Saturday, November 19, 2011

0 အမေရိကန်သမ္မတအိုဘားမားကနိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အားမြန်မာနိုင်ငံသို့လာမည့်ဒီဇင်ဘာလတွင်စေလွှတ်မည်(ရုပ်/သံ)



(18 Nov 2011 ရက်စွဲပါ နိုင်ငံတကာသတင်းအေဂျင်စီများမှ သတင်းများကို transparencymyanmar စုစည်းဖော်ပြသည်)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ရာ ယင်းခရီးစဉ်သည် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ထိပ်တန်း အမေရိကန် အစိုးရအရာရှိတစ်ဦး၏ ပထမဆုံးမြန်မာပြည်ခရီးစဉ်ဖြစ်ကြောင်း အစိုးရထိပ်တန်းအရာရှိတစ်ဦးက CBS သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် တိုးတက်ဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ သမိုင်းတွင်မည့် အခွင့်အလမ်းများ ဖမ်းဆုပ် ရယူရန် ကြိုးပမ်းလျက်ရှိသည့်အားလျော်စွာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်ဟု သမ္မတ အိုဘားမားက အင်ဒိုနီးရှားနိုင်ငံဘာလီမြို့တွင်ပြောကြားသည်။

ယခုကိစ္စသည် သမ္မတအိုဘားမားအနေဖြင့် အမေရိကန်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု စာမျက်နှာသစ်များဖြစ်ထွန်းလာစေရန် တံခါး ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု The Economist Times သတင်းစာက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အမှောင်ထုဖုံးလွှမ်းခဲ့ပြီးနောက် 'တိုးတက်ဖြစ်ထွန်းမှုများ ရိပ်ခနဲ ပေါ်ပေါက်လာပြီ ဖြစ်သည်' ဟု သမ္မတ အိုဘားမားကပြောဆိုသည်။ CBS သတင်းထောက် Norah O' Donnell ၏သတင်းပေးပို့ချက်အရ သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် Air Force One အထူးလေယာဉ် ပေါ်မှတစ်ဆင့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ထိုသို့ပြောဆိုရာတွင် အမေရိကန်ပြည်ထောင်စု၏ စေ့စပ်ညှိနှိုင်းရေးမူဝါဒသစ်သည် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ကြဉ်းရာ၌ အကူအညီပေးရန်ဖြစ်သည်ဟူသောအချက်ကို အတည်ပြုပြောဆိုခဲ့ကြောင်းသိရသည်။

သို့သော် ဟီလာရီကလင်တန်အနေဖြင့် ဒီဇင်ဘာလမှ မည်သည့်နေ့ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး အချိန်ကာလမည်မျှကြာမြင့်စွာ လည်ပတ် မည်ဟူသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၁၀ ရက်နေ့ ဟာဝိုင်ရီကျွန်း၊ ဟိုနိုလူလူမြို့တွင်ကျင်းပခဲ့သည့် အေပက်ထိပ်သီး ဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။ "မြန်မာအစိုးရကသာ ပြည်သူတွေ အတွက် စစ်မှန်ပြီး ကြာရှည်ခံသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားမည်ဆိုပါက သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ မဟာမိတ်ရှာတွေ့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ အေပက်ထိပ်သီးဆွေးနွေးပွဲ၏ သီးခြားဆွေးနွေးပွဲ၌ ဟီလာရီကဆိုသည်။

သို့သော် ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့်ပေးနိုင်ခြင်း ရှိ၊မရှိ နှင့် တိုင်းရင်းသားလူနည်းစုများနှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဖြစ်ပေါ်အောင် ဆက်လက်လုပ်ဆောင်ခြင်း ရှိ၊မရှိ အစရှိသည့်အရေးကိစ္စများအပါအဝင် မြန်မာ့အနာဂတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများစွာ ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကိစ္စသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ထူးခြားသော သမိုင်း မှတ်တိုင် တစ်ခုဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ဟီလာရီအနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရသစ်ထိပ်ပိုင်း ခေါင်း ဆောင်များနှင့် တွေ့ဆုံကာ စီးပွားရေး ပိတ်ဆို့မှုဖယ်ရှားရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြင့်အောင် လုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဒီမိုကရေစီ ဖော် ဆောင်ရေးကိစ္စများကို အဓိကထားဆွေးနွေးဖွယ်ရှိကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူများက ခန့်မှန်းပြောဆိုကြသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.