Wednesday, May 23, 2012

0 ယနေ့ ည ၇ နာရီတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင် နှင့် အဖွဲ့  လျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ် ဖော်မည်


မြန်မာ့ ပြည်တွင်း ပြည်သူ လူထုအား အမှောင်ချထားပြီး ပြည်တွင်းထွက် လျှပ်စစ်ဓါတ်အားများကို နိုင်ငံခြားသားများ အတွက် ရောင်းချနေခြင်းအား ၀မ်းနည်းကြောင်း ပြသသည့် အနေဖြင့် ယနေ့ည ၇ နာရီတွင် ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် နံဘေး သစ်ဆိုင်ကွေ့မှတ်တိုင် ရှိ မြို့နယ် လျှပ်စစ် ရုံးရှေ့တွင် ဖယောင်းတိုင်ထွန်းကာ အမှောင်ထုတွင်း ငြိမ်သက်စွာ ရပ်ပြီး မြန်မာ့မြေမှ ထွက်သော သယံဇာတများ မြန်မာပြည်ထောင်စု ပြည်သူ့အတွက်သာ ဖြစ်ပါစေကြောင်း ဆုတောင်း ပါမည်။

မိမိတို့ အခြေခံလူတန်းစား ပြည်သူလူထု နှင့် တန်းတူ အရေးကြီးပုဂ္ဂ္ဂိုလ်များ နေထိုင်ရာ ဗွီအိုင်ပီ ရပ်ကွက်များသည်လည်း အမှောင်ချထားခံရသည် ဆိုပါလျှင် ထို ရပ်ကွက်နေ ဗွီအိုင်ပီ များ လည်း ကျနော်နှင့် အတူ လာရောက် ဆုတောင်းနိုင်ပါသည်။

မှောင်မိုက်မိုက်တွင် ကျနော်တို့နှင့် အတူတူ အခက်ကြုံ နေရသော ပြည်သူ့ရဲ ၀န်ထမ်း မိသားစုများ အပါအ၀င် လျှပ်စစ်ကြောင့် ဖိစီးဒုက္ခရောက်နေကြသော ၀န်ထမ်းများ မည်သည့် အဖွဲ့အစည်းမှ မဆို လာရောက် ပူးပေါင်း ဆုတောင်း နိုင်ပါသည်။

(ဗိုလ်ကြီးဟောင်း) နေမျိုးဇင်

1 "ဖယောင်းတိုင်ဝန်ကြီး"


လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆိုသူ (ဦး) ဇော်မင်း
၏သမိုင်းဝင် ပြောကြားချက်
... =================================
ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ "လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင် သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါး ပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲ မလုပ်ခင်မှာ ဂျာနယ် တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါး ရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့
ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲ ရေးတယ်ပြောလိုက်၊ ငါရေးတယ် ဆိုလို့ရှိရင် မကောင်းဘူး ဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေ၊ ကျွန်တော် အသာလေး ဖြေနိုင်ပါတယ်။
(ဇော်မင်း - လျှပ်စစ်ဝန်ကြီး)

Hlaing Bwa

1 ၂၄နာရီပြည့်ဝစွာ မီးရရှိရေးအတွက် ရန်ကုန်တွင် ပထမဦးဆုံးအကြိမ်ငြိမ်းချမ်းစွာတောင်းဆို

ခြေမသန်တော့သည့်ကြားက ဆုတောင်းလမ်းလျှောက်ခဲ့သော ကုန်ဈေးနှုန်းကျဆင်းရေးခေါင်းဆောင် ကိုထင်ကျော်

မေလ(၂၂)ရက်နေ့ ည(၇း၀၀)နာရီတွင် ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားတ၀ိုက်တွင် လူအယောက် ခြောက်ဆယ်ခန့် ၂၄ နာရီ ပြည့်ဝစွာ လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များ ကိုင်ဆောင်ကာ လမ်းလျှောက် တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုမှုအား မြို့တော်ခန်းမအနီးရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင်မှ စတင်၍ မီးထွန်းထား သောဖယောင်းတိုင်များ ကိုင်ဆောင်ကာ ဆူးလေဘုရားတောင်ဘက်မုဒ်မှတတ်၍ ရင်ပြင်တော်၌ တစ်ပတ်ပတ်ကာ ဘုရားမီးပူဇော်၍ မြန်မာနိုင်ငံ ၂၄ နာရီ လျှပ်စစ်မီးပုံမှန် ရရှိရေးအတွက် ဆုတောင်းခဲ့သည်။

“ပြည်သူတွေအမှောင်ထဲထိုင်နေရတော ကျွန်တော်ကလည်း ရောဂါရှိနေပေမယ့် ပြည်သူတွေ ၂၄ နာရီမီးရရှိရေးအတွက် ဒီလိုထပြီး ငြိမ်းချမ်းစွာဆန္ဒပြတာပါ၊ ဒါကျွန်တော်တို့ရဲ့အလုပ်လည်းဖြစ်ပါတယ်” ဟု ဆန္ဒပြရာတွင်ပါဝင်ခဲ့သော ခြေထောက်မသန်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က ခြေမသန်သည့်ကြားမှ လမ်းလျှောက်ဆုတောင်းပွဲတွင် ပါဝင်ရင်း ပြောသည်။

ငြိမ်းချမ်းစွာဆန္ဒပြမှုတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သော ဒေါ်နော်အုံးလ၊ ကိုဟန်ဝင်းအောင်၊
ဦးဝင်းချို တို့နှင့် ပြည်သူလူထုမှပူပေါင်း၍ ပါဝင်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့အနေနဲ့ကိုယ့်စိတ်ဓါတ်နဲ့ကို လာပြီးတောင်ဆိုတာဖြစ်ပါတယ် ဘယ်သူ့ဦးဆောင်မှုမှမပါဘူး”ဟု ကိုယ်ဟန်ဝင်းအောင်က ပြောသည်။

