Sunday, January 15, 2012

0 ဒေါင်းသူရဲကောင်း မင်းကိုနိုင် ရဲ့ ရန်ကုန်အ၀င် မိန့်ခွန်း . .

ကျွန်တော် မတ်တပ်ရပ် ပြီးတော့ ထောင်ထဲက ထွက်လာနိုင်တာ အကြောင်းရှိ ပါတယ်။ အခုဆိုရင် ကျွန်တော်လို့ မတ်တပ်ရပ်ပြီး ထွက်မလာနိုင်ပဲ ပက်လက်ကလေး အသက်မပါဘဲ ထွက်သွားရတဲ့ သူတွေလည်း အများကြီးပါဘဲ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ အများကြီးပဲ ရှိပါတယ်။ အခုလို ကျွန်တော်ကို မိဘ အရင်းတွေနဲ့ အတူထပ်တူထပ်မျှ ကြိုဆိုခဲ့တယ်။ အဲဒီလို ပြည်သူလူထု တွေရှိတဲ့အတွက် ကျွန်တော် ယုံကြည်တဲ့အတွက် ဒီနေ့အထိ နေနိုင်ခဲ့တာပါ။ အဲတာကို ကျေးဇူး အများကြီး တင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

အခု ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ မိဘများရှေ့မှာ ကျွန်တော် ပြောချင်ပါ တယ်။ အဲဒီ ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ ဒုတိယမိဘများပါပဲ။ ကျွန်တော်ဟာ မိဘရင်းနှစ်ပါးက မွေးတာမှန်ပေမယ့် အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ၈၈မှာ နိုင်ငံ့ဝန်ကို ထမ်းခဲ့ပါတယ်။ ဒေါင်းအလံကို ကျွန်တော့်အဖေရဲ့ဆီဆေးတွေနဲ့
ုခြယ်ပြီးတော့ ကျွန်တော် ထွက်သွားခဲ့ရပါတယ်။ အခုမှ ကျွန်တော် အမေအိမ်ကို နောက်တစ်ခေါက် ပြန်ရောက်ရပါပြီ။ ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေ များပါပြီ။ ပထမ တစ်ခေါက်တုန်းက ကျွန်တော် ၁၆နှစ်ထောင်ကျပြီး ကျွန်တော် တိတ်တဆိတ်လေး အိမ်ကို ပြန်ခဲ့ရပါတာပါ။အခုကျတော့ ခေတ်ပြောင်းလာတယ်လို့ လွယ်လွယ် ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ လွယ်လွယ်နဲ့ရတာမဟုတ်ပါဘူး။ ဘာကြောင့်လဲ။ အားလုံးလည်း သိကြပါတယ်။ လောကကြီးမှာ အလကားရတာ ဘာမှ မရှိပါဘူး။
သရက်မြို့က ထွက်လာတဲ့ လမ်းတလျှောက်မှာ ခွပ်ဒေါင်းအလံတွေ ထူပြီးတော့ လမ်းတလျှောက်မှာ ပိတ်ဆို့ထားတာ စင်မြင့်တွေ ထားပြီးတော့ အသံချဲ့စက်တွေ ထားပြီးတော့ နောက်ဆုံးဗျာ ရဲတပ်ဖွဲ့ကတောင် လာပြီးတော့ အကူအညီပေးရတယ်။ ပေးဆပ်ခဲ့လို့ပါ။ ထိုက်ထိုက် တန်တန် ပေးဆပ်ခဲ့ရလို့ ထိုက်ထိုက်တန်တန် ပြန်ရတယ်လို့ ယူဆပါ တယ်။

နောက်ထပ်တစ်ဆင့် ဒီမိုက ရေစီ ပိုပါတယ်။ လိုချင်ကြတယ် မ ဟုတ်လား။ လိုချင်တယ်ဆိုရင် နောက်ထပ် ထိုက်ထိုက်တန်တန်ကြိုး စားရဦးမယ်ဆိုတာလည်း လက်ခံ တယ်မလား။ ထိုက်ထိုက်တန်တန် ပေးဆပ်ဖို့အတွက် ခွန်အားတွေရော ရှိသေးတယ် မဟုတ်လား။ ကျွန်တော်တို့က ဓားမှန်းသိအောင်လို ဓားအိမ်ကောင်းကောင်း ပြစားရုံနဲ့ ဓားမှန်းသိတယ် ဆိုရင်တော့ လုံလောက်တယ်ပေါဗျာ၊ မဟုတ်ရင်တော့ တစ်ခါ တစ်ခါကျရင် ဓားမှန်းသိအောင် ဓားအိမ်ထဲကနေ ထုတ်ပြရတာလေးတွေလည်း ရှိတာပေါ့။ အဲဒီ သတ္တိမျိုးကော ရှိသေးလား။ ဒါဆိုလို့ရှိရင် လောလော ဆယ်ကတော့ စည်းကမ်းရှိပြီး ညီညွတ်ဖို့ လိုပါတယ်။

