Saturday, February 19, 2011

0 မဲခွဲလိုက်ရင် အတိုက်အခံဘက်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မဲတခုမှ ပါမလာဘူး (လွှတ်တော်အမတ်နှစ်ဦးနှင့်တွေ့ဆုံခြင်း)


Myanmar Tutor (facebook)။ ။ အစိုးရ၏လမ်းပြမြေပုံခုနစ်ချက်အရ ဖြစ်ပေါ်လာသော ၂ဝ၁ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအပြီး လွှတ်တော်များအသီးသီးပေါ်ပေါက်လာခဲ့သည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပထမအကြိမ်လွှတ်တော်စုံညီအစည်းအဝေးခေါ်ယူပြီးသည်နှင့် အတည်ပြုသွားပြီဖြစ်သည်။ လွှတ်တော်များခေါ်ယူပြီး နိုင်ငံ့အာဏာကို လွှဲပြောင်းယူရမည့် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကြ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်း/ပြည်နယ် လွှတ်တော်ဥက္ကဠနေရာများကို ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်နေရာအများစုအနိုင်ရရှိထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များက ရယူထားနိုင်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နေပြည်တော်တွင် လွှတ်တော် အစည်းအဝေးများ အမှန်တကယ်ပင် ဆက်တိုက်ဆိုသလို ကျင်းပနေပြီး အဆိုပါလွှတ်တော်အစည်းအဝေးတက်ရောက်သော လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် NDF ပါတီမှ အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်နှင့် ပြည်သူ့လွှတ်တော်အမတ်ဦးကြည်မြင့်တို့ကို လွှတ်တော်တက်ရောက်ရသည့်အခြေအနေများနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။

မေး-လွှတ်တော်အစည်းအဝေး တွေ စတက်နေရတဲ့ အခြေအနေလေး ကိုပြောပြပေးပါ။

ဖြေ- ပထမတော့ ကိုယ့်မှာလည်း လွှတ်တော်တက်တဲ့အတွေ့အကြုံလည်း မရှိဘူး။ နောက် မေးလို့မြန်းလို့ရတဲ့ လူလည်း မရှိဘူးလေ။ လွှတ်တော်ဥက္ကဋ္ဌ ပြောသလိုပေါ့။ လွှတ်တော်နိုင်ငံရေး စနစ်က နှစ်ငါးဆယ်လောက်ပြတ်နေ တာကိုး။ ပထမတော့ စိတ်လှုပ်ရှားတာ ပေါ့လေ။ ဒါတွေက အထိုက်အလျောက် စိတ်လှုပ်ရှားမှုရှိပေမယ့် အချိန်တန်တော့ ပြီးသွားတာပါပဲ။ အဓိက,က ဘာဖြစ်သလဲ ဆိုတော့ လွှတ်တော်ထဲမှာ မဲခွဲတဲ့အခါ မျိုးမှာ ထုံးစံအတိုင်း သူ့လူသူမဲပေး၊ ကိုယ့်လူကိုယ်မဲပေးတယ်။ ကိုယ့်လူက အရေအတွက်နည်းတဲ့အခါကျတော့ နည်းနည်းကုတ်နေရတယ်။

ဖြေ-လွှတ်တော်က စနစ်ကျနမှုရှိ တယ်။ အထက်လွှတ်တော်လို့ခေါ်တဲ့ အမျိုးသားလွှတ်တော်ကို လူမျိုးစုပုံစံမျိုး ထားပေးထားတယ်။ပြီးတော့ လွှတ် တော်ဒုတိယဥက္ကဋ္ဌနေရာအတွက် ဥပဒေ သမားတွေကိုပဲ ရွေးချယ်ထားတယ်။ ဒါကလည်း စနစ်ကျတယ်ပြောရမယ်။ဦးကြည်မြင့်

မေး-တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေနဲ့ရော ဆက်ဆံ ရေး ဘယ်လိုရှိပါသလဲ။

