Monday, September 14, 2009

0 ဂျာနယ်အချို့မှာဖော်ပြခွင့်ရရှိနေတဲ့လတ်တလောမြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေအပေါ် ၀ါရင့်သတင်းစာဆရာကြီး ဆရာလူထုစိန်ဝင်း အမြင်

အံ့ဘုန်းမြတ်
လတ်တလော မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေ ဂျာနယ်အချို့မှာ ဖော်ပြခွင့်ရရှိနေတာနဲ့ ပတ်သက်ပြီး ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ သဘောထားအမြင်တွေ ဘယ်လိုရှိတယ်ဆိုတာကို ဒီဗွီဘီသတင်းဌာနအတွက် ဆက်သွယ် မေးမြန်းဖြစ်ထားတာတွေကို ပြန်လည် တင်ပြပေးလိုက်ရပါတယ်။

မေး။ ။ ဗွီုက်ဂျာနယ်တို့ဘာတို့မှာ ဦးသန့်မြင့်ဦးတို့ မစတာဂျင်ဝက်ဒ်တို့ ဆောင်းပါးမျိုးတွေကို ဘာသာပြန် ဖေါ်ပြလို့ရနေပါတယ်။ အဲဒီလိုမျိုး ဖေါ်ပြလို့ရနေတာနဲ့ ပတ်သက်ပြီးတော့ ဆရာ့အမြင်ဘယ်လိုရှိလဲ ဆိုတာ သိချင်ပါတယ်ဆရာ။

အဲဒါက အထူးအခွင့်အရေးအနေနဲ့ ရတာဗျ။ အဲဒါနဲ့မတူတဲ့ အယူအဆတွေကို ရေးခဲ့တာတွေကျတော့ လုံးဝကိုထည့် လို့မရဘူး။ ဒါကို ကျနော်တို့က ၀မ်းသာရတယ်လို့ ပြောလို့မရဘူးဗျ။ ဒါအထူးအခွင့်အရေးနဲ့ သူတို့ တစောင်ကိုပဲရတာပါ။ သူတို့ အယူအဆတွေကို ပြန်ချေပတဲ့ ဆောင်းပါးတွေ ၄ ပုဒ်လောက်ရေးခဲ့ပါတယ်။ ၄ ပုဒ်စ လုံး အပိတ်ခံခဲ့ရတာပဲ၊”

မေး။ ။ ဟုတ်ကဲ့ဆရာ ဆရာဘယ်ဂျာနယ်တွေမှာများ ရေးခဲ့တာလဲ။

ကျနော်ရေးခဲ့တာ Weekly မှာရေးတယ်၊ News Watch မှာရေးတယ်၊ True မှာရေးတယ်၊ Favorite မှာရေးတယ်၊ အယူအဆကိုအယူအဆချင်း ပြန်ချေပတာပေါ့ဗျာ အဲဒါမျိုးတွေ ရေးလို့မရဘူး၊ သူတို့ကတော့ အထူးအခွင့်အရေးအနေနဲ့ ရေးခွင့်ရတာပေါ့ဗျာ။

မေး။ ။ ဆရာဘယ်လိုပုံစံမျိုးနဲ့ ပြန်ရေးထားတာမျိုးတွေကို အပယ်ခံခဲ့ရတာပါလဲ။

ဥပမာ ကျနော်နမူနာလေးတခုပြောမယ်။ အတိတ်ကိုလည်းမကြည့်နဲ့ အနာဂတ် ကိုလည်းမကြည့်နဲ့ လက်တွေ့ကိုပဲကြည့် ဆိုတဲ့စကားလုံးပေါ့။ အဓိပ္ပါယ်မရှိဘူးလို့ ကျနော်က ချေပတယ်။ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ဆိုတဲ့ ကွင်းဆက်ဟာ ဖြတ်ပစ်လို့မရဘူး။ အတိတ်ကို ပြန်မကြည့်ချင်တဲ့လူတွေက အတိတ်မလှတဲ့ လူတွေဖြစ်တယ်။ အနာဂတ်ကို မကြည့်တဲ့လူ တွေက အနာဂတ်မှာ သူတို့အတွက် နေရာမရှိတဲ့လူတွေဖြစ်တယ်လို့ ကျနော်ရေးခဲ့တယ်။ အဲဒါမျိုးတွေကျတော့ ရေးခွင့်မရဘူးလေ။

မေး။ ။ ဆောင်းပါးတွေမှာ သူတို့ပြောတဲ့ အမျိုးသားစီးပွားကို ရှေးရှုဖို့တို့ ပြီးတော့ သမိုင်းသင်ပုန်းချေဖို့ တို့ဘာ တို့ပေါ့ဗျာ။ အဲလိုစကားလုံးမျိုးတွေက လောလောဆယ် အတိုက်အခံအင်အားစုတွေကြားထဲမှာ သဘော ထားကွဲပြားစရာတွေနဲ့ အကြောင်းအရာမျိုးတွေလည်း ပါလာတက်ပါတယ်။ အဲဒီအပေါ်ကို ဆရာဘာများ ပြောချင်ပါလဲ။