အခုချိန်မှာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို နောက်ဆုံး ပြောပြပါ့မယ်။ လမ်းတလျှောက်လုံးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကျွန်တော်တို့ကို လုံးဝ နှောက်ယှက်တာ မရှိဘူး။ တားမြစ်တာ မရှိဘူး။ စိတ်ငြိုငြင်အောင်လို့ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ တစ်ခါတစ်ရံ လမ်းတွေပိတ်ဆို့သွားတာရှိရင် ကျွန်တော် တောင်းပန်တယ်။ ဖယ်ခိုင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ကြောင့် လမ်းပိတ်သွားတယ် ဆိုတာမျိုး အဖြစ်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆို ရင် ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်ဆိုတာ ပြရမယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်အောင်ဆိုရင် စည်းကမ်းမဲ့တာတွေကို ကျွန်တော်တို့ စပြီးတော့ ရှောင်ကျဉ်ရမယ်။
အားလုံးဟာ အနှစ် ၂၀ကျော် ဘဝတွေ များစွာ၊ အသက်တွေ များစွာ ပေး ခဲ့ပြီးမှ ရခဲ့တာ၊ လမ်းမှာ ကျွန်တော် တွေ့ခဲ့တယ်။ တစ်ချို့ လယ်ထဲတွေ ကနေတက်လာပြီးတော့ ရွာသူမလေးတွေက ငိုတာ၊ ဘာ ဖြစ်လို့ ငိုတာလည်းလို့ မေးကြည့် တဲ့အခါ တစ်ချို့အရပ်တွေမှာ သူတို့ သားတွေ၊ သူတို့မောင်တွေဟာ ထောင်တွေထဲမှာအသက်ပေးလိုက် ရတဲ့ ကျောင်းသားတွေ၊ အဲဒီတော့ သူတို့က ပြောတယ်။ မင်း ကံ ကောင်းပါတယ်ကွာတဲ့၊ ငါတို့မောင် လေးဆိုရင် မရှိတော့ဘူးတဲ့၊ ကျွန်တော် အင်မတန်ခံစားရတယ်။ နောက် အဘိုးကြီးတစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ ငါဟာ လူအို တစ်ယောက်ပါကွာတဲ့။ နောက်ထပ်တစ်ခါ မင်းတို့ကို ထောင်မကျစေချင်တော့ဘူး။ နောက်ထပ်တစ်ခါ မင်းတို့ကို မမြင်ရက်ဘူး။ အဲဒီ အဖြစ်မျိုးကို ငါမကြုံချင်တော့ဘူးတဲ့။ အဲဒီတော့ အဲဒီလို မကြုံစေချင်ဘူး။ အဲဒီလို မိတစ်ကွဲ ဖတစ်ကွဲနဲ့ မိဘပြည်သူတွေရဲ့ မျက်ရည်တွေကို ကျွန်တော်တို့ မမြင်ရက်တော့ဘူး။ အမှန်တကယ်ကတော့ မျက်ရည်ကို သုတ်ပေးရပေမဲ့ ကျွန်တော်တို့အပေါ်ကို မျက်ရည်ကျခဲ့ရတဲ့ ဘ၀၊ အဲဒီလို အနိဌာရုံ၊ စနစ်ဆိုးကြီးတွေကို မချုပ်ငြိမ်းစေချင်ဘူးလား၊ ညနေပြန်လို့ရှိရင် မိသားစု ထမင်းဝိုင်းတွေ အိမ်မှာ လူစုံတာမျိုးကို ကျက်သရေ မရှိဘူးလားဗျာ။ တကယ်ပါ။ ဘယ် မိသားစုမဆို မိသားစုစုံညီ ထမင်းဝိုင်းလေးတွေကို မြင်ချင်ကြမှာပါ။

နောက်ဆုံး နိုင်ငံရေး လုပ်သည်ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ထောင်ကျကျ၊ မကျကျ အကြောင်းကြောင်းကြောင့် တိုင်းတပါးမှာ ဆင်းဆင်းရဲရဲနဲ့ အသက်မွေးခဲ့ရတဲ့ မိသားစုတွေ အများကြီး ရှိပါတယ်။ ကွဲကွာနေရတယ်။ အားလုံးက ကိုယ့်မိသားစုနဲ့ ကိုယ် နွေးနွေးထွေးထွေး နေပြီးတော့ ညနေကျရင် လူစုံအိမ်၊ လူစုံတဲ့အိမ် လူစုံတဲ့ ထမင်းဝိုင်းဖြစ်အောင်လို့ အားလုံးဝိုင်းပြီးတော့ အလုပ်လုပ်နိုင် ကြမယ် မဟုတ်လား။

ကောင်းမွန်တဲ့ ရည်ရွယ်ချက် ယုံကြည်ချက် အဲတာတွေ အားလုံးအတွက် ကျွန်တော်တို့ လက်တွဲကြမယ်ဆိုရင် အဖွဲ့အစည်း အစွဲအလန်းမထားပဲ လက်တွဲမယ်။ သဘောတူပါသလား။ ဘယ် အဖွဲ့အစည်း ဝင်သည်ဖြစ်စေ၊ မဝင် သည် ဖြစ်စေ၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ တစ်ပိုင်တစ်နိုင်ပေါ့။ ခုနက တစ်ယောက်က ပြောပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာပြောချင်လဲတဲ့။ အဲတာကတော့ နောက်ဆုံးကျတော့ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ ရင်ခွင်ကို ခွပ်ဒေါင်းအလံနဲ့ အတူ အိုးဝေ အိုးဝေအသံပေးပြီးတော့ ဟိုးတုန်းက၊ ၈၈ က ဒေါင်းတွေ ပြန်ရောက်ပါပြီ။ မိဘ ပြည်သူတွေရဲ့ ရင်ခွင်ကို ကျွန်တော် ပြန်ရောက်ပါပြီလို့ ပြောရင်း နှုတ်ဆက်ပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.