစ်နဲ့ (၆)လ ကျပါတယ်။ ပုဒ်မတွေကတော့ တပ်ချင်တာတွေတပ်နေတာပါပဲ၊(၆)လ ဆိုတာကတရားရုံးမှာ သူတို့ကို ပြန်လှန် မေးခွန်းထုတ်မှု့နဲ့ပါ၊ကိုမင်းကိုနိုင် အပါအ၀င် (၉)ယောက်ဟာ တရားရုံးကို မထေမဲ့မြင်မှု့ ဆိုပြီးတော့ (၆)လထပ်တိုးပါတယ်။
မေး။ ။ ခုလွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အခု လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး ပါတယ်။ (၈၈) မျိုးဆက်ကျောင်းသား အပါအ၀င် အဓိက ခေါင်းဆောင် တော်တော်များများပါလာ ပါတယ်။ ခုလိုလွှတ်ပေးခြင်း အပေါ် ၀မ်းသာတယ် ဆိုတာထက် ဒီလွှတ်ပေးမှု့ရဲ့ရလဒ်ကနေ ပေါ်ပေါက်လာမယ့် တိုင်းပြည်ရဲ့ကောင်းကျိုးတွေအတွက် ပိုပြီးတော့ ၀မ်းသာပါတယ်။ တိုင်းရင်းသားတွေ ကြားထဲမှာရော ကောင်းတဲ့ ရလာဒ်ပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ပှုးပေါင်းဆောင် ရွက်သွားဖို့ရော အစီစဉ် ရှိ ပါသလား။
ဖြေ။ ။ (၈၈) ထဲက ပှုးပေါင်းဆောင်ရွက်ခဲ့တာပါပဲ၊ ခုမှမဟုတ်ပါဘူး၊ အခု ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်တယ်ဆိုတာကလည်း တိုင်းပြည်ကို လွှတ်တော်ထဲကနေ ညင်သာတဲ့ အပြောင်းအလဲဖြစ်ဖို့ ကြိုးစားနေတဲ့ ကြိုးစားချက်ဖြစ်ပါတယ်
မေး။ ။ နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာတဲ့ အတွက် ဖြစ်လာနိုင်သော နိုင်ငံရေး အပြောင်းအလဲ။
ဖြေ။ ။ စပါပြီ၊ ပြောင်းလဲမှု့တွေ စပြီလို့တော့ ပြောလို့ရတယ်။
မေး။ ။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေနွေးတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
တွေ့ဆုံဆွေနွေး၊ အဖြေရှာခြင်းဟာ ကောင်းတဲ့အလုပ်ပါ။ အဲဒီကနေပြီးတော့ ခုလို ရလဒ်တွေ ဆက်တိုက်ထွက်လာတယ်။ ကွာခြားတာက အုပ်ချုပ်ပုံ စနစ်ပြောင်းပြီဆိုတဲ့ဟာကို သတိထားဖို့လိုပါတယ်။ ဟိုတုန်းက စစ်အစိုးရပေါ့။ စစ်အစိုးရရဲ့ဝန်ကြီးချုပ် ဦးသိန်းစိန်၊ အခု ပြည်သူကိုတာဝန်ခံရတဲ့ ဦးသိန်းစိန် နဲ့ အနှစ်သာရခြင်းလည်း မတူပါဘူး။ အသွင်သဏ္ဍာန်ခြင်းလည်းမတူပါဘူး။
မေး။ ။ ဒီမိုကရေစီ နိုင်ငံစစ်စစ်ဖြစ်ဖို့အတွက် ဘယ်အပိုင်းတွေကို အရင်ဆုံး ပြုပြင်သင့်ပါသလဲ။
ဖြေ။ ။ တခွန်းတည်းပြောပြရရင်တော့ တရားမျှတရေးပေါ့။ ဒီကြားထဲမှာ နိုင်ငံရေး၊စီးပွားရေး၊လူမှု့ရေးတွေမှာ တရားမျှတမှု မရှိဘူး ဆိုရင် ဒီလိုနိုင်ငံကို ဒီမိုကရေစီ ပေးလို့ကိုရမှာမဟုတ်ဘူး။ ဒီမိုကရေစီ ဆိုတာ ပေးပါပေးပါ ဆိုပြီးတောင်းနေရတဲ့ ကိစ္စမဟုတ်ပါဘူး။ကျွန်တော်တို့ နိုင်ငံသားတွေ လက်တွေ့ကျင့်သုံးဖို့လိုပါတယ်။နိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေးဘာလဲဆိုတာ သိနေရမယ်။ဒီအခွင့်အရေးကို ရယူပြီးတော့ ထိန်းသိမ်းနိုင်စွမ်းလည်း ရှိရပါ့မယ်။ ကိုယ်ကအခွင့်အရေးတော့လိုချင်တယ်။ တာဝန်ယူပြီး မလုပ်ဘူးဆိုရင်လည်း မဖြစ်ပါဘူး။ တာဝန်ခံပြီး၊ တာဝန်ယူပြီး တွဲသွားရမယ်။ အဓိကအားဖြင့် တရားမျှတရေး ရှိမှ ဖြစ်မှာပါ။
