Friday, July 16, 2010

0 လိမ်ညာတဲ့ ကြံ့ဖွတ်

ကြံ့ဖွတ်တွေ လူလည်ကျပြီး လက်မှတ်ထိုးခိုင်းသွားတဲ့ သတင်းတခုကြားရတယ်။ တောမဟုတ်ဘူး။ ရန်ကုန်မှာကို ဖြစ်နေတာ။ ဒေါပုံ၊ ပုသိမ်မြေ ၁လမ်းမှာ လမ်းလုပ်ပေးမယ်ဆိုပြီး မြောင်းတွေဖေါက်ပြီး တဝက်တပြက်နဲ့ ရပ်ထားလိုက်တယ်။ပြီးတော့ ဘိလပ်မြေမချပေးတော့ဘူး ဆိုပြီး ဒီအတိုင်းရပ်ထားလိုက်တယ်။အဲဒါနဲ့ ရပ်ကွက်လူကြီးတွေက စုံစမ်းတော့ အဲဒီရပ်ကွက်မှာ အသင်းဝင်တွေ နည်းလို့ဆိုပြီးရပ်ကွက်က ဆယ်အိမ်ခေါင်းကပဲ အရပ်ထဲမှာ လက်မှတ်တွေ မလိမ့်တပတ်နဲ့ လိုက်ထိုးခိုင်းတယ်။

အိမ်ထောင်စုစာရင်းတောင်းပြီး ၁၈နှစ်ကျော်နေတဲ့သူတွေရယ်။ အလုပ်အကိုင် တွေမေးပြီး စာရင်းဘေးမှာ လက်မှတ်ထိုးခိုင်းတယ်လို့ပြောတယ်။ မနေ့က တကယ်ဖြစ်နေတာကိုပြောတာနော်။ ကာယကံရှင်မရှိလဲ ကိုယ်စားသဘောမျိုးနဲ့ ထိုးခိုင်းပြီး အဲဒီလက်မှတ်တွေကို၁၀အိမ်ခေါင်း ဦးလှမြင့်ဆိုသူနဲ့ ဦးဇော်၊ ဂြီုလ်ကြီးဆိုတဲ့သူတွေက ဦးဆောင်ပြီးကောက်ခဲ့တယ်လို့ပြောတယ်။

သူတို့ကတော့ လမ်းမြန်မြန်ပြီးရင် ပြီးရောဆိုတဲ့သဘောနဲ့ လိုက်ကောက်တယ်လို့ ရှင်းပြသွားတယ်။
ပြီးတော့ အလှူငွေတွေလဲ ကောက်လိုက်သေးတယ်။ ဒါပေမယ့် မဲပေးရင်တော့ ကိုယ်ကြိုက်တဲ့ အဖွဲ့ကိုပေးလို့ရတယ်ဆိုတဲ့ အကြောင်းပါ ပြောသွားတယ်။

ကြံဖွတ်တွေတော့ နည်းမျိုးစုံနဲ့ အကောက်ကြံနေတာလား။ ဒါမှမဟုတ် ပါတီဝင်အင်အားကို အဖြစ်သဘောနဲ့ စာရင်းလိုချင်လို့ လုပ်တာလား။ ဘာတခုမှ ရိုးသားမှု့မရှိဘူး။ လမ်းခင်းတာဟာ စည်ပင်သာယာက လုပ်ရမယ့်အလုပ်။ စဖွဲ့တုန်းက လူမှုရေးအသင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အခုတော့ နိုင်ငံရေးပါတီဆိုပြီး ခေါင်းစဉ်တွေတပ်လိုတပ်။ အာဏာကို ဖြတ်လမ်းကယူဖို့ကြိုးစားနေပါတယ်ဆိုပြီး သူတို့မီဒီယာတွေထဲကနေ
သူတပါးကို လက်ညိုးငေါက်ငေါက်ထိုးပြီးတော့ ခုတော့ သူတို့ကိုယ်တိုင်က ဖြတ်လမ်းတောင်မဟုတ်ဘူး။ ငါ့တယောက်ထဲ သုံးလို့ရတဲ့ ဖြတ်လမ်းဆိုတာကြီး တီထွင်ပြီး လျှောက်တော့မယ်ပေါ့... အဟက် ဟက်။
တနေ့ညက အာဖက်အေသတင်းမှာ ကြံ့ဖွတ်ရုံးတာဝန်ခံဆိုတဲ့သူလား အင်တာဗျူးမှာ ဖြေသွားတာကတော့ ပျံလံနေတာပဲ။ ဥပဒေနဲ့အညီ ပြောင်းလဲသွားတာဆိုပဲ။ ဘယ်လိုဥပဒေတွေနဲ့ ကြံ့ဖွတ်ကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလိုက်တယ်လို့တော့ နလပိန်းတုံးတွေနားလည်နိုင်လောက်အောင်ကို မရှင်းပြနိုင်ဘူး။ ဥပဒေဆိုတာကြီးကို
ပါးစပ်ဖျားကကို မချတာ။ သူတို့လုပ်ချင်ရင် လယ်တဧက ၁၂ကျပ်လို့တောင် ဥပဒေအရ လုပ်လို့ရနေတာပဲ။ ခက်တော့ခက်တယ်။ တကယ်မလွယ်ဘူး။

