Tuesday, September 21, 2010

0 တော်သလင်းလ (စက်တင်ဘာလ) ကို မော်ကွန်းထိုးခြင်း


တော်သလင်းလ (စက်တင်ဘာလ) ဟာ လထူး လမြတ်ဖြစ်ကြောင်း ထောင်သောင်းမကသော သမိုင်းများက သေသက်ခံလျှက်ရှိပါတယ်။ မြန်မာနိုင်ငံ သားတို့ရဲ့ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ ဂုဏ်ယူစရာ၊ အလံထူရာပွဲတော် တခုဖြစ်တဲ့ လှေသဘင်ပြိုင်ပွဲကို ဒီတော်သလင်းလမှာ ကျင်းပတာပါ။

သစ်ဆင်းရယ်တဲ့ လမာသာ၊
မြစ်လုံးငယ် ဆူညံလို့၊
လှော်တက်သံ လှေပြိုင်ပွဲငယ်၊
နွှဲပျော်ကြရှာ။
ယုန်ရထားအိမ် သီတလမှာတဲ့၊
ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့၊
မည်ဗဒြ ကြယ်ပြုဗ္ဗါ၊
ယှဉ်လာ၍ ပြည့်ဝန်း၊
ဒွါဒရာ၊
ငှက်ဗျိုင်း တာရာနှင့်၊
ရွှေယင်းမာ ငုံပွင့်ကင်းကြတယ်၊
သင်းတဲ့ သည်ပန်း။

မဟာဂီတ ဦးပြုံးချိုရဲ့ တော်သလင်းလဘွဲ့ပါ။ တော်သလင်းလရဲ့ ဂုဏ်ဒြပ် တွေဟာ ဘယ်လောက်သာယာဖွယ် ကောင်းတယ်ဆိုတာကို ကဗျာနဲ့ ဦးပြုံးချိုက ဝိသေသပြုထားတာပါ။ မွမ်းတင်ထားတာပါ။ တကယ်၌လည်း သာယာဖွယ်များနဲ့ ထူးခြားတဲ့ စိမ်းစိမ်းစိုစိုနဲ့ မိုးသုံးလရဲ့ နောက်ဆုံးလပါ။ ပြီးတော့ လှေလှော်ပြိုင်ပွဲ ဆိုတာကလည်း တကယ့်ကို ပျော်စရာကောင်းတဲ့ ပြိုင်ပွဲတခုပါ။ ပြိုင်ပွဲဝင် လှေလှော်သမားများဟာ ကျန်းမာကြံ့ခိုင်ပြီး လက်မောင်း၊ လက်ဖျံ၊ လက်ဆစ် တို့ဟာ ကျစ်လစ်ခိုင်မာပြီး အားကောင်းမှ သူနိုင်ကိုယ်နိုင်အပြိုင်ချဲရတာပါ။ အိုးစည်၊ ဗုံ၊ မောင်း၊ လင်ကွင်း၊ ဝါးလက်ခုပ် တူရိယာအမျိုးမျိုး တီးမှုတ်ကြပြီး၊ လှေပြိုင်သီချင်းတွေဆိုကြတယ်။ ရပ်ရပ်ရွာရွာ၊ မြို့မြို့နယ်နယ်က ပြိုင်ပွဲဝင် အသင်းကလည်း များကြီးပါပဲ။ ရပ်သူ- ရွာသားများက ရပ်လုံးကျွတ်၊ ရွာလုံးကျွတ် ဘိုးဘိုး၊ ဘွားဘွားကစလို့ လူမမယ်ကလေးငယ်အဆုံး အားပေးကြတာပါ။ အနိုင်ရတဲ့ အသင်းကတော့ ရင်မော့မော့ ခါးကျော့ကျော့နဲ့ ပျိုမေများရဲ့ ပါးစပ်ဖျားမှာ သကာပျားဖြင့် တင်ခံကြရတာပေါ့။ လှေပြိုင်ပွဲရဲ့ ထူးခြားတဲ့ ဒြပ်တခုက ညီညွတ်ခြင်းပါပဲ။ ပြိင်ပွဲဝင် လှေလှော်သမားများက ကာယဗလ၊ ဉာဏဗလပြည့်စုံကြရတယ်။ အားပေးသူ ပရိတ်သတ်လည်းရှိရတယ်။ အားပေး သူတွေက လှေလှော်သမားများကို ပြစ်တင်မောင်းမဲဆဲဆိုရင် လှေလှော်သမား များကလည်း အားတက်ခြင်း၊ မြူးကြွခြင်း မရှိတော့ဘဲ အရှုံးပေးရတတ်တယ်။ လှေလှော်သမားအချင်းချင်းလဲ နားလည်မှု ရှိရပါတယ်။ တရောက်တပေါက် လှော်ခတ်လို့မရပါဘူး။ ဟန်ချက်ညီညီလှော်တတ်ဖို့လိုပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရ တဲ့ အသင်းဟာ ညီညွတ်မှု၊ အချင်းချင်း နားလည်မှု၊ ကာယ၊ ဉာဏပြည့်စုံမှု၊ ပရိတ်သတ်အားပေးမှု၊ ဟန်ချက်ညီမှုရှိဆုံးလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ပန်းတိုင်ရောက်ပြီး အောင်လံကိုကိုင်နိုင်တာပေါ့။ ဒီလို ဂုဏ်ဒြပ်တွေနဲ့ ပြည်စုံတဲ့ မြန်မာ့ရိုးရာ လှေပြိုင်ပွဲကို ဒီတော်သလင်းလ (စက်တင်ဘာလ) မှာ ကျင်းပ ကြပါတယ်။

