Monday, May 21, 2012

1 မန္တလေးမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိရေး ဆန္ဒပြမှု၊ အရေးပေါ်သတင်းစာရှင်းလင်းပွဲနှင့် ဆက်စပ်အကြောင်းအရာများ စုစည်းတင်ပြမှု...

အရေးပေါ် သတင်းစာရှင်းလင်းပွဲနှင့် လူထုနှစ်သိမ့်ပွဲတွင် မန္တလေးတိုင်းလျှပ်စစ် အကြီးအကဲ ဒေါ်အေးမင်း မှ မိုင်းခွဲခံရသည့် တာဝါတိုင် ဓါတ်ပုံကို ပြသစဉ်


မန္တလေးမြို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ညနေ ၇ နာရီအချိန်မှစ၍ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ရာ တိုင်းဒေသကြီးအစိုးရမှ အရေးပေါ်သတင်းစာရှင်းလင်းပွဲခေါ်ယူပြီး လူထုအားနှစ်သိမ့်ခဲ့ရသည်။

အရေးပေါ်သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်မီးပြတ်တောက်ရခြင်းအကြောင်းရင်းနှင့် လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်အခြေအနေများကို တိုင်းဒေသကြီးလျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူနှင့် တိုင်းလျှပ်စစ်အကြီးအကဲဒေါ်အေးမင်းတို့ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ သတင်းသမား ၆၀ ကျော်ခန့်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရတာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ရှိ ရွှေလီဓာတ်အားလိုင်းမှ တာဝါတိုင်တစ်ခုမိုင်းထိပျက်စီးသွားသောကြောင့် မန္တလေးမြို့ ရရှိနေသော လျှပ်စစ်မီးခွဲတမ်းလျော့နည်းသွားခြင်းဖြစ်ပြီး ပုံမှန်ပေးနေသည်ထက် မီးအားလျော့နည်း၍ အလှည့်ကျပေးနေရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများမှပြောသည်။ ဓာတ်အားနည်းချိန်တွင် စုပြုံသုံးစွဲ သောအခြေအနေကြောင့် အလိုအလျောက်မီးဖြတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားခဏ ခဏပြတ်တောက် နေခြင်းဖြစ်သည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

ရွှေလီဓာတ်အားပေးလိုင်းမှ မိုင်းထိလို့ပျက်စီးသွားသော တာဝါတိုင်အား အနည်းဆုံး ၁၀ ရန်ဖြင့် ပြီးစီးအောင်ပြန်လည်ပြုပြင်သွားမည်လို့လည်း မန်းတိုင်းဒေသကြီးလျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောပါတယ်။

မန္တလေးမြို့တွင် အရေးပေါ်ဖြစ်ပေါ်နေသောလျှပ်စစ်မီးအခြေအနေအရ နေပြည်တော်မှမှာယူ
ထားသောမီးစက်များ နက်ဖြန်တွင်ရောက်ရှိမည်ဖြစ်ပြီး၊ ယခင်ရှိပြီးသားများနှင့်ပေါင်းပါက စုစုပေါင်း မီးစက် ၁၀ လုံးဖြင့်မန္တလေးမြို့လျှပ်စစ်မီးအခြေအနေကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ သို့သော်ငြားလည်း မီးစက်များတွင် အများဆုံး ၅၀၀ ကေဗီတစ်လုံးသာပါရှိပြီး၊ ၂၀၀ ကေဗီ၊ ၁၀၀ ကေဗီနှင့် ၅၀ ကေဗီများသာဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်မှုအများဆုံးနေရာ အချို့တွင်သာပံ့ပိုးနိုင်မည်ဖြစ်ပြီး၊ မန္တလေးမြို့၏လက်ရှိလျှပ်စစ်ပေးနိုင်မည့်ပမာဏထက်ပိုသော (အုပ်စုသုံးစုတစ်လှည့်စီစနစ်ဖြင့် ၆ နာရီမီးလာ၊ ၁၂ နာရီမီးပျက်အခြေအနေထက်) အနေအထားမျိုး ရရှိနိုင်မည်မဟုတ်ပေ။

သို့ပါသောကြောင့် ဆန္ဒပြမှုအခြေအနေကြောင့် တိုင်းဒေသကြီးအစိုးရမှ လျှပ်စစ်ဓာတ်အား အခြေအနေအား ရှင်းပြခြင်းနှင့် ခေါ်ယူနှစ်သိမ့်ခြင်းသာဖြစ်ပြီး လျှပ်စစ်မီးရရှိမှုအခြေအနေမှာ ပုံမှန်ဆက်လက် မီးပျက် နေမည်ဖြစ်ပြီး၊ မိုးနတ်မင်းကြီး မစသောအချိန်အခါ မိုးများများရွာကာလရောက်မှသာ ၆ နာရီမီးလာ၊ ၁၂ နာရီမီးပျက်အခြေအနေမှ လွတ်ကင်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာဒေသအစိုးရ၏ သတင်းစာရှင်းလင်းပွဲအရ သိလိုက်ရပါကြောင်း မိဘပြည်သူများခင်ဗျား၊ ဆက်လက်ရရှိသော အခြေအနေများအရ ဆန္ဒပြသူများ အနေဖြင့် နက်ဖြန်ညတွင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆက်လက်ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း သိရပါသည်။