ထို့ပြင် ငြိမ်းချမ်းစွာဆန္ဒပြသော ပြည်သူများအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင် နှစ်ရာခန့်လာရောက် ကြီးကြပ်ခဲ့
ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဥပဒေကြောင်းအရ တားဆီးပိတ်ပင်မှုအချို့ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ ပြည်သူလူထုအဖွဲ့မှာ လမ်း၃၀ ဘက်သို့ လမ်းလျှောက်ရန် ဦးတည်ခဲ့သော်လည်းလမ်းလျှောက်ခွင့် မပြုဘဲ တားဆီးခဲ့ပြီး ဘုရားပေါ်တက်ခွင့်သာပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးရရှိရေးတောင်းဆိုမှုအား လွန်ခဲ့သည်ရက်အနည်းငယ်မှ သုံးခွ၊ မုံရွာ၊ မန္တလေး၊ ပြည် မြို့များတွင် စတင်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့တွင် ယနေ့မှ စတောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ တောင်းဆိုပွဲအား ရန်ကုန်မြို့၌ ယနေ့မှစတင်၍ မီး(၂၄)နာရီ မီးရရှိသည်အထိ ဆက်လက်၍ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထွန်းနေအောင်၊ စောဇင်ညီ ( မြစ်မခ )

0 လောင်စာစွမ်းအင် အလုံအလောက် ရှိပေမယ့် စွမ်းအင် ပြဿနာ ကြီးမားနေရတဲ့ မြန်မာနိုင်ငံ


လျှပ်စစ်ဓါတ်အားကို ပြည်တွင်းမှာ ထုတ်ပြီး ပြည်သူတွေ သဘောတူညီမှု မယူဘဲ ပြည်ပကို ရောင်းစားသွား ခဲ့တဲ့ အရင်စစ်အစိုးရအပေါ် လူထုက မကျေနပ်ကြပါဘူး။ အမြော်အမြင် မရှိဘဲ စီမံခန့်ခွဲသွားခဲ့တယ်လို့ ယူဆကြပါတယ်။ ဒီကိစ္စမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးဘက်က တာဝန်ယူခဲ့တဲ့ ဝန်ကြီးကိုလည်း လက်ရှိ အရပ်သား အစိုးရခေတ်ထိ တာဝန်ပေးထားတာကိုက လူထု မကျေနပ်မှုကို ပိုမိုမြင့်မားစေပါတယ်။

သူ့နေရာမှာ လူထုသဘောကျနိုင်လောက်တဲ့ အရည်အချင်း မှန်မှန်ကန်ကန် ရှိသူတဦးကို အစားထိုးလိုက်ရင် လက်ရှိအစိုးရအဖို့ နည်းနည်းတော့ အသက်ရှူချောင်နိုင်စရာ ရှိပါလိမ့်မယ်။ လူမှန်နေရာမှန် စနစ်ကို စတင် ကျင့်သုံးဖို့ လိုအပ်နေပါပြီ။

လျှပ်စစ်ဓါတ်အား မလုံလောက်မှုတွေ မြန်မာနိုင်ငံရဲ့ မြို့ရွာတိုင်းမှာ နေ့စဉ် ဖြစ်ပျက်နေတာဟာ အစိုးရအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်မှန်း သမ္မတကအစ တာဝန်ရှိသူတိုင်း သိနေကြမှာ ဖြစ်ပါတယ်။ အစိုးရဘက်က ဖြစ်နိုင်သမျှ ကောင်းအောင် ကြိုးပမ်း ဖြည့်ဆည်းပေးလာတာတွေလည်း သတိပြုမိပါတယ်။ ဒါပေမယ့် မနိုင်ဝန်ကို ထမ်းနေရတာကတော့ ရှင်းပါတယ်။

အစိုးရအနေနဲ့ စွမ်းအင်လိုအပ်ချက် တခုတည်း အပေါ်မှာတောင် မနိုင်ဝန်ကို ထမ်းနေရရင် အခြား ဘက်စုံ တိုးတက်အောင် လုပ်ဆောင်ဖို့ ကိစ္စတွေမှာ အထိုက်အလျောက် အားလျော့နေတော့မှာ ဖြစ်ပါတယ်။ အခြားဘက်မှာ အားလုံးကောင်းနေပြီး စွမ်းအင်လိုအပ်ချက်ဘက်က အားနည်းနေပြန်ရင်လည်း တိုးတက်မှုကို နှောင့်နှေးစေမှာ ဖြစ်ပါတယ်။

အားနည်းနေတဲ့ ကိစ္စတွေအပေါ်မှာ အားမနည်းသယောင်ယောင် ဖုံးဖိဖာထေးတာမျိုးဟာ ခွင့်လွှတ်နိုင်စရာ မဟုတ်ပါဘူး။ အမှန်တကယ် တိုးတက်မှုလည်း ရမလာနိုင်ပါဘူး။ အမှန်အတိုင်း ဝန်ခံပြီး အကောင်းဆုံး လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို လူမှန်နေရာမှန် စနစ်နဲ့ ပွင့်လင်းမြင်သာ တာဝန်ခံ လုပ်ယူကြဖို့သာ လိုအပ်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေရဲ့ နည်းဥပဒေ အမှားတွေကိုလည်း တချိန်တည်းမှာ ဥပဒေပြု လွှတ်တော်နဲ့ ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။

လျှပ်စစ်ဓါတ်အား ပိုမို ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းနေစဉ် အခြားတဘက်ကလည်း လျှပ်စစ်ဓါတ်အား ခြိုးခြံ ချွေတာရေးကို အရှိန်မြှင့်ပြီး လူထုပညာပေးရေး လုပ်နေရပါမယ်။ သတင်းစာမှာ တိုက်တွန်းနှိုးဆော်ရုံနဲ့ မလုံလောက်ပါဘူး။ လူအများ အလွယ်တကူ သိရှိနိုင်စေမယ့် လူထုလှုပ်ရှားမှု (Awareness campaign) တွေကို အားပေးနိုင်ရပါမယ်။ အဓိကအကျဆုံးကတော့ တိုက်တွန်းနှိုးဆော်သူ အစိုးရအပေါ် လူထုက လက်ခံ ယုံကြည်အောင် သက်သေပြနိုင်ဖို့သာ ဖြစ်ပါတယ်။ လူထုထောက်ခံမှု မရှိဘဲ လူထုကို တိုင်းရေးပြည်ရာ ကိစ္စတွေမှာ ပါဝင်လာအောင် မလုပ်နိုင်ပါဘူး။

လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာရေးအတွက် မလိုအပ်တဲ့ VIP နေရာတချို့မှာ မီးသုံးစွဲမှုကို လျှော့ချဖို့ စီမံသင့်ပါတယ်။ အဲဒီလိုပဲ တနိုင်ငံလုံး အစိုးရဌာနတွေမှာ လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို စံနမူနာပြ လုပ်ဆောင်ပေးသင့်ပါတယ်။ အရပ်ဘက် ပြည်သူတွေနဲ့ ဝန်ဆောင်မှု စီးပွားရေးကဏ္ဍဘက်မှာ ဖြစ်နိုင်သလောက် လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို နှိုးဆော် တိုက်တွန်းပေးသင့်ပါတယ်။

