Wednesday, May 23, 2012

0 လောင်စာစွမ်းအင် အလုံအလောက် ရှိပေမယ့် စွမ်းအင် ပြဿနာ ကြီးမားနေရတဲ့ မြန်မာနိုင်ငံ


လျှပ်စစ်ဓါတ်အားကို ပြည်တွင်းမှာ ထုတ်ပြီး ပြည်သူတွေ သဘောတူညီမှု မယူဘဲ ပြည်ပကို ရောင်းစားသွား ခဲ့တဲ့ အရင်စစ်အစိုးရအပေါ် လူထုက မကျေနပ်ကြပါဘူး။ အမြော်အမြင် မရှိဘဲ စီမံခန့်ခွဲသွားခဲ့တယ်လို့ ယူဆကြပါတယ်။ ဒီကိစ္စမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးဘက်က တာဝန်ယူခဲ့တဲ့ ဝန်ကြီးကိုလည်း လက်ရှိ အရပ်သား အစိုးရခေတ်ထိ တာဝန်ပေးထားတာကိုက လူထု မကျေနပ်မှုကို ပိုမိုမြင့်မားစေပါတယ်။

သူ့နေရာမှာ လူထုသဘောကျနိုင်လောက်တဲ့ အရည်အချင်း မှန်မှန်ကန်ကန် ရှိသူတဦးကို အစားထိုးလိုက်ရင် လက်ရှိအစိုးရအဖို့ နည်းနည်းတော့ အသက်ရှူချောင်နိုင်စရာ ရှိပါလိမ့်မယ်။ လူမှန်နေရာမှန် စနစ်ကို စတင် ကျင့်သုံးဖို့ လိုအပ်နေပါပြီ။

လျှပ်စစ်ဓါတ်အား မလုံလောက်မှုတွေ မြန်မာနိုင်ငံရဲ့ မြို့ရွာတိုင်းမှာ နေ့စဉ် ဖြစ်ပျက်နေတာဟာ အစိုးရအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်မှန်း သမ္မတကအစ တာဝန်ရှိသူတိုင်း သိနေကြမှာ ဖြစ်ပါတယ်။ အစိုးရဘက်က ဖြစ်နိုင်သမျှ ကောင်းအောင် ကြိုးပမ်း ဖြည့်ဆည်းပေးလာတာတွေလည်း သတိပြုမိပါတယ်။ ဒါပေမယ့် မနိုင်ဝန်ကို ထမ်းနေရတာကတော့ ရှင်းပါတယ်။

အစိုးရအနေနဲ့ စွမ်းအင်လိုအပ်ချက် တခုတည်း အပေါ်မှာတောင် မနိုင်ဝန်ကို ထမ်းနေရရင် အခြား ဘက်စုံ တိုးတက်အောင် လုပ်ဆောင်ဖို့ ကိစ္စတွေမှာ အထိုက်အလျောက် အားလျော့နေတော့မှာ ဖြစ်ပါတယ်။ အခြားဘက်မှာ အားလုံးကောင်းနေပြီး စွမ်းအင်လိုအပ်ချက်ဘက်က အားနည်းနေပြန်ရင်လည်း တိုးတက်မှုကို နှောင့်နှေးစေမှာ ဖြစ်ပါတယ်။

အားနည်းနေတဲ့ ကိစ္စတွေအပေါ်မှာ အားမနည်းသယောင်ယောင် ဖုံးဖိဖာထေးတာမျိုးဟာ ခွင့်လွှတ်နိုင်စရာ မဟုတ်ပါဘူး။ အမှန်တကယ် တိုးတက်မှုလည်း ရမလာနိုင်ပါဘူး။ အမှန်အတိုင်း ဝန်ခံပြီး အကောင်းဆုံး လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို လူမှန်နေရာမှန် စနစ်နဲ့ ပွင့်လင်းမြင်သာ တာဝန်ခံ လုပ်ယူကြဖို့သာ လိုအပ်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေရဲ့ နည်းဥပဒေ အမှားတွေကိုလည်း တချိန်တည်းမှာ ဥပဒေပြု လွှတ်တော်နဲ့ ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။