ဖြေ-တပ်မတော်ကိုယ်စားလှယ်တွေ က လူငယ်တွေများတယ်။ ၃ဝ၊ ၄ဝ ကျော်လေးတွေချည်းပဲ။ အဲဒီတော့ တော် ရုံတန်ရုံ ထမင်းစားတန်းစီတာကြတော့ သူတို့က ကိုယ့်ကို ဦးစားပေးပါတယ်။ နေရာပေးတယ်။ အစ်ကိုကြီးခေါ်တယ်။ လေးလေးစားစားဆက်ဆံတယ်။ အဲဒါ မျိုးတွေတွေ့ရတယ်။လူချင်းရင်းနှီးနေပေမဲ့ မဲခွဲတဲ့အခါကျရင် သူ့ဘက်သူပဲ။ လွှတ်တော်ထဲမှာ မဲခွဲ တာက လျှို့ဝှက်မဲခွဲစနစ်ပါ။ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေက အတိုက်အခံဘက်ပေးမယ်ဆိုရင် ပေးလို့ရတယ်။ ဒါပေမဲ့ မပေးဘူး။ မဲခွဲလိုက်ရင် အတိုက်အခံဘက်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မဲတခုမှ ပါမလာဘူး။

မေး-လွှတ်တော်ထဲမှာ ဘာဥပဒေ တွေ တင်သွင်းဖို့ရှိလဲ။

ဖြေ-အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ရှင်းပြတယ်။ အရင်လွှတ်တော် အတွေ့အကြုံတွေ၊ လွှတ်တော်ထဲမှာ မေးတာ မြန်းတာတွေကို ရှင်းပြတယ်။ အမျိုးသားလွှတ်တော်ဥက္ကကြပြော တာက နောက် ၁ဝ ရက်လောက်ဆိုရင် အစိုးရ ပေါ်လိမ့်မယ်။ ခင်ဗျားတို့ မေးချင်တာ၊ မြန်းချင်တာ၊ သိချင်တာ ရှိလို့ရှိရင် အခုကတည်းက ကြိုပြီးပေး ထားပါဆိုပြီး ပြောတယ်။ ကျွန်တော် လည်း လွှတ်တော်မှာမေးဖို့ ပညာရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းပြင်နေတယ်။ လွှတ်တော်မှာ တင်တယ်ဆိုတာက အကြောင်း အရာအချက်အလက်စုံ အောင် ရှာထားရတယ်။ အခုအချိန် မှာ အင်အားနည်းတဲ့အတွက် အင် အားနည်းတဲ့အလျောက် မဲခွဲတဲ့ကိစ္စ တွေမှာ မနိုင်ပင်သော်ငြားလည်း သူတို့ဖွဲ့တဲ့ အစိုးရအဖွဲ့ ချို့ယွင်းချက် တွေ၊ အားနည်းချက်တွေ၊ ကိုယ် မရှင်းလင်းတဲ့ အချက်တွေ ကိုယ်က မေးလို့ရသွားတာပေါ့။ ကိုယ့်ဘက်က လည်း အားနည်းချက်လေးတွေ ထောက် ပြနိုင်အောင်လို့ အကြောင်းအရာ အချက်အလက်တွေ ရှာထားတယ်။ ရှာထားပြီးတော့ ကိုယ်က လွှတ်တော်ကို တင်လိုက်မယ်။ ပြီးတော့ သက်ဆိုင်တဲ့ သူက ဖြေမှာပေါ့။ မေးတာ၊ ဖြေတာတွေ တော့ ပြည်သူတွေသိရမှာပေါ့။ မေးတဲ့ သူအရည်အချင်းတွေ၊ ဖြေတဲ့သူအရည် အချင်းတွေ သိလာရမှာပါ။ အဲဒီ လောက်တော့လုပ်နိုင်မယ်။ အဲဒီလောက် တော့ဖြစ်ရမှာပေါ့။

လွတ်ငြိမ်းချမ်းသာခွင့်တို့ ဘာတို့ တင်ရင်တော့ ထောက်ခံသွား မယ်။ ကိုယ်တိုင်လည်း ဥပဒေတွေတင် ဖို့ရှိတယ်။ ဒါပေမဲ့ အချိန်ယူပြီး သေ သေချာချာလေ့လာရဦးမယ်။