ဂျပန်နိုင်ငံမှာ ၂ဝ၁၁ ခုနှစ် မြေငလျင်နဲ့ ဆုနမိ ရေလှိုင်းကြောင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏ သိသိသာသာ ကျဆင်းခဲ့ရပါတယ်။ အဲဒီအခါမှာ အစိုးရက ကမကထလုပ်ပြီး မေတ္တာရပ်ခံ နှိုးဆော်တာကြောင့် ဂျပန်တနိုင်ငံလုံး ပြည်သူတွေရော စီးပွားရေးကဏ္ဍဘက်ကပါ ရသလောက် ခြိုးခြံ ချွေတာပေးခဲ့ကြပါတယ်။

အထူးသဖြင့် မနှစ်က နွေရာသီမှာ ဂျပန်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကို အားလုံးက အလေးအနက် ထားပေးခဲ့ကြပါတယ်။ တချိန်တည်းမှာ အစိုးရက ထိုင်းနိုင်ငံက ဂျင်နရေတာ မီးစက်ကြီးတွေနဲ့ လတ်တလော အစားထိုး ဖြည့်ဆည်းပေးခဲ့ပါသေးတယ်။ ဒါကြောင့် လိုအပ်ရင် လျှပ်စစ်မီး ဖြတ်တောက်စရာ ရှိမယ်လို့တောင် ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် တကယ်တမ်းမှာ ဖြတ်တောက်တာ မရှိခဲ့ပါဘူး။

ဒီနှစ် နွေဦးရာသီမှာလည်း အစိုးရဌာနတွေမှာ အဖြစ်နိုင်ဆုံး လျှပ်စစ်ဓါတ်အားကို ချွေတာသုံးစွဲနေတာကို သတိပြုမိပါတယ်။ အတုယူစရာ အနေနဲ့ပါ။
မြန်မာအစိုးရအနေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ရေရှည်စီမံကိန်းအတွက် ရန်ကုန်မြို့ကို အဓိကထားပြီး ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေနဲ့ ဖက်စပ်ပူးပေါင်းဖို့ စီမံထားတာကို ကြိုဆိုလိုက်ပါတယ်။ လတ်တလော လိုအပ်ချက်အတွက် အမေရိကန် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကလည်း သင့်လျော်တယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် အခြားနည်းလမ်းတွေကိုပါ ခုကတည်းက ကြိုတင်စဉ်းစား သုတေသန လုပ်ထားသင့်ပါပြီ။

ဥပမာ..

1. ရေစွမ်းအင် (Water energy) မှာ ဆည်ရေကနေ လျှပ်စစ်ဓါတ် ထုတ်ယူတာမျိုးသာမက ရေလှိုင်းနဲ့ ဒီရေက စွမ်းအင်ထုတ်ယူဖို့၊
2. နေရောင်ခြည် ကောင်းစွာရနိုင်တဲ့ နိုင်ငံဖြစ်လို့ Solar energy ကို အသုံးပြုဖို့၊
3. ပုံမှန် လေတိုက်အားကောင်းတဲ့ ကမ်းခြေနဲ့ ကမ်းနီးပင်လယ်တွေမှာ လေရဟတ်တွေကနေ လျှပ်စစ်ဓါတ်အား (Wind energy) ထုတ်ယူဖို့၊
4. Geothermal energy လို့ခေါ်တဲ့ မြေတွင်းအပူရှိန်ကနေ လျှပ်စစ်ဓါတ်အား ထုတ်ယူဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် မီးတောင်ဟောင်းဒေသမှာ ဖြစ်နိုင်စရာရှိပါတယ်။ မြေတွင်း Hot rocks တွေကို ရှာဖွေ တွေ့ရှိနိုင်ရင် စွမ်းအင် ထုတ်ယူနိုင်ပါမယ်။

အနည်းဆုံး ရေရှည်စီမံကိန်းအဖြစ် သုတေသနအဆင့်နဲ့ တက္ကသိုလ် ပညာရပ်တွေမှာ အားပေးဖို့ စတင် စီမံထားသင့်ပါတယ်။ ကုန်ကျစရိတ် ကြီးမားနိုင်စရာရှိပေမယ့် နောင် နှစ်ပေါင်း ၅ဝ ကနေ နှစ် ၁ဝဝ ထိ ရေရှည် စီမံကိန်းမျိုးကို ပညာရှင်တွေနဲ့တကွ လက်ဆင့်ကမ်း ထားရှိပေးခဲ့သင့်ပါတယ်။

မြန်မာနိုင်ငံဟာ ခေတ်မီတိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာနိုင်ဖို့ အလားအလာကောင်းနေပါတယ်။ သယံဇာတနဲ့ ပထဝီ အနေအထားကောင်းမွန်တယ် ဆိုပေမယ့် ဒါတွေကို အမြော်အမြင်ရှိရှိ ရေရှည်ထိန်းသိမ်း သုံးစွဲနိုင်ဖို့ လူသာ ပဓါန ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကောင်းပြီး လူမှန်နေရာမှန်သာ ရှိနေမယ်ဆိုရင် ပရဟိတ အားသန်တဲ့ နိုင်ငံသားတွေ ဖြစ်ကြတာအလျောက် အချိန်တိုအတွင်းမှာ ဘက်စုံဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၂၂-၅-၂ဝ၁၂

References –

ပြည်သူလူထုသို့ မေတ္တာရပ်ခံ ပန်ကြားခြင်း - ကြေးမုံသတင်းစာ (၂၂-၅-၂၀၁၂)

Generating electricity

0 ရန်ကုန်မြို့ဆူးလေဘုရားတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ် လှုပ်ရှားမှု(ဓာတ်ပုံ၊ရုပ်/သံ)




မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆန္ဒပြမှုများ ရပ်ဆိုင်းခဲ့သော်လည်း ရန်ကုန်မြို့တွင်မူ မေလ ၂၂ ရက်နေ့ ညက ဆူးလေဘုရား/ မြို့တော်ခန်းမအနီးနှင့် အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ရုံးအနီးတွင် ဖယောင်းတိုင်မီးထွန်း ဆန္ဒပြမှုများ စတင် ဖြစ်ပွားခဲ့ပြီး မုံရွာမြို့တွင်လည်း ဒုတိယမြောက်နေ့အဖြစ် ဖယောင်းတိုင်ထွန်း ဆန္ဒပြသူအပါအ၀င် စုစုပေါင်း လူ နှစ်ထောင်ခန့်သည် မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး သို့ စီတန်းလှည့်လည်နေဆဲဖြစ်ကြောင်း သိရှိရပါသည်..


၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် ပြည်သူလူထုပေါင်း ၂၀၀ ကျော်ခန့်က ဖယောင်းတိုင်များ ကိုင်စွဲလျက် ဆူးလေဘုရားပေါ်တက် ဆုတောင်းခဲ့ကြပြီး ဘုရားရင်ပြင်တွင် လက်ဝဲရစ်တပတ်ရစ်ကာတောင်းဆိုခဲ့ကြ-ဗီဒီယို- ထွန်းနေအောင်(မြစ်မခ)
Photo news.AP, Messenger News Journal.Eleven Media Group,The voice

0 ဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်


၂၀၁၀ ခုနှစ်သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်သား ကိုဖြိုးဝေအောင် အသည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့် ရှိတော့မှာဖြစ်ကြောင်း မိသားစု က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူ ၁၀ ဦးသေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံထားရပြီး ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က သေဒဏ် ပေးခြင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင်အတွင်း အမှုစစ်ဆေးနေစဉ်ကာလမှာ အသည်းရောင်-ဘီပိုး ကူးစက်ခံရပြီး အသည်းမှာ ပြည်တည်နာဖြစ်ခဲ့ရတာပါ။ အခုအခါမှာတော့ ဆေးကုသခွင့်မရတာကြောင့် အသည်းကင်ဆာ နောက်ဆုံး အဆင့်နဲ့ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့်ရတော့မှာဖြစ်ကြောင်း ညီဖြစ်သူ ဒေါက်တာ ထက်ဝေအောင်က ပြောပါတယ်။

“ဒီနေ့ CT ရိုက်ပါတယ်။ စီCT ရိုက်တော့- အရင်တပတ်ကတည်းက Tuma marker လို့ ခေါ်တာပေါ့ဗျာ။ အဲလောက်ဖြစ်တဲ့အချိန်မှာ မနေ့ကတော့ သိသွားပြီပေါ့- အသည်းကင်ဆာဆိုတာကို။ ဒီနေ့ CT ရိုက်တဲ့ အခါကျတော့ လပိုင်းအတွင်းပဲ ဖြစ်သွားနိုင်တယ်ပေါ့။ သူ့ရဲ့ CT result အရရော၊ ဆေးစစ်စာအရရော ဆရာဝန်ပြောလိုက်တာကတော့ နောက်ဆုံးအဆင့်ပေါ့နော်။ သူက လုံးဝမအိပ်နိုင်ဘူးပေါ့နော်။ ထလည်း မထနိုင်ဘူးပေါ့။ ရေဖျဉ်းကလည်း တော်တော်ဖြစ်နေတယ်ပေါ့။”

ရောဂါပြင်းထန်လာတာကတော့ ပြီးခဲ့တဲ့ဇန်န၀ါရီလ ကစပြီး ပိုပြီးပြင်းထန်လာကြောင်း ထောင်တွင်း ဆေးရုံ ကနေ အပြင်ဆေးရုံမှာကုသခွင်ရဖို့ တောင်းဆိုခဲ့ပေမဲ့ မရခဲ့ဘူးလို့ ညီဖြစ်သူက ဆက်ပြောပြပါတယ်။

“ဇန်နဝါရီလကတည်းက စဖြစ်နေတာခင်ဗျ။ ဖြစ်နေတော့ထောင်ကိုလည်း ပြောတယ်ပေါ့နော်။ လွှဲပေးဖို့ ပေါ့။ ထောင်က မလွှဲပေးဘဲနဲ့ အကိုက်အခဲ ပျောက်ဆေးပေးလိုက်၊ ပိုးသတ်ဆေးပေးလိုက်နဲ့ ဆယ်ရက်နေ့ အမိန့်ချပြီးတော့မှ အင်းစိန်ဆေးရုံကိုပို့တယ်ခင်ဗျ။ အခု ကြည့်နေတာကတော့ အင်းစိန်ဆေးရုံက General Surgeon က ကြည့်တာပေါ့နော်။ General Surgeon ကလည်း နေ့တိုင်းလာကြည့်တာ မဟုတ်ဘူး။ ခဏပဲကြည့်သွားတာပေါ့နော်။ ပီးတော့ CT ရိုက်မယ်။

ဒီနေ့ CT ရိုက်ပြီးတော့ ဘယ်တော့လွှဲမလဲတော့ မသိဘူးပေါ့နော်။ အသည်းဌာန ဘက်ကို။ အခုက အင်းစိန်ဆေးရုံမှာ၊ အင်းစိန်အထွေထွေဆေးရုံမှာပါ။ သူက အရင်ကတည်းက အသည်းရောင် ဘီပိုးရှိတယ် ခင်ဗျ။ အသည်းမှာ ပြည်တည်နာဖြစ်ဖူးတယ်။ ၂၀၁၀ သြဂတ်စ်မှာကတည်းက အသည်းရောင်-ဘီပိုးရှိတယ်။ အသည်းရောင်အသားဝါဖြစ်ဖူးတဲ့အတွက် Liver Specialist နဲ့ ပြပေးဖို့ Request လုပ်ပါတယ်။ ဒါပေမဲ့ သူတို့ မပြပေးဘူးပေါ့နော်။”

ကိုဖြိုးဝေအောင်ဟာ စစ်ကြောရေးကာလတွေအတွင်းမှာ ပြင်းထန်းစွာရိုက်နှက်ခံရခြင်း၊ လိင်အင်္ဂါကို မီးရှို့ပြီးစစ်ဆေးခံရခြင်း အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံခဲ့ရကြောင်း၊ ဒ်ီအတွက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားကို တိုင်ကြားထားကြောင်း မိသားစု က ပြောပါတယ်။ ကိုဖြိုးဝေအောင်နဲ့ပတ်သက်ပြီး သူရဲ့ရှေ့နေကတော့ တရားခံကို နှိပ်စက် ညှင်းပမ်း ပြီး ဖြောင့်ချက်ရယူခဲ့တာဖြစ်လို့ ဥပဒေကြောင်းအရ တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။