လျှပ်စစ်ဓါတ်အား ပိုမို ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းနေစဉ် အခြားတဘက်ကလည်း လျှပ်စစ်ဓါတ်အား ခြိုးခြံ ချွေတာရေးကို အရှိန်မြှင့်ပြီး လူထုပညာပေးရေး လုပ်နေရပါမယ်။ သတင်းစာမှာ တိုက်တွန်းနှိုးဆော်ရုံနဲ့ မလုံလောက်ပါဘူး။ လူအများ အလွယ်တကူ သိရှိနိုင်စေမယ့် လူထုလှုပ်ရှားမှု (Awareness campaign) တွေကို အားပေးနိုင်ရပါမယ်။ အဓိကအကျဆုံးကတော့ တိုက်တွန်းနှိုးဆော်သူ အစိုးရအပေါ် လူထုက လက်ခံ ယုံကြည်အောင် သက်သေပြနိုင်ဖို့သာ ဖြစ်ပါတယ်။ လူထုထောက်ခံမှု မရှိဘဲ လူထုကို တိုင်းရေးပြည်ရာ ကိစ္စတွေမှာ ပါဝင်လာအောင် မလုပ်နိုင်ပါဘူး။

လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာရေးအတွက် မလိုအပ်တဲ့ VIP နေရာတချို့မှာ မီးသုံးစွဲမှုကို လျှော့ချဖို့ စီမံသင့်ပါတယ်။ အဲဒီလိုပဲ တနိုင်ငံလုံး အစိုးရဌာနတွေမှာ လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို စံနမူနာပြ လုပ်ဆောင်ပေးသင့်ပါတယ်။ အရပ်ဘက် ပြည်သူတွေနဲ့ ဝန်ဆောင်မှု စီးပွားရေးကဏ္ဍဘက်မှာ ဖြစ်နိုင်သလောက် လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို နှိုးဆော် တိုက်တွန်းပေးသင့်ပါတယ်။

ဂျပန်နိုင်ငံမှာ ၂ဝ၁၁ ခုနှစ် မြေငလျင်နဲ့ ဆုနမိ ရေလှိုင်းကြောင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏ သိသိသာသာ ကျဆင်းခဲ့ရပါတယ်။ အဲဒီအခါမှာ အစိုးရက ကမကထလုပ်ပြီး မေတ္တာရပ်ခံ နှိုးဆော်တာကြောင့် ဂျပန်တနိုင်ငံလုံး ပြည်သူတွေရော စီးပွားရေးကဏ္ဍဘက်ကပါ ရသလောက် ခြိုးခြံ ချွေတာပေးခဲ့ကြပါတယ်။

အထူးသဖြင့် မနှစ်က နွေရာသီမှာ ဂျပန်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကို အားလုံးက အလေးအနက် ထားပေးခဲ့ကြပါတယ်။ တချိန်တည်းမှာ အစိုးရက ထိုင်းနိုင်ငံက ဂျင်နရေတာ မီးစက်ကြီးတွေနဲ့ လတ်တလော အစားထိုး ဖြည့်ဆည်းပေးခဲ့ပါသေးတယ်။ ဒါကြောင့် လိုအပ်ရင် လျှပ်စစ်မီး ဖြတ်တောက်စရာ ရှိမယ်လို့တောင် ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် တကယ်တမ်းမှာ ဖြတ်တောက်တာ မရှိခဲ့ပါဘူး။