မေး-လွှတ်တော်ထဲကနေ ဘယ်လိုတိုးတက်မှုတွေရှာလာနိုင်လဲ။

ဖြေ-ဒီကနေ့အချိန်က လမ်းပြ မြေပုံ အဆင့် ၆ ပဲရှိသေးတယ်။ အဆင့် ၆ ဆိုတော့ အာဏာမလွှဲရသေးဘူး။ လက်ရှိက တပ်မတော်အစိုးရက အာဏာရှိနေသေးတယ်။ အဆင့် ၇ အာဏာလွှဲပြီးရင်တော့ တပ်မတော် အစိုးရက အာဏာမရှိတော့ဘူး။ သမ္မတ ဦးဆောင်တဲ့ အစိုးရပေါ်လာမယ်။ သမ္မတအစိုးရပေါ်လာလို့ရှိရင် အမိန့် တွေ၊ ညွှန်ကြားချက်တွေက ဖောချင်း သောချင်း လွယ်လွယ်ကူကူထုတ်လို့ မရတော့ဘူး။ အမိန့်တွေ၊ ညွှန်ကြား ချက်တွေထုတ်ဖို့ဆိုရင် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရမယ်။ မဲခွဲဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် ကျန်တဲ့ အတိုက်အခံ ပါတီတွေရဲ့အသံတွေ ထွက်တော့မှာပါ။ အမိန့်တွေ၊ ညွှန်ကြားချက်တွေ လွယ် လွယ်ကူကူ မထွက်နိုင်တော့ဘူး။ အပြန် အလှန်ဆွေးနွေးမှုတွေရှိမယ်။ မဲခွဲလို့ ရှုံးရင်လည်း ရှုံးတဲ့ဟာကို ပြည်သူတွေ သိခွင့်ရှိမယ်။ ပညာရေး၊ ကျန်းမာရေး နိမ့်နေတာတော့မှန်တယ်။ ဒါပေမဲ့ ပိုက်ဆံ၊ အဓိက ပြည်သူတွေ ဘတ်ဂျက် စာရင်းတွေ့လာမယ်။ ပိုက်ဆံ ဘယ် လောက်ရလို့ ဘယ်လောက်လုပ်နေလဲ ဆိုတာ မြင်လာမှာပေါ့။ ပိုက်ဆံမရှိဘဲ နဲ့တော့ သိပ်အများကြီး မမျှော်လင့် နဲ့လေ။ တိုင်းပြည်က ဆင်းရဲနေတယ်။ ဆင်းရဲတဲ့အလျောက် ပိုက်ဆံတွေဘယ် နေရာ ဘယ်လောက်ရောက်တယ်ဆိုတာ ကိုတော့ တွေ့လာရမှာပေါ့။ ခေတ်က လည်းပိုက်ဆံရှိမှ အကုန်လုံးပြီးမယ့် ခေတ်ကိုး။ ဒါပေမဲ့ ဒီပိုက်ဆံတွေအကျိုး ရှိအောင် အသုံးချသလား၊ မချသလား၊ သိန်းတစ်ရာတန်တံတားကို နှစ်ရာပြ နေသလားဆိုတာတော့ ခင်ဗျားတို့ စဉ်း စားကြည့်ပေါ့။ စဉ်းစားလို့ရအောင် လည်း အမေးတွေ အဖြေတွေ ထွက်လာ မှာပေါ့။

မေး-ဒီငါးနှစ်အတွင်းမှာ အပြောင်းအလဲတွေ ရှိလာမယ်လို့ ထင်ပါသလား။

ဖြေ-အခုတော့ဗျာ။ ဖွဲ့စည်းပုံ ဥပဒေအုပ်ချုပ်ရေးတော့ ပေါ်တာပေါ့ ဗျာ။ ဥပဒေအုပ်ချုပ်ရေး ဆိုတာက ဥပဒေ စာအုပ်တွေ တစ်ထပ် ကြီးပေးထားတာ ရှိတယ်။ အဲဒါတွေဖတ် ကြည့်ပေါ့။ ဥပဒေနဲ့ မကိုက်တာဆိုရင်တော့ ပြောလို့ ဆိုလို့ရမှာပေါ့။ အခုက ဥပဒေခေတ် ဆိုတော့ ဥပဒေစာအုပ်တွေဖတ်ပေါ့။ ဥပဒေသမားတွေအတွက် ပိုပြီးတော့ အခြေအနေကောင်းမှာပါ။ သူတို့ အတွက် အခွင့်အလမ်းကောင်းတွေ ပေါ် နိုင်မှာ သူတို့သိမှာပါ။ ကျွန်တော်တို့က ဥပဒေပိုင်းမှာ အားနည်းချက်ရှိတော့ အားသာချက်တွေ၊ အားနည်းချက်တွေ ကို သူတို့ကတစ်ဆင့် မေးရဦးမှာပါ။