ကိုဖြိုးဝေအောင်ဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတဦးဖြစ်ပြီး အခင်းဖြစ်ပွားစဉ်မှာ သူရဲ့အလုပ် ဆိုဒ်ထဲမှာ ရှိနေခဲ့ပြီး သူ့ကို ၂၀၁၀ ခုနှစ်မှာ ဖမ်ဆီးပြီးနောက် တစ်နှစ်ကျော် အချိန်ယူ အမှုစစ်ဆေးပြီးတဲ့နောက် မေလ ၈ ရက်နေ့ကပဲ သေဒဏ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။
Voa

Tuesday, May 22, 2012

0 မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် မှ စမ်းချောင်း ဂွဈေး မီးလောင်ပြင်သို့ ကိုယ်တိုင်သွားရောက်ပြီး ဈေးသူဈေးသားများအားမေးမြန်းလေ့လာ


စမ်းချောင်း ဂွဈေး မီးလောင်ပြင် ပါ။ မြင်လိုက်ရသူတွေ အပြောအရတော့ လျှပ်စစ်ဝါယာရှော့ဖြစ်သည်မှာ မဟုတ်နိုင်ကြောင်း ပန်းတက်လာသည့် မီးလုံးမှိုပွင့်နှင့်အတူ အလျင်အမြန် နေရာအနှံ့သို့ ရုတ်ခြည်း ကူးစက်သွားသည်မှာ အလွန်ထူးဆန်းနေပါကြောင်း

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် မှ စမ်းချောင်း ဂွဈေး မီးလောင်ပြင်သို့ ယနေ့ကိုယ်တိုင်သွားရောက်ပြီး မီးဘေးသင့် ဈေးသူဈေးသားတို့ အရေးကို မေးမြန်းလေ့လာခဲ့သည်။ အရေး တကြီး ၀ိုင်းဝန်း လုပ်ဆောင်ပေးဖို့လိုနေသည်မှာ မီးဘေးသင့် ဈေးသူဈေးသာ...းတို့ စားဝတ်နေရေး အတွက် အမြန်ဆုံ ဈေးရောင်းခွင့် ရရေးပင်ဖြစ်သည်။

သူတို့ အားလုံးသည် ထိုဈေးရောင်းခြင်းမှ ရသော ၀င်ငွေကို မှီခိုနေရသူများဖြစ်သည်။ နိုင်ငံတော် အစိုးရ အနေဖြင့်  နိုင်ငံသားတို့ စားဝတ်နေရေးနှင့် ဘ၀ရပ်တည်ရေးကို အဆောတလျင် ဖြေရှင်းပေးသင့်သည့် အပြင်၊ ထူးဆန်း တိုက်ဆိုင်စွာပင် တလတကြိမ် မှန်မှန် လောင်နေသော ရန်ကုန်မြို့မှ ဈေးမီးများအကြောင်း သေချာစွာ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စီစစ်သင့်ပါကြောင်း။

ယနေ့အချိန်မှာမတရားမှုတို့နှုတ်ငုံတော်မဆောင်နိုင်ပဲဟိုမှသည်မှပွင့်အံထွက်ပေါ်ဖြေချလာသည့်အချိန်ဖြစ်ရာထူးဆန်းစွာပင်ညဉ့်လူခြေတိတ်ချိန်တိုင်းလောင်နေကျဖြစ်သော ဈေးမီးများ မီးလောင်ပြင်ကို အထပ်မြင့် ဈေးကြီးများ ဆောက်ရန် အသင့်ဖြစ်နေသောစီးပွားရေးခရိုနီကြီးများ၊ ပင်ရင်း ဈေးသူဈေးသားများ မူလ နေ၇ာ ပြန်မရသေးသော သင်္ဃန်းကျွန်းဈေးနှင့် ဆင်မလိုက်ဈေး သစ်များ အကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်တိုင်း လျှပ်စစ်ဝါယာရှော့ဖြစ်သည်ဆိုကာ ကံဆိုးသူ မောင်ရှင်ဖြစ်မည့် ဈေးဆိုင်ပိုင်ရှင် တဦးဦး ဘာမှန်း မသိ ဘယ်သူ မီးတင်ရှို့မှန်း မမြင်ပဲ အချောင်သက်သက် ထောင်နန်းစံနေရ သော ပုံစံတူ ဈေးမီးလောင်မှု အခင်းများကို သေချာစွာ စီစစ် မေးမြန်းဖေါ်ထုတ်သင့်နေပြီဖြစ်ပါကြောင်း ......

သေချာလာသည်မှာ မြန်မာလူထုတို့ကို အ အောင် နှစ်ပေါင်းများစွာ ပုံသွင်းလာခဲ့သော်လည်း မိမိတို့ မြန်မာလူမျိုးဟူသည် ဘယ်တော့မှ မ အ ပါကြောင်း ၊ လုပ်ထုံးဆွေးများဖြင့် လူထုကိုနားလှည့်ပါးရိုက် လုပ်နေကျ သူများကို သတိပေးလိုပါသည်ခင်ဗျား။

ကိုနေမျိုးဇင်

0 မုံရွာမြို့တွင်လည်း လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဖယောင်းတိုင်မီးထွန်းဆန္ဒပြ

”ဖယောင်းတိုင်အပူမီးတွေနဲ့ မုံရွာမြို့ကြီးမီးလင်းအံ့”မေ(၂၁)ရက်ညမုံရွာမှာ
မုံရွာ ကြေးရုပ်ရှေ့ 


မုံရွာမှာ မေလ ၂၁ ရက် ညနေ ရ နာရီလောက် ကစပြီး လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဖယောင်းတိုင်မီးထွန်းဆန္ဒပြ ရာမှာ လူ ၂ ထောင်ကျော်လောက် ပါဝင်ခဲ့ ကြတယ်

မုံရွာမြို့နေလူသားတွေ လျှပ်စစ်မီးအပြည့်အ၀သုံးခွင့်ရပါစေ(ကျုပ်တို့မြန်မာမှာလေ သမိုင်းပြန်ကြည့် ရေနံထုတ်ပြီးရေနံမသုံးရတဲ့ ဗြိတိသျှခေတ်ရေနံမြေလုပ်သား.....ပညာတတ်တွေရှိပြီး ပညာတွေသုံးခွင့်မရတဲ့ အိမ်စောင့်အစိုးရလက်ထက်....မျိုးချစ်စိတ်တွေထက်သန်ပြီး... ထိန်းချုပ်နေရတဲ့ ငြိမ်ဝပ်ပိပြားရေး လက်ထက်..လျှပ်စစ်မီးတွေ နေ့ရောညရောထုတ်ပြီး သုံးစွဲခွင့်မရတဲ့ ဒီနေ့ခေတ်...)

