Wednesday, May 23, 2012

1 ၂၄နာရီပြည့်ဝစွာ မီးရရှိရေးအတွက် ရန်ကုန်တွင် ပထမဦးဆုံးအကြိမ်ငြိမ်းချမ်းစွာတောင်းဆို

ခြေမသန်တော့သည့်ကြားက ဆုတောင်းလမ်းလျှောက်ခဲ့သော ကုန်ဈေးနှုန်းကျဆင်းရေးခေါင်းဆောင် ကိုထင်ကျော်

မေလ(၂၂)ရက်နေ့ ည(၇း၀၀)နာရီတွင် ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားတ၀ိုက်တွင် လူအယောက် ခြောက်ဆယ်ခန့် ၂၄ နာရီ ပြည့်ဝစွာ လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များ ကိုင်ဆောင်ကာ လမ်းလျှောက် တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုမှုအား မြို့တော်ခန်းမအနီးရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင်မှ စတင်၍ မီးထွန်းထား သောဖယောင်းတိုင်များ ကိုင်ဆောင်ကာ ဆူးလေဘုရားတောင်ဘက်မုဒ်မှတတ်၍ ရင်ပြင်တော်၌ တစ်ပတ်ပတ်ကာ ဘုရားမီးပူဇော်၍ မြန်မာနိုင်ငံ ၂၄ နာရီ လျှပ်စစ်မီးပုံမှန် ရရှိရေးအတွက် ဆုတောင်းခဲ့သည်။

“ပြည်သူတွေအမှောင်ထဲထိုင်နေရတော ကျွန်တော်ကလည်း ရောဂါရှိနေပေမယ့် ပြည်သူတွေ ၂၄ နာရီမီးရရှိရေးအတွက် ဒီလိုထပြီး ငြိမ်းချမ်းစွာဆန္ဒပြတာပါ၊ ဒါကျွန်တော်တို့ရဲ့အလုပ်လည်းဖြစ်ပါတယ်” ဟု ဆန္ဒပြရာတွင်ပါဝင်ခဲ့သော ခြေထောက်မသန်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က ခြေမသန်သည့်ကြားမှ လမ်းလျှောက်ဆုတောင်းပွဲတွင် ပါဝင်ရင်း ပြောသည်။

ငြိမ်းချမ်းစွာဆန္ဒပြမှုတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သော ဒေါ်နော်အုံးလ၊ ကိုဟန်ဝင်းအောင်၊
ဦးဝင်းချို တို့နှင့် ပြည်သူလူထုမှပူပေါင်း၍ ပါဝင်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့အနေနဲ့ကိုယ့်စိတ်ဓါတ်နဲ့ကို လာပြီးတောင်ဆိုတာဖြစ်ပါတယ် ဘယ်သူ့ဦးဆောင်မှုမှမပါဘူး”ဟု ကိုယ်ဟန်ဝင်းအောင်က ပြောသည်။

ထို့ပြင် ငြိမ်းချမ်းစွာဆန္ဒပြသော ပြည်သူများအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင် နှစ်ရာခန့်လာရောက် ကြီးကြပ်ခဲ့
ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဥပဒေကြောင်းအရ တားဆီးပိတ်ပင်မှုအချို့ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ ပြည်သူလူထုအဖွဲ့မှာ လမ်း၃၀ ဘက်သို့ လမ်းလျှောက်ရန် ဦးတည်ခဲ့သော်လည်းလမ်းလျှောက်ခွင့် မပြုဘဲ တားဆီးခဲ့ပြီး ဘုရားပေါ်တက်ခွင့်သာပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးရရှိရေးတောင်းဆိုမှုအား လွန်ခဲ့သည်ရက်အနည်းငယ်မှ သုံးခွ၊ မုံရွာ၊ မန္တလေး၊ ပြည် မြို့များတွင် စတင်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့တွင် ယနေ့မှ စတောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ တောင်းဆိုပွဲအား ရန်ကုန်မြို့၌ ယနေ့မှစတင်၍ မီး(၂၄)နာရီ မီးရရှိသည်အထိ ဆက်လက်၍ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထွန်းနေအောင်၊ စောဇင်ညီ ( မြစ်မခ )

1 comment:

  1. ယောနသံ SAID:
    ဒီလိုဖတ်နေ၊ သိနေ၊ လုပ်နေတာတွေကိုတွေ့နေရတာကိုက ကျေးဇူးတင်စရာပိုကောင်းနေပါတယ်။ မြန်မာတွေဟာ ထုံနပေဂိုဏ်းသားတွေနဲ့ တစ်သီးတစ်ခြားစီဖြစ်ကြောင်းလေးတွေကတော့ ပြနေရမှာပေါ့ဗျာ။ ဘုရားစူး သောက်ကျိုးနဲ အတွေးအခေါ် ဗလောင်းဗလဲလူသားများမဟုတ်ကြောင်း အလင်းတိုင်လေးတွေဆောင်ပြကြရင် မိုးနတ်မင်းကြီးဆီမှာဘဲ လျှပ်စစ်အင်ဂျင်နီယာတွေ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ်သွားရောက်လုပ်ကိုင်နိုင်ကြောင်း လျှောက်လွှာပါရောင်းပေးချင်ကြောင်းပါ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.