Wednesday, January 18, 2012

0 မဲရုံမှာ သက်သေအဖြစ် လုပ်တုန်းက အတွေ့အကြုံလေးများ


(ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုဖြစ်ရေး အတွက်ရည်ရွယ်ပြီးဒီပို့စ်လေးကိုတင်လိုက်ပါတယ်)
ကျွန်တော့အတွက်တော့ မဲပေးရသည်ဆိုသည်မှာ ပထမဦးဆုံး အတွေ့အကြုံဟုဆိုရပေမည်။ ထို့အတူ ထိုကဲ့သို့သော ရတောင့်ရခဲ အတွေ့အကြုံမျိုးကို ကျွန်တော်လက်လွတ်မခံခဲ့ပါ။ ကျွန်တော် မဲပေးချင်သော ပါတီအဖွဲ့အစည်းမှာ ထိုအချိန်က မပါခဲ့သော်လည်း မဲပေးရန်သင့်သည်ဟု ထင်သောပါတီအဖွဲ့အစည်းကို ကျွန်တော် မဲပေးခဲ့သည်။

သတ်မှတ်ထားသော နောက်ဆုံးအချိန်ကို ရောက်တာနဲ့ မဲရုံတံခါးကို ပိတ်ရန် အနီးအနားတွင် “မဲပေးမည့်သူရှိ သေးလား” ဟု သုံးကြမ်သုံခါအော်ပြီး နောက်ဆုံ မဲပေးမည့်သူ အရိပ်အရောင်မရှိတော့မှသာ တံခါးကို ပိတ်ခဲ့သည်။ ထိုသို့ပိတ်ရန် ငါးမိနစ်၊ ဆယ်မိနစ် အလိုလောက်ကပင် ကျွန်တော်သည် မဲရုံသို့ကြိုရောက်ကာ ရပ်ကွက်လူကြီး(ယခင်) ကို သွားရောက် အကြောင်းကြားသည်။ “ကျွန်တော် မကြုံဖူးလို့ ဘယ်လိုမျိုးလဲဆိုတာ ကြည့်ချင်လို့ပါ” ဟုပြောပြီး ခွင့်တောင်းတဲ့အခါ ရပ်ကွက်လူကြီးက “လူသက်သေ အနေနဲ့နေမယ်ဆိုရတော့ ရပါတယ်။ ဒီအတိုင်း ကြည့်မယ်ဆိုရင်တော့ မရဘူးကွ” ပြန်ပြောတာနဲ့။ ကျွန်တော်လည်း ဘာမှတွေးမနေပဲ သိချင်တဲ့စိတ်ကများနေတာနဲ့ “ရတယ် သက်သေလုပ်မယ်” ဆိုပြီး ပြန်ပြောလိုက်ပါတယ်။ ရပ်ကွက်လူကြီးကလည်း “ဒါဆိုရင်တော့ ရတယ်” လို့ ပြန်ပြောပြီးပြီးချင်းပဲ ကျွန်တော် အိမ်ကို ဖုန်းဆက်လိုက်တယ် “ငါမဲရုံရောက်နေတယ်။ သက်သေအနေနဲ့ငါနေရမှာ” ဆိုပြီး အကျိုးအကြောင်းကို အသိပေးလိုက်တယ်။

သိပ်မကြာတဲ့ အချိန်မှာပဲ မဲရုံတံခါး ပိတ်ဖို့ အော်တဲ့အသံကြားတယ် ပြီးတော့ မဲရုံတံခါးကို ပိတ်လိုက်ပါတယ်။ မဲရုံထဲမှာလည်း မဲပေးမယ့်သူ မရှိတော့တဲ့အတွက် မဲရည်ဖို့ ကျွန်တော်အပါအဝင် သက်သေ ၁၀ ယောက်ကို မဲရုံမှူးက ခေါ်ပါတယ်။ မဲပုံတွေကို မဲရည်မယ့်နေရာကို ရွှေ့ပြီး သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ် တွေကိုလည်း ခေါ်ပါတယ်။