အမေစုမုံရွာကိုလာတဲ့မေလ(၂၉)ရက်နေ့ညကလည်းဒီလိုဖယောင်းတိုင်တွေနဲ့ကြိုခဲ့ပြီး ဒီပဲယင်းအရေးအခင်း ဖြစ်ခဲ့ရတယ်...ဒီဖယောင်းတိုင်တောင်းဆိုမှုအပြီးမှာတော့ ပြည်သူတွေလိုလားတဲ့ဒီမိုကရေစနစ်ရဲ့ အနှစ်သာရရယ်.....လျှပ်စစ်မီးရယ်....ရေရယ်.......

Photo..hla moe.Myo min oo faebookမှ

0 အဏ္ဏ၀ါလွမ်းကုမ္မဏီပိုင်ရှင်ဖြစ်သူ ခင်စိုးမှတောင်သူများ၏လယ်မြေများ ၊ဥယျာဉ်ခြံမြေများအား ထိုက်သင့်သော လျော်ကြေးငွေများပေးခြင်းမရှိဘဲ မတရားသိမ်းပိုက်

လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ၊ အိမ်များအား လျော်ကြေးပေးခြင်းမပြုဘဲ အများပိုင်ကုမ္မဏီဆိုပြီး အဏ္ဏ၀ါလွမ်းမှ ခင်စိုး ဦးစီးပြီးကျောက်ဆင်ချောင်းနှင့်သပေါ့ဆိမ့်ကြားသိမ်းပိုက်ခြင်း

အဏ္ဏ၀ါလွမ်းကုမ္မဏီပိုင်ရှင်ဖြစ်သူ ခင်စိုးမှ ယခင်မွေး/ရေ၀န်ကြီး ဦးမောင်မောင်သိမ်း၏ အကူအညီများစွာယူပြီး ထားဝယ်မြို့တွင် အများပိုင်ကုမ္မဏီတစ်ခုထောင်ပြီး လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ချောင်းနှင့် သပေါ့ ဆိမ့်ကြား အိမ် များ၊ တောင်သူများ၏လယ်မြေများ ၊ဥယျာဉ်ခြံမြေများအား ထိုက်သင့်သော လျော်ကြေးငွေများ ပေးခြင်းမရှိဘဲ မတရားသိမ်းပိုက်ခြင်းလုပ်ငန်းများအားဒေသခံထားဝယ်သားများအားဦးဆောင်ပြီးသိမ်းဆည်းခြင်း လုပ်ငန်းများအား စတင်ဆောင်ရွက်လျက်ရှိပါသည်။ ဒီသတင်းနဲ့ပတ်သက်ပြီးမှတ်တမ်းဓါတ်ပုံများအား ဆက်လက်တင်ပြသွားပါမယ်။

ခင်စိုးဆိုပြီးအထင်ကြီးပြီးနောက်ကတစ်ခေါက်ခေါက်လိုက်သော ထားဝယ်သားများ သတိတာထားပေးတော့ လို့အသိပေးခြင်းပါတယ်။ ခင်စိုးသမိုင်းကြောင်းကို ဘယ်လောက်သိကြသလဲ.... .အကျဉ်းချုပ်ပြောပြမယ်နော်.. .

တကယ်တော့ခင်စိုးက ကဒတ်ကြီးသားတစ်ယောက်ပါ...ယခင်ငါးသလောက်ဈေးကောင်းတဲ့အချိန်က ဘိန်းဖြူရာဇာတစ်ဦးပါ.ယခင်ထောက်လှမ်းရေးမှတ်တမ်းများကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်....ငါးသလောက်ဗိုက်အတွင်းဘိန်းဖြူထည့်ပြီး နိုင်ငံခြားကိုတင်ပို့တဲ့သူတစ်ယောက်ပါ။ ဒါကို ကယ်တင်ခဲ့သူက ဦးမောင်မောင်သိမ်းပါ။ အခုလည်း ဦးမောင်မောင်သိမ်း (၀န်ကြီးအငြိမ်းစား)နဲ့ပိုင်တယ်ဆိုပြီး ထားဝယ်မှ မတရားအများပိုက်ကုမဏီထောင်ပြီး မြေသိမ်းဆည်းခြင်းလုပ်ငန်းကိုစတင်နေပါပြီး နောက်ကလိုက်တဲ့ထားဝယ်သားများ သတိထားကြပါ။ အခုဆို ဟိုတယ်ဇုံဆိုပြီးလုပ်ကြတော့ ကျွန်တော်တို့မှာနေစရာမရှိတော့ဘူး၊ ဒေသဆိုင်ရာ အစိုးရတွေကလည်း

ခင်စိုးကိုအထင်ကြီးကြီးနဲ့ဖွံဖြိုးရေးလုပ်ငန်းများကိုအပ်ကြတယ် ။ ထားဝယ်သားများ မယုံရင်ကြည့်ကြပါ။ ဒေသခံတောင်သူများ/ဥယျာဉ်ခြံပိုင်ရှင်များ ကိုပြေလည်အောင်မလုပ်ပေးဘဲမြေသိမ်းဆည်းလိမ့်မယ် ပြီးရင် ဟိုတယ်ကို တစ်လုံးလောက်ဆောက်ပြီး မြေရောင်းစားလိမ့်မယ်။ အများပိုင်ကုမ္မဏီဆိုပြီးလုပ်တာက ထားဝယ်သား လက်တစ်ဆုပ်စာပါ ။ မတရားလုပ်ရဲလုပ်ကြည့် စောင့်ကြည့်နေတဲ့ထားဝယ်သားများက တစ်တိုင်းလုံးပါ။ ခင်စိုးကိုတော့ လုံးဝမယုံပါဘူး ထားဝယ်သားအခြားတစ်ယောက်ဆိုရင်တော့ ယုံတယ်.....အရေခြုံထားတဲ့ကောင်--ထားဝယ်အသင်းကိုထောင်တာကလဲ ဟန်ပြပါ...အတိတ်ကပြစ်မှုကြီးကို ပေါ်မှာစိုးလို့ လူမှုရေး လျှောက်လုပ်နေတာ....ထားဝယ်ကိုကြီးအပါအ၀င် ထားဝယ်သားအားလုံးက မင်းကိုစောင့်ကြည့်နေတယ် ....မဟုတ်တာလုပ်လို့ကတော့ ထားဝယ်မြေကို ခြေချဖို့မစဉ်းစားနဲ့--ကိုမွေးခဲ့တဲ့နေရာလေးတစ်ခုက တံတားငယ်တစ်စင်းတောင်ကောင်းအောင်မလုပ်ဘူးဘဲ ဟော်တယ်ဇုံ စောင့်အုံး မယ်ဆိုတော့ လုံးဝယုံကြည်စရာမရှိဘူး။ အကြောင်းပြချက်ကတော့ နိုင်ငံခြားသားတွေကို ရောင်းစားဖို့ ကြံနေတယ်ဆိုတာအထင်အရှားဘဲ.....ထားဝယ်သားအားလုံး စောင့်ကြည့်ပြီး သတင်းတင်ပေး ကြပါ။နောက်တစ်ခါကြရင် ဓါတ်ပုံနဲ့တင်ပြပါမယ်....ငါးသလောက်ဗိုက်ထဲက ဘိန်းဖြူထုပ်တွေကိုပြပါမယ်......