ရိုးရာမဟုတ်သော်လည်း မေ့မရ တသသဖြစ်ကြရတဲ့ သံဃာ့အရေးအခင်း (သို့) လူထုအုံကြွမှုကြီး တရပ်ဟာ ဒီတော်သလင်းလ (စက်တင်ဘာလ) မှာ ဖြစ်ပွားခဲ့တယ်။ အဲဒီ အချိန်က သံဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေ က ညီညွတ်နေ ကြတယ်၊ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ရဲရဲတောက်နေကြတယ်။ မေတ္တာဓာတ်တွေ လည်း ကိုယ်စီကိုယ်စီ နှလုံးအိမ်ထဲမှာ ကိန်းဝပ်နေကြတယ်။ မေတ္တာဓာတ် တွေကိုလည်း ဖြန့်နေကြတယ်၊ သံဃာတော်တွေရဲ့ သင်္ကန်း အရောင်တွေနဲ့ စွေးစွေးနီနေခဲ့တယ်၊ ဝါဝါထိန်နေခဲ့တယ်။ တပြည်လုံးက ပြည်သူ လူထုရဲ့ စိတ်ထဲမှာ အံ့သြမှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှု တရားမှု မတရားမှုတို့ကို မြင်ရ၊ ကြားရယုံမျှမက နှလုံးသားထဲအထိ စွဲညိနေစေခဲ့တယ်။ “အရေးကြီးရင် သွေးနီး တယ်ဟေ့” ဆိုတဲ့ မြန်မာတို့ရဲ့ တိုက်ပွဲဝင် လက်စွဲစကားကို လူတိုင်းရဲ့ ပါးစပ် ဖျားမှာ ရေပန်းစားလာခဲ့တယ်။ တချို့က ဗိုလ်တေဇနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကို အောင်းမေ့လာကြတယ်။ တချို့ကလည်း ဦးဥတ္တမ၊ ဦးဝိစာရ စတဲ့ သာသနာ့ အာဇာနည်များကို သတိရလာကြတယ်။ လူတွေမျက်နှာမှာလည်း ထိတ်လန့်ခြင်း အမူအရာများနဲ့အတူ ရွှေရောင်အနာဂါတ်ကို မြင်ရသလို ခံစား ချက်များ ရောယှက်နေတယ်။ တချို့ စိုးရိမ်ခြင်းအနေအထားနဲ့အတူ တာဝန်ကျေ တဲ့ သူရဲကောင်းသဖွယ် ပီတိလှိုင်းတွေ တရိပ်ရိပ်တက်နေကြတယ်။ ဒီလို ထူးခြားတဲ့ အကြား၊ အမြင်၊ ခံစားမှု၊ ခံယူမှု၊ အောင်းမေ့မှု၊ သတိရမှု၊ ထိတ်လန့်မှု၊ စိုးရိမ်မှုတွေဟာ ဒီတော်သလင်းလ (စက်တင်ဘာလ) ဖြစ်ခဲ့တာပါ။ ဒီလိုထူးခြားမှုများနဲ့အတူ ဒီတော်သလင်းလ (စက်တင်ဘာလ) မှာပဲ သံဃာတော်တွေ၊ ကျောင်းသားပြည်သူတွေဟာ ဝမ်းနည်း၊ ပူဆွေး၊ ငိုကြွေးကြ ရတယ်။ စိုးရိမ်၊ ထိတ်လန့်မှုတွေနဲ့အတူ ပွက်ပွက်ဆူနေတဲ့ သွေးတွေဟာ လမ်းမပေါ် စီးကျခဲ့ရတယ်။ သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတို့ရဲ့ အေးမြ သာယာတဲ့ မေတ္တာပို့သံတွေကို စက်သေနတ်သံနဲ့ ဖုံးလွှမ်းပစ်ခဲ့ကြတယ်။ ညီညီညာညာစီတန်းပြီး စည်းနဲ့ကမ်းနဲ့ လမ်းလျှောက်နေကြတဲ့ မြင်ကွင်းကို မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး ယမ်းငွေ့တွေနဲ့အတူ ဖုံးလွှမ်းပစ်ခဲ့ကြတယ်။ တချို့က ဖရိုဖရဲ၊ တချို့က ဒရွတ်တိုက်ဆွဲ၊ တချို့က ဗုံးဗုံးလဲ သံဃာတော်တွေနဲ့ ပြည်သူအများအပြားရဲ့ အသက်တွေပေးခဲ့ရသလို ဂျပန်နိုင်ငံသား နာဂါအီလဲ ဇီဝိန်ချုပ်ခဲ့ရတယ်။ ဒီလို ရုပ်ဆိုးကျည်းတန်မှုတွေဟာ ဒီတော်သလင်းလ (စက် တင်ဘာလ) မှာဖြစ်ခဲ့တာပါ။

