Sunday, September 13, 2009

0 ကိုညီညီအောင်အတွက် လွှတ်တော်အမတ်စိုးရိမ်

အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင် အဖမ်းခံရတဲ့အပေါ်မှာ မေရီလန်း ပြည်နယ်က အောက်လွှတ်တော်အမတ် Christ Van Hollen က စိုးရိမ်မကင်း ဖြစ်နေကြောင်း မနေ့က ပြောဆိုလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေက ရန်ကုန်လေဆိပ်အဝင်မှာ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ သူနေထိုင်တဲ့ အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်က အောက်လွှတ်တော်အမတ် Christ Van Hollen ဆီကို သူငယ်ချင်းမိတ်ဆွေတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အကြောင်းကြားခဲ့ပြီး အလျင်အမြန် စုံစမ်းပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်အမတ်ရုံးက တယ်လီဖုန်းနဲ့ မနေ့က အကြောင်းပြန်ခဲ့တယ်လို့ ကိုညီညီအောင်ရဲ့မိတ်ဆွေ မဝါဝါက ပြောပါတယ်။

မဝါဝါ။ ။“သူတို့အနေနဲ့ ဒီစာကို ရရချင်းမှာ တကယ်ကို သူတို့ စိုးရိမ်ပါတယ်။ နောက်ပြီးတော့ သူတို့အနေနဲ့ ဒီကိစ္စကို လွှတ်တော်က စိတ်ဝင်စားတဲ့ ကိစ္စအခုအနေနဲ့ သတ်မှတ်ထားပါတယ်။ သတ်မှတ်ပြီးတော့ ရန်ကုန်မှာရှိတဲ့ ACS ကိုလည်း သူတို့ ထပ်ပြီးတော့ ပြောပြီး ဒီကိစ္စကို အတတ်နိုင်ဆုံး အမြန်ဆုံး ဆောင်ရွက်ပေးဖို့ သူတို့လုပ်ထားပါတယ်ဆိုတာကို ကျမကို အကြောင်းပြန်လာတာ ဖြစ်ပါတယ်”

ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက အာဏာပိုင်တွေဆီမှာ စုံစမ်းထားတယ်ဆိုပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုဥပဒေအရ ကိုညီညီအောင် ကိစ္စနဲ့ပတ်သက်ပြီး အများသိအောင် ထုတ်ပြန်ကြေညာဖို့ မရှိဘူးဆိုတဲ့ အကြောင်းပြန်ကြားချက်အပေါ် မဝါဝါက အခုလို တုန့်ပြန်ပြောဆိုပါတယ်။

မဝါဝါ။ ။“သူတို့အနေနဲ့ အမေရိကန်သံရုံးကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကြောင်းကြားမယ်။ အကြောင်းကြားပြီးလို့ရှိရင် သူတို့အနေနဲ့ ဒီလူတယောက်ကို တွေ့နိုင်ခွင့် ဆိုတဲ့ဥစ္စာကို သူတို့က ထပ်ပြီးတော့ တောင်းဆိုရတယ်။ တောင်းဆိုတဲ့အခါမှာ မြန်မာအာဏာပိုင်များအနေနဲ့ ခွင့်ပြုမှသာ သွားပြီးတော့တွေ့ခွင့်ရှိတယ်။ ဟိုဘက်က ဘာမှ ပြန်ပြီးတော့ အကြောင်းမကြားဘူးဆိုရင် ဘာမှ လုပ်လို့မရဘူး။ အဲဒီအတွက်ကြောင့် အခုလို စုံစမ်းစစ်ဆေးနေတဲ့အခါမှာ မြန်မာ အာဏာပိုင်များအနေနဲ့ ဘာမှ ပြန်ပြီး အကြောင်းမကြားတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဘာသတင်းမှ ထုတ်ပြန်ပြောကြားခွင့် မရှိသေးဘူးလို့ Privacy Act ကို ကျမနားလည်ပါတယ်”

ကိုညီညီအောင်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာ မိသားစုဝင်တွေအနေနဲ့ အခုချိန်ထိ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သတင်း။ ။RFA

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.