မေး။ ။ ပါတီနိုင်ငံရေးမလုပ်ဘဲနဲ့ နိုင်ငံရေးလုပ်နေတဲ့သူတွေကို အကြုံပြုစကားလေး ပြောပေးပါ။
ဖြေ။ ။ နိုင်ငံရေးဆိုတာ ပါတီဖွဲ့ပြီးမှ လုပ်ဆောင်ရတဲ့ နိုင်ငံရေးလည်းရှိတယ်။ ဒါကတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊စီမံခန့်ခွဲမှု့ အပိုင်းထိကို သွားဖို့ပေါ့လေ။ လွှတ်တော်ရဲ့ပြင်ပကနေ လူထုကို အခြေခံတဲ့ အဖွဲ့အစည်းတွေ အလုပ်တွေ လုပ်ဖို့ကလည်း အင်မတန်ကို လိုအပ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေ ပြုရေးဆိုတဲ့ (၃) ရပ်နဲ့တင် မလုံလောက်တော့ပါဘူး။ သတင်းမီဒီယာတွေလည်း လိုအပ်ပါတယ်။
မေး။ ။ လက်ရှိ ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ကို ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ။ မြန်မာပြည်သူတွေက နိုင်ငံရေးနဲ့ ပတ်သတ်ရင်တော့ အရမ်းနိုးကြားပါတယ်။ အရှေ့တောင်အာရှ နိုင်ငံ အားလုံး မှာ မြန်မာ ပြည်သူတွေလောက် မတရားမှု့ကိုကျင့်သုံးနေတဲ့ အစိုးရတွေကို စိန်ခေါ်ခဲ့တဲ့ နိုင်ငံ တနိုင်ငံမှ မရှိပါဘူး။ ကျွန်တော်တို့ ပြည်သူတွေကို ဖိနှိပ်လို့ ရခြင်ရမယ်၊ ဒါပေမယ့်လို့ ဒီပြည်သူတွေရင်ထဲက အမှန်တရားကို ချစ်တဲ့စိတ်၊ လွတ်လပ်ချင်တဲ့စိတ်၊ လွတ်လပ်မှု့ကို မြတ်နိုးတဲ့စိတ် ဒါတွေကိုတော့ ဖိနှိပ်လို့ မရပါဘူး။ ဒါကို သူရယ် ကိုယ်ရယ်လို့ စဉ်းစားမနေပဲနဲ့ အစိုးရကလည်း အစိုးရအဖွဲ့အစည်းတွေရော အခု နိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ အင်အားစုအားလုံး အသီးသီးဟာ တသားတည်း ခံစားပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အားလုံးစုပေါင်းပြီးတော့ ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။
မေး။ ။ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ဘာတွေလုပ်ပေးဖို့ ရှိနေပါသလဲ။
ဖြေ။ ။ နိုင်ငံရေး အရအကျဉ်းကျခံခြင်းဆိုတာက နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးပြစ်မှု့ ဆိုပြီးတော့ အကျဉ်းကျခံခြင်းဟာ တိုင်းပြည်မှာ မမျှတတဲ့ စနစ်တွေ ဖြစ်လာတဲ့ အခါမျိုးမှာ စနစ်ရဲ့ သားကောင်တွေ ဖြစ်လာတယ်။ အခု ဗိုလ်ချုပ်ခင်ညွှန့် တချိန်တုန်းက မဟုတ်တဲ့ စနစ်ကို သူတို့ အကောင်အထည် ဖော်ခဲ့ကြတယ်။ အဲ့စနစ်က အသားထဲ အသက်လည်း ၀င်သွားတဲ့ အခါမှာ အဲ့ဒီ စနစ်ရဲ့ သားကောင်အဖြစ် ပြန်ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ အုပ်ချုပ်ခံရသူတွေပဲ သက်ရောက်တာမဟုတ်ပါဘူး။ အုပ်ချုပ်တဲ့သူတွေ အပေါ်မှာလည်း သက်ရောက်ပါတယ်။ အဲ့လိုမျိုး အခြေအနေတွေပေါ့လေ၊ ဟိုတုန်းကတော့ အာဏာပိုင်စနစ်၊ အဲ့ဒီ အခြေနေတွေကနေခု စနစ်တစ်ခုလုံးပြောင်းနေပြီ ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့ နိုင်ငံရေး ပုံစံ ပြောင်းနေပြီ၊ ပြောင်းနေပြီ ဆိုတဲ့ အချိန်မှာ နိုင်ငံရေးကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေ မရှိသင့်တော့ဘူး။ စနစ်သစ်ကို လုပ်မယ်ဆိုရင်လည်း တကယ့် အသစ်ပဲဖြစ်စေချင်တယ်။ အဟောင်းကို ပုံစံပြင်တာမျိုး မဖြစ်စေချင်ပါဘူး။ ခုထောင်ထဲမှာ ကျန်နေသေးတယ်။ မလိုအပ်တော့ပါဘူး။ အစိုးရကို ပြောချင်တာက လွှတ်ပေးလိုက်ပါတော့။ မျှတတဲ့နိုင်ငံကို အားလုံး ၀ိုင်းဝန်းပြီးတော့တည်ဆောက်ကြမယ် လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ ခုလက်ရှိ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပြောရမယ်ဆိုရင် တကယ်ဖွံ့ဖြိုးသွားတဲ့ နိုင်ငံတွေရဲ့ထူထောင်ရေးတွေကို ပြန် ကြည့်ကြည့်၊ဘယ်နိုင်ငံမှာ မဆို မီဒီယာ လွတ်လပ်ခွင့်ဆိုတာရှိတယ်။ ဖွံ့ဖြိုးမှု့နဲ့ မီဒီယာဆက်စပ်မှု့ဟာ တသားတည်းလို့တောင် ပြောလို့ရတယ်။ ဂျပန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်အပြီးမှာ စစ်ရောကြေးတွေ တပုံတပင်နဲ့ တိုင်းပြည်ကို ပြာပုံထဲကနေ ပြန်ပြီးတော့ ရုန်းရတယ်။ အဲ့ဒီ နိုင်ငံဟာကမ္ဘာပေါ်မှာ တခုတည်းသော အနုမြူးဗုံးချခြင်းခံရတဲ့ နိုင်ငံ၊ တိုင်းပြည်က စစ်ရောကြေးတွေနဲ့ ပိနေတယ်။ နေ့တိုင်း ဆန္ဒပြပွဲတွေ ဖြစ်နေတယ်။ နိုင်ငံရေးပါတီ ရာကျော်ရှိနေတယ်။ အဲဒီအချိန်မှာ အာဏာရထားတဲ့ (LPP) ပါတီကလည်းရှိနေတယ်။ မီဒီယာတွေဟာ အစိုးရရဲ့ အခက်အခဲတွေကို ဖော်ပြတယ်၊ စစ်ရောကြေးဘယ်လောက်ရှိနေပြီ၊ ဘယ်လောက်ကြပ်တည်းမှု့ရှိနေပြီ၊ ဒါတွေတိုင်းပြည်ကို သိအောင်ပြောသလို၊ လူထုရဲ့အခက်အခဲတွေ အလုပ်လက်မဲ့နှုန်းတွေ ဘယ်လောက်ရှိနေပြီ၊ ငတ်ပြတ်နေတယ်၊ ဆင်းရဲနေတယ်ဆိုတဲ့ အခြေအနေတွေ ကိုလည်း အစိုးရသိအောင် ပြန်ပြောတယ်၊ မတရားမှု့တွေကိုလည်း ဒီအစိုးရသိမှဖြစ်မယ်၊ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အုပ်ချုပ်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ လူထုရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် မောင်းထိုးပေးရတဲ့ ကိစ္စပါ မီဒီယာလွတ်လပ်ခွင့်ဟာ ခုထက်ပိုပြီးတော့ လွတ်လပ်ဖို့လိုပါတယ်၊ မီဒီယာ လွတ်လပ်ခွင့်ကြောင့် တိုင်းပြည်ဟာကောင်းဖို့ပဲရှိတယ်၊ ဆိုးဖို့မရှိဘူးဆိုတာ ခုအုပ်ချုပ်ရေး အပိုင်းမှာရှိနေတဲ့ သူတွေ ပိုပြီးတော့ သိဖို့ သဘောပေါက်ဖို့ လိုအပ်ပါတယ်။
မေး။ ။ ပြည်သူတွေကို ပြောချင်တဲ့ စကားလက်ဆောင်လေး ရှိရင်လည်းပြောပေးပါဦး။
ဖြေ။ ။ တိုင်းပြည်က အပြောင်းအလဲတွေကို တကယ်သွားနေပါပြီ။ လူထုကလည်း ၀ိုင်းဝန်းပြီးတော့ ပူပေါင်းပါဝင်ကြပါလို့ ပြောချင်ပါတယ်။
“ဟုတ်ကဲ့ ကိုဌေးကြွယ်ကိုလည်း ကျွန်တော်တို့ ရွှေမြစ်မခက ကျေးဇူးတင်ပါတယ်။”(Shwe Myitmakha Media Group )