အားလုံးသေသေချာချာ နေရာယူပြီးတဲ့ အခါမှာ မဲပုံတစ်ပုံကို စဖွင့်ပါတယ်။ အဲ့ဒီမှာစတွေ့တာပါပဲ ကြိုတင်မဲဆိုတဲ့ အထုပ်ကို ယူလာပြီး မဲတွေနဲ့ ပေါင်းလိုက်တယ်။ မဲရုံမှူးလို့သာ ပြောပါတယ် မဲကို ဘယ်လိုခွဲမယ် ဘယ်လိုရည်မယ် ဆိုတာကို သေသေချာချာ မသိတာပဲလား၊ သိပင့်မယ့် တကယ်လည်းလုပ်ရော ဟိုလိုလို ဒီလိုလို ဖြစ်တာလားတော့ မသိဘူး။ မဲတစ်ပုံး ကို ရည်တာ တော်တော်လေးကြာသွားတယ်။ ရည်ဖို့က နောက်ထပ် ၄ ပုံးကျန်သေးတယ်။ ကျွန်တော်တို့ဆီမှာက တိုင်းရင်းသား ကိုယ်စာလှယ် မဲပုံးလည်းပါတော့ စုစုပေါင်း မဲပုံး ငါပုံပါ။

ကျွန်တော်လည်း မနေနိုင်တော့တာနဲ့ နောက်တစ်ပုံ စမရည်ခင်မှာ “ဒီလိုမျိုးလုပ်ပါလား”ဆိုပြီး “အရင်ဦးဆုံး ပါတီအဖွဲ့အစည်းအလိုက် လွှတ်တော်ကိုယ်စားလှယ်မဲတွေ ပယ်မဲတွေကို သပ်သပ်စီခွဲ ပြီးတော့မှ ခွဲထားတဲ့မဲတွေကို ရည်ပေါ့” ဆိုပြီးပြောတော့မှပဲ မဲရုံမှူးက ကျွန်တော်ပြောတာကို သဘောပေါက်လက်ခံပြီး ကျွန်တော်ပြောတဲ့ အတိုင်း လိုက်လုပ်တယ်။ ဒုတိယမြောက်မဲပုံကို မဲခွဲအပြီး မဲလည်းရည်ရော အဲ့ဒီမှာ ထပ်တွေ့တာပဲ။

မဲရည်နေရင်နဲ့ မဲတစ်မဲက ပယ်မဲလို့သတ်မှတ်မလိုဖြစ်နေတော့ ပယ်မဲလို့ သတ်မှတ်ကြောင်းအားလုံး ကြေငြာပြီး မဲဆက်ရည်မယ်လုပ်တော့ ခုနကရည်ထားတာ ဘယ်လောက် ရောက်သွားလဲဆိုတာ သေသေချာချာ မသိတော့ အစကနေ ပြန်ရည်ရတော့တာပေါ့။ ကျွန်တော်ကလည်း မနေနိုင်ပါဘူး။ ထပြီး ထပ်ပြောတယ်။ “မဲကို ပိုက်ဆံခေါက်သလို ဆယ်ရွက်တစ်ခေါက် စီခေါက်ပါလား” လို့ ပြောတော့ မဲရုံမှူးက အင်တင်တင်နဲ့ ကျွန်တော်ပြောတာက ကောင်းတော့ ကျွန်တော်ပြောတဲ့ အတိုင်း မဲကို ရည်ပါတယ်။ သိပ်မကြာပါဘူး ဒုတိယမြောက်ပုံရည်ပြီးသွားပါတယ်။