သေချာတာတခုပြောရမယ်ဆိုရင် ဘယ်လောက်ပဲ ပါတီဝင်အင်အားများနေပါစေ။ စာရင်းထဲမှာ များနေတာတွေဟာ အားလုံး စက္ကူကျားတွေလိုပဲ သဘောရှိမယ်။ မဆလ ခေတ်ကိုပြန်ကြည့်ရင် သိနေတာပဲ။ ပါတီဝင် ကောင်စီဝင် တွေမကဘူး လူငယ်တွေကိုပါ ပါတီဝင် အလောင်းလျာသဘောမျိုးနဲ့ လမ်းစဉ်လူငယ်၊ ရှေ့ဆောင်လူငယ်၊မူလတန်း ကလေးတွေလောက်ကိုတောင် တေဇလူငယ်ဆိုပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးအတွက် ပါတီဝင်စာရင်းကို ကြီးမြတ်လေးနက်အောင် ဖန်တီးခဲ့ကြတာသေးတာပဲ။ ၈၈မှာ မိုးပေါ်ထောင်ပစ်တာမရှိဘူးဆိုပြီး ဇာတိသွေး ဇာတိမာန် တချက်ပြလိုက်တာနဲ့ တပါတီ အဓိပတိကြီးလဲ မြောင်းထဲရောက်ရတာပဲ။ ဒီတချက်ထဲတော့ မဟုတ်ဘူးပေါ့။

ဒါနဲ့ မြန်မာပြည်သတင်းစာတွေထဲမှာ ဖတ်နေရ မြင်နေရတာ နှစ်တွေတောင် တော်တော်ကြာပြီ။ NLD ပါတီဝင်တွေက အယုံအကြည်မရှိကြတော့လို့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်နေကြတာ နှစ်တွေတော်တော်ကြာနေတဲ့ အထိပဲ။ ဘာကြောင့် အခုအထိ မကုန်ကြသေးတာလဲတော့ မပြောတတ်ဘူး။

အဆုံးမှာ ကြည့်မိတာတော့ အာဏာရှင်တွေဟာ သူတို့မှာ တကယ်မရှိတဲ့အင်အားကိုတကယ်ရှိသယောင်လုပ်ပြီး
ကိုယ့်ကိုယ်ကိုယ်ဖြေသိပ့်နေတတ်တယ်။ လူထုကို လှည့်စားဖို့အားထုတ်မယ်။တဆက်ထဲပဲ တကယ့်အင်အားရှိတဲ့ သူတွေကို အင်အားမရှိတော့သယောင်သွားပုတ်လေလွှင့် လျှောက်ပြောပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာဖို့ ကြိုးစားနေရင်း တခြားသူတွေကိုပါ လှည့်စားဖို့ ပြောနေတာထက် မပိုဘူးလို့ပဲ အညတရ ကျွန်တော်မဟူရာမှ သုံးသပ်မိပါကြောင်း။


မဟူရာ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.