ထားဝယ်ကိုကြီး

Monday, May 21, 2012

1 မန္တလေးမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိရေး ဆန္ဒပြမှု၊ အရေးပေါ်သတင်းစာရှင်းလင်းပွဲနှင့် ဆက်စပ်အကြောင်းအရာများ စုစည်းတင်ပြမှု...

အရေးပေါ် သတင်းစာရှင်းလင်းပွဲနှင့် လူထုနှစ်သိမ့်ပွဲတွင် မန္တလေးတိုင်းလျှပ်စစ် အကြီးအကဲ ဒေါ်အေးမင်း မှ မိုင်းခွဲခံရသည့် တာဝါတိုင် ဓါတ်ပုံကို ပြသစဉ်


မန္တလေးမြို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ညနေ ၇ နာရီအချိန်မှစ၍ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ရာ တိုင်းဒေသကြီးအစိုးရမှ အရေးပေါ်သတင်းစာရှင်းလင်းပွဲခေါ်ယူပြီး လူထုအားနှစ်သိမ့်ခဲ့ရသည်။

အရေးပေါ်သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်မီးပြတ်တောက်ရခြင်းအကြောင်းရင်းနှင့် လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်အခြေအနေများကို တိုင်းဒေသကြီးလျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူနှင့် တိုင်းလျှပ်စစ်အကြီးအကဲဒေါ်အေးမင်းတို့ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ သတင်းသမား ၆၀ ကျော်ခန့်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရတာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ရှိ ရွှေလီဓာတ်အားလိုင်းမှ တာဝါတိုင်တစ်ခုမိုင်းထိပျက်စီးသွားသောကြောင့် မန္တလေးမြို့ ရရှိနေသော လျှပ်စစ်မီးခွဲတမ်းလျော့နည်းသွားခြင်းဖြစ်ပြီး ပုံမှန်ပေးနေသည်ထက် မီးအားလျော့နည်း၍ အလှည့်ကျပေးနေရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများမှပြောသည်။ ဓာတ်အားနည်းချိန်တွင် စုပြုံသုံးစွဲ သောအခြေအနေကြောင့် အလိုအလျောက်မီးဖြတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားခဏ ခဏပြတ်တောက် နေခြင်းဖြစ်သည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

ရွှေလီဓာတ်အားပေးလိုင်းမှ မိုင်းထိလို့ပျက်စီးသွားသော တာဝါတိုင်အား အနည်းဆုံး ၁၀ ရန်ဖြင့် ပြီးစီးအောင်ပြန်လည်ပြုပြင်သွားမည်လို့လည်း မန်းတိုင်းဒေသကြီးလျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောပါတယ်။

မန္တလေးမြို့တွင် အရေးပေါ်ဖြစ်ပေါ်နေသောလျှပ်စစ်မီးအခြေအနေအရ နေပြည်တော်မှမှာယူ
ထားသောမီးစက်များ နက်ဖြန်တွင်ရောက်ရှိမည်ဖြစ်ပြီး၊ ယခင်ရှိပြီးသားများနှင့်ပေါင်းပါက စုစုပေါင်း မီးစက် ၁၀ လုံးဖြင့်မန္တလေးမြို့လျှပ်စစ်မီးအခြေအနေကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ သို့သော်ငြားလည်း မီးစက်များတွင် အများဆုံး ၅၀၀ ကေဗီတစ်လုံးသာပါရှိပြီး၊ ၂၀၀ ကေဗီ၊ ၁၀၀ ကေဗီနှင့် ၅၀ ကေဗီများသာဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်မှုအများဆုံးနေရာ အချို့တွင်သာပံ့ပိုးနိုင်မည်ဖြစ်ပြီး၊ မန္တလေးမြို့၏လက်ရှိလျှပ်စစ်ပေးနိုင်မည့်ပမာဏထက်ပိုသော (အုပ်စုသုံးစုတစ်လှည့်စီစနစ်ဖြင့် ၆ နာရီမီးလာ၊ ၁၂ နာရီမီးပျက်အခြေအနေထက်) အနေအထားမျိုး ရရှိနိုင်မည်မဟုတ်ပေ။

သို့ပါသောကြောင့် ဆန္ဒပြမှုအခြေအနေကြောင့် တိုင်းဒေသကြီးအစိုးရမှ လျှပ်စစ်ဓာတ်အား အခြေအနေအား ရှင်းပြခြင်းနှင့် ခေါ်ယူနှစ်သိမ့်ခြင်းသာဖြစ်ပြီး လျှပ်စစ်မီးရရှိမှုအခြေအနေမှာ ပုံမှန်ဆက်လက် မီးပျက် နေမည်ဖြစ်ပြီး၊ မိုးနတ်မင်းကြီး မစသောအချိန်အခါ မိုးများများရွာကာလရောက်မှသာ ၆ နာရီမီးလာ၊ ၁၂ နာရီမီးပျက်အခြေအနေမှ လွတ်ကင်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာဒေသအစိုးရ၏ သတင်းစာရှင်းလင်းပွဲအရ သိလိုက်ရပါကြောင်း မိဘပြည်သူများခင်ဗျား၊ ဆက်လက်ရရှိသော အခြေအနေများအရ ဆန္ဒပြသူများ အနေဖြင့် နက်ဖြန်ညတွင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆက်လက်ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း သိရပါသည်။