မန္တလေးမြို့သို့ နက်ဖြန် မေလ ၂၁ ရက်နေ့တွင် ရောက်ရှိမည်ဆိုသော မီးစက် ၁၀ လုံးအင်အားမှာ နားလည်သူများအဆိုအရ ဟိုတယ်အလတ်စားတစ်လုံးစာပင်မရှိသည့်အတွက် မန်းသူ/မန်းသားများအနေဖြင့် လျှပ်စစ်မီးကို ထူးပြီးမျှော်လင့်နိုင်မည်မဟုတ်ကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြသခဲ့သူများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ တစ်စုံတရာအရေးယူသွားမည်မဟုတ်ပဲ ဆန္ဒဖော်ထုတ်သူများအား လေးစားသောအားဖြင့် လူထုအားနှစ်သိမ့်ရန်အတွက် အရေးပေါ် သတင်းစာရှင်းလင်းခေါ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရတာဝန်ရှိသူက ပြောသည်။

“ ဆန္ဒပြတာတွေ မြင်ရ ကြားရတော့ မျက်ရည်တောင်ဝဲတယ်။ တကယ်ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးနိုင်တာပါ။ မိုးများများရွာဖို့ မိုးနတ်မင်းကြီးကိုသာ တိုင်တည်ကြပါတော့လို့သာ ပြောချင်ပါတယ်” (ဒေါ်အေးမင်း - တိုင်းလျှပ်စစ်အကြီးအကဲ)

တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးတွင် ၂၄ နာရီအရေးပေါ်ဖုန်းလိုင်းတပ်ဆင်ထားပြီး၊ မန္တလေးမြို့ လျှပ်စစ်မီးရရှိရေးအခြေအနေနဲ့ ပတ်သက်ပြီး မိဘပြည်သူများအနေဖြင့် သိလိုသည်များရှိပါက ဖုန်းနံပါတ် ၀၂ - ၃၉၃၃၀/၇၂၆၁၇ များသို့ဆက်သွယ်မေးမြန်းနိုင်ပြီး၊ လျှပ်စစ်မီးသွယ်တန်း၊ မီတာတပ်ဆင်အသုံးပြုခြင်း၊ ဓာတ်အားသုံးစွဲခြင်းတို့နှင့် ပတ်သက်၍ လျှပ်စစ်ဝန်ထမ်းများ မမှန်မကန်ဆောင်ရွက်ခဲ့ခြင်းနှင့် လျှပ်စစ်ဓာတ်အားကို မမှန်ကန်သောနည်းလမ်းများဖြင့် အသုံးပြုနေသည်ကိုတွေ့ရှိပါကလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ကြေငြာထားပါသည်။

မန္တလေးမြို့တွင် ယနေ့ညဖြစ်ပွားခဲ့သော ၂၄ နာရီလျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုကြောင့် တိုင်းဒေသကြီး အစိုးရမှ အရေးပေါ်သတင်းစာရှင်းလင်းပွဲနှင့် လူထုနှစ်သိမ့်ပွဲပြုလုပ်ခဲ့ခြင်းမှာ ဒီမိုကရေစီအစိုးရခေတ်တွင် ပြည်သူကိုအလေးထားကြောင်း ပြသရာရောက်သည်ဟု ယူဆမိပါသည်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၄ နာရီလျှပ်စစ်မီးရရှိရေး (သို့) လျှပ်စစ်မီးပုံမှန်ရရှိရေးဆိုသည်မှာ နိုင်ငံတွင်းထွက်ရှိနေသော သဘာဝဓာတ်ငွေ့အားပြည်ပသို့ရောင်းချနေခြင်းနှင့် ရေအားလျှပ်စစ်စီမံကိန်းများအားကောင်းမွန်စွာ စီမံခန့်ခွဲခြင်း၊ အခြားလျှပ်စစ်မီးရရှိနိုင်သော စနစ်များကြံဆံခြင်းတို့အပေါ်တွင် မူတည်နိုင်မည် ဖြစ်ပြီး၊ နိုင်ငံတော်အစိုးရအဆင့်မှ ဦးစားပေးစဉ်းစားရမည့်ကိစ္စတစ်ခုဖြစ်ပြီး၊ ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး ဦးဇော်မင်းမှ လျှပ်စစ်ဓာတ်အားပိုလျှံ၍ နိုင်ငံခြားကိုရောင်းစားနေရတယ်ဆိုတဲ့စကားကြောင့် ပြည်သူလူထုမှ မကျေမနပ်နိုင်ဖြစ်နေခြင်းကြောင့် လျှပ်စစ်ဝန်ကြီးအားဖယ်ရှားခြင်း (သို့) အရေးကြီးသော လျှပ်စစ်ဝန်ကြီး ဌာနမှ တာဝန်ရှိသူများကို စနစ်တကျကိုင်တွယ်သင့်သည်ဟု ယူဆမိပါသည်။ မြန်မာနိုင်ငံတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးမှာ နိုင်ငံတော်အစိုးရအနေဖြင့် အထူးဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စတစ်ခု ဖြစ်ပါကြောင်း ပြည်သူတစ်ယောက်အနေဖြင့် လေးလေးစားစား တင်ပြတောင်းဆိုအပ်ပါသည်။

Aung Shin

1 comment:

  1. မီးစက်များတွင် အများဆုံး ၅၀၀ ကေဗီတစ်လုံးသာပါရှိပြီး၊ ၂၀၀ ကေဗီ၊ ၁၀၀ ကေဗီနှင့် ၅၀ ကေဗီများသာဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်မှုအများဆုံးနေရာ အချို့တွင်သာပံ့ပိုးနိုင်မည်ဖြစ်ပြီး၊ ဟဲဟဲ အဲဒါက လူကြီးအိမ်တွေပဲ ပေးမဲ့သဘောလား အချို့နေရာတွေသာ ပံ့ပိုးနိုင်မယ်ဆိုတာ ရှင်းရှင်းပြောပေးပါဗျာ ကျနော်နားသိတ်မလည်လို့ ကျနော်မှားတာရှိရင်လည်း ခွင့်လွှတ်နော် ကျနော်က စာသိတ်မတတ်လို့ပါ

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.