အခုဟာက သဘောထားကွဲတယ်ဆိုတာက ပြည်သူလူထုကြားထဲမှာ ဘာမှသဘောထားကွဲမှု အငြင်းပွားမှု မရှိဘူးဗျ။ နိုင်ငံရေးအချောင်သမားတွေ ကြားထဲမှာတော့ သဘောထားကွဲတာရှိနိုင်တယ်။ ပြည်သူလူထုကတော့ သဘောထား မကွဲဘူး။ ပြည်သူလူထုကို ကျနော်ကောင်းကောင်းယုံတယ်။ နိုင်ငံရေးအချောင်သမားတွေ ကတော့ဗျာ သူတို့အကျိုးစီးပွား အတွက် နိုင်ငံရေးလုပ်ကြတာကိုးဗျ။ သူတို့အကျိုးစီးပွားကို မျှော်ကြည့်မှာပဲ။ အဲဒီလိုရေးသားနေတဲ့လူတွေ အတိတ်ကို မကြည့်နဲ့ အနာဂတ်ကိုမကြည့်နဲ့ ပစုပ္ပန်ပဲကြည့်ဆိုတဲ့ လူတွေကို ကျနော်တခုပဲပြောချင်တယ် ၇၄ ကို ပြန်ကြည့်ပါလို့ ကျနော်တခွန်းတည်းပဲ ပြောချင်တယ်။

မေး။ ။ အစိုးရကိုထောက်ခံစေမယ့် ဆောင်းပါးမျိုးတွေကို ဖော်ပြနေတဲ့အပေါ် သတင်းသမားတွေအမြင်နဲ့ ဆိုရင် ဆရာဘာများပြောချင်မလဲ။

ဒါကတော့ဗျာ ကျနော့်အနေနဲ့ အစိုးရကတော့ ဒီလိုလုပ်တာ ထုံးစံပဲ၊ လုပ်မှာပဲလေ။ ဘယ်အစိုးရ မဆိုပါ။ သူတို့အကြိက်ကို ဖော်ပြတဲ့ဟာတွေကို သူတို့ လွတ်လွတ်လပ်လပ် ရေးခွင့်ပေးမယ်။ သူတို့အကြိုက်ကို မဖော်ပြတဲ့လူတွေကို ရေးခွင့်မပေးဘူး။ ဒါကတော့ အစိုးရတွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲ။ ကျနော်ကတော့ လုပ်တဲ့သူတွေကိုပဲ ပြောချင်တယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုမျက်နှာကို မထောက်ပဲနဲ့ ကိုယ့်အကျိုးစီးပွား တခုထဲအတွက်နဲ့ ဒီလိုရေးနေတဲ့ လူတွေကိုပဲ အပြစ်ပြောချင်တယ်။ သတင်းစာသမားဆိုတာ ကျနော်ခဏ ခဏလည်းရေးတယ် ခဏခဏလည်းပြောတယ်ပေါ့ဗျာ။ သတင်းစာသမားဆိုတာဟာ အစိုးရရဲ့ လက်ကိုင်တုတ်လည်း မဖြစ်အောင်၊ နိုင်ငံရေးပါတီတခုရဲ့ လက်ကိုင်တုတ်လည်း မဖြစ်အောင်၊ သူကြည့်ရမှာက ပြည်သူလူထုရဲ့ မျက်နှာတခုထဲပဲဖြစ်ပါတယ်။ အစိုးရမျက်နှာ တခုထဲကို ကြည့်ပြီးတော့ ပြောနေမယ်။ ပြန်လည် ချေပခွင့်မရှိတဲ့အရာတွေကို တဖက်သပ်ဖိပြီးတော့ ရေးနေခြင်းဟာ သတင်းစာဆရာကောင်းတို့ရဲ့ ကျင့်ဝတ် မဟုတ်ပါဘူး။

မေး။ ။ သူတို့က အမျိုးသားအကျိုးစီးပွားတို့လို နိုင်ငံရေးစကားလုံးတွေ သုံးပြီးတော့ လုပ်နေပေမယ့် အောက်လမ်းနည်းနဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာမျိုးတွေ ရှိနေပြန်ပါတယ်။ မီးစာတဖက် ရေမှုတ်တဖက်လို မဟုတ်ပဲနဲ့ အပေါ်ကရေမှုတ် အောက်ကမီးစာပေါ့ဗျာ။ အဲလိုမျိုးတွေလုပ်နေတဲ့အပေါ်ကိုရော ဆရာ့အမြင်ဘယ်လိုရှိလဲ၊

အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတခုပဲ။ ဒါတွေ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်ဆိုတဲ့ စကားလုံး အပေါ်မှာတော့ ကျနော်တို့အနေနဲ့ သံသယဖြစ်ရလိမ့်မယ်။

မူရင်း။ ။ အံ့ဘုန်းမြတ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.