မန္တလေးမြို့သို့ နက်ဖြန် မေလ ၂၁ ရက်နေ့တွင် ရောက်ရှိမည်ဆိုသော မီးစက် ၁၀ လုံးအင်အားမှာ နားလည်သူများအဆိုအရ ဟိုတယ်အလတ်စားတစ်လုံးစာပင်မရှိသည့်အတွက် မန်းသူ/မန်းသားများအနေဖြင့် လျှပ်စစ်မီးကို ထူးပြီးမျှော်လင့်နိုင်မည်မဟုတ်ကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြသခဲ့သူများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ တစ်စုံတရာအရေးယူသွားမည်မဟုတ်ပဲ ဆန္ဒဖော်ထုတ်သူများအား လေးစားသောအားဖြင့် လူထုအားနှစ်သိမ့်ရန်အတွက် အရေးပေါ် သတင်းစာရှင်းလင်းခေါ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရတာဝန်ရှိသူက ပြောသည်။

“ ဆန္ဒပြတာတွေ မြင်ရ ကြားရတော့ မျက်ရည်တောင်ဝဲတယ်။ တကယ်ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးနိုင်တာပါ။ မိုးများများရွာဖို့ မိုးနတ်မင်းကြီးကိုသာ တိုင်တည်ကြပါတော့လို့သာ ပြောချင်ပါတယ်” (ဒေါ်အေးမင်း - တိုင်းလျှပ်စစ်အကြီးအကဲ)

တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးတွင် ၂၄ နာရီအရေးပေါ်ဖုန်းလိုင်းတပ်ဆင်ထားပြီး၊ မန္တလေးမြို့ လျှပ်စစ်မီးရရှိရေးအခြေအနေနဲ့ ပတ်သက်ပြီး မိဘပြည်သူများအနေဖြင့် သိလိုသည်များရှိပါက ဖုန်းနံပါတ် ၀၂ - ၃၉၃၃၀/၇၂၆၁၇ များသို့ဆက်သွယ်မေးမြန်းနိုင်ပြီး၊ လျှပ်စစ်မီးသွယ်တန်း၊ မီတာတပ်ဆင်အသုံးပြုခြင်း၊ ဓာတ်အားသုံးစွဲခြင်းတို့နှင့် ပတ်သက်၍ လျှပ်စစ်ဝန်ထမ်းများ မမှန်မကန်ဆောင်ရွက်ခဲ့ခြင်းနှင့် လျှပ်စစ်ဓာတ်အားကို မမှန်ကန်သောနည်းလမ်းများဖြင့် အသုံးပြုနေသည်ကိုတွေ့ရှိပါကလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ကြေငြာထားပါသည်။

မန္တလေးမြို့တွင် ယနေ့ညဖြစ်ပွားခဲ့သော ၂၄ နာရီလျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုကြောင့် တိုင်းဒေသကြီး အစိုးရမှ အရေးပေါ်သတင်းစာရှင်းလင်းပွဲနှင့် လူထုနှစ်သိမ့်ပွဲပြုလုပ်ခဲ့ခြင်းမှာ ဒီမိုကရေစီအစိုးရခေတ်တွင် ပြည်သူကိုအလေးထားကြောင်း ပြသရာရောက်သည်ဟု ယူဆမိပါသည်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၄ နာရီလျှပ်စစ်မီးရရှိရေး (သို့) လျှပ်စစ်မီးပုံမှန်ရရှိရေးဆိုသည်မှာ နိုင်ငံတွင်းထွက်ရှိနေသော သဘာဝဓာတ်ငွေ့အားပြည်ပသို့ရောင်းချနေခြင်းနှင့် ရေအားလျှပ်စစ်စီမံကိန်းများအားကောင်းမွန်စွာ စီမံခန့်ခွဲခြင်း၊ အခြားလျှပ်စစ်မီးရရှိနိုင်သော စနစ်များကြံဆံခြင်းတို့အပေါ်တွင် မူတည်နိုင်မည် ဖြစ်ပြီး၊ နိုင်ငံတော်အစိုးရအဆင့်မှ ဦးစားပေးစဉ်းစားရမည့်ကိစ္စတစ်ခုဖြစ်ပြီး၊ ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး ဦးဇော်မင်းမှ လျှပ်စစ်ဓာတ်အားပိုလျှံ၍ နိုင်ငံခြားကိုရောင်းစားနေရတယ်ဆိုတဲ့စကားကြောင့် ပြည်သူလူထုမှ မကျေမနပ်နိုင်ဖြစ်နေခြင်းကြောင့် လျှပ်စစ်ဝန်ကြီးအားဖယ်ရှားခြင်း (သို့) အရေးကြီးသော လျှပ်စစ်ဝန်ကြီး ဌာနမှ တာဝန်ရှိသူများကို စနစ်တကျကိုင်တွယ်သင့်သည်ဟု ယူဆမိပါသည်။ မြန်မာနိုင်ငံတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးမှာ နိုင်ငံတော်အစိုးရအနေဖြင့် အထူးဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စတစ်ခု ဖြစ်ပါကြောင်း ပြည်သူတစ်ယောက်အနေဖြင့် လေးလေးစားစား တင်ပြတောင်းဆိုအပ်ပါသည်။

Aung Shin

Sunday, May 20, 2012

1 မန္တလေးပြည်သူပြည်သားများကလျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်ပြသ

မီးအကြောင်း ဖယောင်းသက်သေ.
ပြည်သူတွေ အပျင်းပြေ လေညှင်းခံထွက်နေတာ မဟုတ်ဘူးနော်...သူ့လက်ပေါ်က ဖယောင်းစက်တွေ .....ဒါသက်သေပါ

ယနေ့ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ပွဲ ကျင်းပနေသော ဗီဒီယိုဖိုင်(video-Newsofburma)


ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီ...းထွန်း ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ပွဲ ကျင်းပနေစဉ်




သူတို့ အော်ဟစ်မနေကြပါဘူး၊ ရင်ထဲက အပူကို ငြိမ်းအေးသွားအောင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ပြနေကြတာပါ။ တစ်နိုင်ငံလုံးရဲ့ ကိုယ်စားလို့ ပြောရပါတယ်။
ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ ၄၅ နာရီကျော်ခန့်ကစတင်၍ လူအင်အား ငါးဆယ်ကျော်ရှိသော မန္တလေးပြည်သူပြည်သားများက စွမ်းဟိုတယ်ရှေတွင်လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် လက်မှတ်ရေးထိုးပြီး ဆန္ဒထုတ်ဖော်ပြသကြစဉ်


မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင်မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရသည်။

CJ Myanmar


ပြည်သူတွေမှာ ဒီလောက်တောင် အခြေအနေတွေ ဆိုးအောင် မီးပျက်နေတာ။ နေပြည်တော်ကြီး မှာတော့ ထိန်ထိန်လင်းနေတယ်။ (Photo.ခင်ကလျာစိုး)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.