မေး-လွတ်ငြိမ်းချမ်းသာခွင့် တွေ ဘာတွေကော တင်ဖို့ရှိလား။

ဖြေ-တင်မှာပါ။

မေး-လွှတ်တော်ပိုင်းမှာ ဘာ ပြောစရာရှိလဲ

ဖြေ-ဦးခင်အောင်မြင့်ကလည်း ပြောတယ်။ ကျွန်တော်တို့ ခေတ်စနစ် နဲ့လျော်ညီအောင် တချို့ စာသားအသုံး အနှုန်းပြောင်းတာပဲတဲ့။ ကျောရိုးက ၁၉၄၇ ခုနှစ် ပါလီမန်စနစ်ကဟာတွေ ကိုပဲယူထားတယ်။ အဲဒီကအချက် အလက်တွေကိုပဲ မိတ္တူကူးပြီးတော့ ဖြန့်ဝေမယ်ဆိုပြီးတော့ ဖြန့်လည်းဖြန့် ဝေထားတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို မေတ္တာဖြင့် ဝေငှ တယ်ဆိုပြီး စာသားနဲ့လွှတ်တော်မှာ မေးတာ၊ ဖြေတာတွေကို ဖြန့်ဝေထား တယ်။ သူ့ဘက်၊ ကိုယ့်ဘက် ချနေ တာ ထက်စာရင် အများပြည်သူအကျိုး စဉ်းစားရမှာပေါ့။ အများပြည်သူ ဆင်းရဲနေတယ်။ အများပြည်သူ အကျိုးစီးပွား ကိုယ်မလုပ်နိုင်လို့ သူတို့ လုပ်တယ်ဆိုရင်တော့ ကျွန်တော်က တော့ သူတို့ရဲ့ စိတ်ကောင်း စေတနာ ကောင်းကို လက်ခံရမှာပေါ့ဗျာ။

မေး-လွှတ်တော်မှာ သတင်း သမားတွေ သတင်းယူခွင့်မရဘူး။ အဲဒီတော့ လွှတ်တော်အမတ်တွေအနေနဲ့ သတင်းသမားတွေ သတင်းယူခွင့်ရ အောင် တစ်ခုခုလုပ်ပေးဖို့ရှိပါသလား။

ဖြေ-ကျွန်တော်ပြောပြမယ်။ သတင်းသမားတွေ သတင်းယူခွင့်မရ တော့ သတင်းပေးခွင့်ရှိတဲ့ ကျွန်တော် တို့တွေ အာပေါက်နေတာပေါ့။ ခင်ဗျား တို့ သတင်းသမားတွေ သူ့ဟာသူ သတင်းယူခွင့်ပြုရင် ကျွန်တော် သက် သာတာပေါ့။ အဲဒီတော့ ကျွန်တော်သက်သာချင်ပါတယ်။ သတင်းသမား သူ့အလုပ်သူ လုပ်မှာပေါ့။ လွှတ်တော်မှာ ပြောလို့ဆိုလို့ရရင် ကျွန်တော်ပြောပါ့ မယ်။ သတင်းသမားတွေ နိုင်ငံတကာ မှာပေါ့လေ။ အပြည်ပြည်ဆိုင်ရာ စနစ် ကိုလည်း ကြည့်ရမှာပေါ့။ သူတို့ လုပ်နိုင် ရင် ကျွန်တော်တို့ ဘာလို့မလုပ်နိုင် ရမှာလဲ။ လွှတ်တော်မှာ အဲဒါတွေ တင် ရမှာပေါ့။ လိုအပ်တဲ့အတိုင်းအတာ လုံခြုံ ရေးအရတော့လည်း သူတို့ စစ်ဆေး စရာ ရှိမှာပေါ့ဗျာ။ နိုင်ငံခြားသတင်း ထောက်တွေလည်း စစ်ဆေးစရာရှိတာ စစ်ဆေးလိုက်ပေါ့ဗျာ။ စစ်ဆေးလို့ ခွင့်ပြုလို့ရရင်တော့ ခွင့်ပြုရမှာပေါ့ဗျာ။ အများပြည်သူအတွက်လည်းကောင်းပါ တယ်။ တချို့က အစွဲရှိတယ်လေ။ ကျွန်တော် ပြောတာဆိုရင် ဒီအမတ်က ဟိုဘက်က အမတ်ပြောတာပဲလို့ အစွဲရှိ နိုင်တယ်။ သတင်းထောက်ကတော့ ပိုကောင်းအောင် ပြောနိုင်တာပေါ့။

မေး- ဒုတိယ ပင်လုံညီလာခံဆိုတာတွေကရော ဖြစ် လာနိုင်ပါသလား။

ဖြေ-အဲဒါက မဖြစ်နိုင်ဘူးထင် တယ်။ လွှတ်တော်လည်း ပေါ်နေပြီလေ။(ဦးကြည်မြင့်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.