ဒီလိုရက်စက် ကြမ်းကြုတ်ပြီး လူမဆန်တဲ့ လုပ်ရပ်တွေကို နအဖလူ့ငနွား တွေက ဖန်တီးခဲ့ကြတယ်။ အမှားအမှန်၊ သင့်မသင့်၊ အကောင်းအဆိုး ဝေဘန်၊ ခွဲခြားနိုင်စွမ်းမရှိတဲ့ ပညာမဲ့၊ သိက္ခာမဲ့၊ အကျင့်မဲ့ လူ့ငနွားတွေရဲ့ တပည့် ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်ကလည်း အစွမ်းကုန် မိုက်ကန်း၊ ရိုင်းစိုင်းခဲ့ကြတယ်။ နိုင်ငံတော် သံဃာမဟာနာယကလို့ နာမည်တပ်ထားတဲ့ သံဃာအဖွဲ့အစည်းကြီး ကလည်း တုံ့တုံ့မျှမလှုပ်ပဲ အမှားအမှန်မခွဲခြား အဂတိတရားတွေနဲ့ ရေငုံနှုတ်ပိတ် နေခဲ့ကြတယ်။ ကြက်ခတ်ဝိုင်းက ရဟန်းကြီးတပါးဆိုဆို လူမိုက်အားပေးတောင် လုပ်ခဲ့ပါသေးတယ်။ သမိုင်းမှာ မည်းစက်ထင်သူတွေကတော့ ဘယ်လိုဖျက်လို့ မရတော့ပါဘူး။ ဘယ်သူကဆူး၊ ဘယ်သူကခလုတ်၊ ဘယ်သူက ဒုဿီလ၊ ဘယ်သူက သုဿီလ၊ ဘယ်သူက အတု၊ ဘယ်သူက အစစ် ထင်ရှားခဲ့ပြီ ဖြစ်ပါတယ်။ ဟန်ဆောင်ကောင်းတဲ့ မသူတော်တွေဟာ ဘွင်းဘွင်းကြီးပေါ်ထွက် ခဲ့တယ်။ ဒါတွေဟာ သမိုင်းအမှန်တွေပါ။ ပယ်ဖျက်လို့မရ၊ ဖုံးကွယ်လို့မရပါဘူး။ တရား၊ မတရား၊ အဆိုးအကောင်းကို လူစိတ်ရှိသူတိုင်း ထင်ထင်ရှားရှား သိကြပါတယ်။ ဒါတွေဟာ မဝေးလှသေးတဲ့ သုံးနှစ်ကျော်ကာလက ထင်ရှားခဲ့ အတိတ်က ဖြစ်ရပ်တွေပါ။ ဒီလိုထင်ရှား ထူးခြားတဲ့ အဖြစ်ရပ်တွေဟာ ဒီတော် သလင်းလ (စက်တင်ဘာလ) မှာ ဖြစ်ခဲ့တာပါ။ ဒါကတော့ စာရေးသူကိုင်တိုင် မြင်ရ၊ ကြားရ၊ သိရ၊ ကြုံရ၊ ဆုံရတဲ့ တော်သလင်းလ (စက်တင်ဘာလ) ရဲ့ ထူးခြားတဲ့ တစိတ်တဒေသ၊ အစိတ်အပိုင်းတခုမျှသာဖြစ်ပါတယ်။ အခြားခြား သောသူများရဲ့ ထူးခြားတဲ့ ဖြစ်ရပ် များစွာများစွာ ရှိကြပါလိမ့်မယ်။

ဒီလဟာလည်း တော်သလင်းလ (စက်တင်ဘာလ) ပါပဲ။ ဘယ်သူက ဘယ်လို ထူးခြားတဲ့ ဖြစ်ရပ်တွေကို ထူးထူးခြားခြား ဖန်တီးမလဲ၊ လှုပ်ရှားမလဲ ဆိုတာကို စောင့်ကြည့်မနေဘဲ မိမိကိုယ်တိုင်ပဲ ဒီတော်သလင်းလ (စက်တင် ဘာလ) ရဲ့ ထူးခြားတဲ့ သမိုင်းကို ဆက်ရေးကြပါ။ မော်ကွန်းထိုးကြပါ။ တော်သ လင်းလ (စက်တင်ဘာလ) ရဲ့ သမိုင်းဟာ မြန်မာနိုင်ငံမှာ အမြဲတမ်း သစ်လွင် နေမှာပါ။


ရွှေဝါရောင်တော်လှန်ရေးအမှတ်တရ

အရှင်ဓမ္မ (ဒေလီ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.