ဒီနှစ် နွေဦးရာသီမှာလည်း အစိုးရဌာနတွေမှာ အဖြစ်နိုင်ဆုံး လျှပ်စစ်ဓါတ်အားကို ချွေတာသုံးစွဲနေတာကို သတိပြုမိပါတယ်။ အတုယူစရာ အနေနဲ့ပါ။
မြန်မာအစိုးရအနေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ရေရှည်စီမံကိန်းအတွက် ရန်ကုန်မြို့ကို အဓိကထားပြီး ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေနဲ့ ဖက်စပ်ပူးပေါင်းဖို့ စီမံထားတာကို ကြိုဆိုလိုက်ပါတယ်။ လတ်တလော လိုအပ်ချက်အတွက် အမေရိကန် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကလည်း သင့်လျော်တယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် အခြားနည်းလမ်းတွေကိုပါ ခုကတည်းက ကြိုတင်စဉ်းစား သုတေသန လုပ်ထားသင့်ပါပြီ။

ဥပမာ..

1. ရေစွမ်းအင် (Water energy) မှာ ဆည်ရေကနေ လျှပ်စစ်ဓါတ် ထုတ်ယူတာမျိုးသာမက ရေလှိုင်းနဲ့ ဒီရေက စွမ်းအင်ထုတ်ယူဖို့၊
2. နေရောင်ခြည် ကောင်းစွာရနိုင်တဲ့ နိုင်ငံဖြစ်လို့ Solar energy ကို အသုံးပြုဖို့၊
3. ပုံမှန် လေတိုက်အားကောင်းတဲ့ ကမ်းခြေနဲ့ ကမ်းနီးပင်လယ်တွေမှာ လေရဟတ်တွေကနေ လျှပ်စစ်ဓါတ်အား (Wind energy) ထုတ်ယူဖို့၊
4. Geothermal energy လို့ခေါ်တဲ့ မြေတွင်းအပူရှိန်ကနေ လျှပ်စစ်ဓါတ်အား ထုတ်ယူဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် မီးတောင်ဟောင်းဒေသမှာ ဖြစ်နိုင်စရာရှိပါတယ်။ မြေတွင်း Hot rocks တွေကို ရှာဖွေ တွေ့ရှိနိုင်ရင် စွမ်းအင် ထုတ်ယူနိုင်ပါမယ်။

အနည်းဆုံး ရေရှည်စီမံကိန်းအဖြစ် သုတေသနအဆင့်နဲ့ တက္ကသိုလ် ပညာရပ်တွေမှာ အားပေးဖို့ စတင် စီမံထားသင့်ပါတယ်။ ကုန်ကျစရိတ် ကြီးမားနိုင်စရာရှိပေမယ့် နောင် နှစ်ပေါင်း ၅ဝ ကနေ နှစ် ၁ဝဝ ထိ ရေရှည် စီမံကိန်းမျိုးကို ပညာရှင်တွေနဲ့တကွ လက်ဆင့်ကမ်း ထားရှိပေးခဲ့သင့်ပါတယ်။

မြန်မာနိုင်ငံဟာ ခေတ်မီတိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာနိုင်ဖို့ အလားအလာကောင်းနေပါတယ်။ သယံဇာတနဲ့ ပထဝီ အနေအထားကောင်းမွန်တယ် ဆိုပေမယ့် ဒါတွေကို အမြော်အမြင်ရှိရှိ ရေရှည်ထိန်းသိမ်း သုံးစွဲနိုင်ဖို့ လူသာ ပဓါန ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကောင်းပြီး လူမှန်နေရာမှန်သာ ရှိနေမယ်ဆိုရင် ပရဟိတ အားသန်တဲ့ နိုင်ငံသားတွေ ဖြစ်ကြတာအလျောက် အချိန်တိုအတွင်းမှာ ဘက်စုံဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၂၂-၅-၂ဝ၁၂

References –

ပြည်သူလူထုသို့ မေတ္တာရပ်ခံ ပန်ကြားခြင်း - ကြေးမုံသတင်းစာ (၂၂-၅-၂၀၁၂)

Generating electricity

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.