အဲ့ဒီဒုတိယမြောက်မဲပုံကို ရည်ပြီးတဲ့ အချိန်မှာ ကျွန်တော် သတိထားမိတာက သက်သေ ၁၀ ယောက်က ၅ ယောက်ပဲကျန်တော့တယ်။ ကျန်တဲ့ ၅ ယောက်က ဘယ်ရောက်သွားသလဲ ဆိုတော့ ရပ်ကွက်လူကြီးက သက်သေလုပ်ပေးလို့ အရက်တိုက်တာ သွားသောက် နေလေရဲ့။ တတိယမြောက်ပုံ ကို ရည်ရင် တဝက်လောက်လည်းအရောက် မီးက ကောက်ကနည်း ပျက်သွားတယ်။ ဘယ်ရမလည်း ကျွန်တော်တို့ ကျန်တဲ့သက်သေတွေမှာ ဓါတ်မီးကိုယ်စီပါလာတော့ ချက်ချင်းပဲ ဓါတ်မီးတွေဖွင့်လိုက်တာ တော်တော်လေး ပြန်လင်းသွားတယ်။ မီးကသိပ်တော့မကြာပါဘူး ပြန်လာပါတယ်။ မီးပြန်လာတော့မှပဲ မဲရည်တာကို ဆက်လုပ်တယ်။

ဒီလိုနဲ့ပဲ မဲရည်တာ ည ၉ နာရီ ၄၅ မိနစ် လောက်မှာ အားလုံးပြီးသွားတယ်။ နောက်တစ်နေ့ ကျွန်တော် ထပ်ကြားတာက မြို့နယ် အဆင်မှာ ကြိုတင်မဲတွေနဲ့ထပ်ပေါင်း တယ်ဆိုတာပါပဲ။ ကျွန်တော့်တို့ ရပ်ကွက် အဆင့်မှာလည်း ကြိုတင်မဲတွေကို ပေါင်းပြီးပြီ ဘာလိုထပ်ပေါင်းသလဲ ဆိုတာကတော့ သူတို့ပဲ သိမှာပါ။


ဒါကတော့ ကျွန်တော် တွေ့ကြုံခဲ့တာလေးတွေကို ဝေမျှတာပါ။

ဒီအတွေ့အကြုံလေးနဲ့ပက်သက်ပြီး ကျွန်တော်ပြောချင်တာက……………

လျှပ်စစ်မီး

- မဲရည်နေစဉ်အချိန်တွင် လျှပ်စစ်မီးလာ သင့်ပေသည်။

- ကျွန်တော်တို့ မှာတော့ လျှပ်စစ်မီး ပျက်လို့ ဓါတ်မီးသုံးခဲ့ရပါတယ်။

မဲပုံး - မဲပုံးကို ချိတ်တွေသော့တွေနဲ့ ပိတ်ထားသင့်သည်။

- မဲပုံး နဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့ဆီက မဲပုံကို ပိတ်ထားတာက ရိုးရိုး တိပ် အကြည်လေးနဲ့ပါ။

မဲရည်သည့် စနစ်ပုံစံ

- မဲ့ကိုမည့်သို့ မည်ပုံ ရည်ရမည်ဟူသော စနစ်ပုံစံထားရှိသင့်သည်။

- ကျွန်တော်တို့ မဲရုံမှူး ကတော့ အဆင်ပြေသလိုလုပ်သွားပါသည်။

လူသက်သေ
- မဲပုံး အတွင်းတွင် မဲရုံ မဖွင့်မီ မဲမရှိကြောင်း၊ မဲထည့်စဉ်နှင့် မဲရုံပိတ်ပြီး မဲရည်ရာတွင် မသာမမှုမရှိကြောင်း စောင့်ကြည့်ရန် အတွက် လူသက်သေသည် မဲရုံစဖွင့်သည် မှ မဲရုံပိတ်၍ မဲရည်သည်အထိ မဲရုံအတွင်းတွင် ရှိနေသင့်ပါသည်။

- သို့သော် ကျွန်တော်တို့တွင် မဲရုံပိတ်ခါနီးမှစရောက်ကာ မဲရည်နေတဲ့အချိန်မှာတောင် ရပ်ကွက်လူကြီးက အရက်တိုက်သဖြင့် သက်သေတစ်ဝက်မှာ အရက်သွားသောက်နေပါသည်။နောင်တစ်ချိန်မှာ ဒီလိုမျိုး မဖြစ်ရလေအောင်ပါ။

ဖြိုးဇာနည်ဝင်း (ခ) ဇွဲမာန်ဟိန်း

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.