Friday, January 6, 2012

0 “နောက်ပြန်မဆုတ်ပါ” လို့ ပြောဆိုတဲ့ အဆင့်ကနေ ရဲရဲကြီး ရှေ့တိုးလာစေချင်ပါတယ်-
ဆောင်းပါးရှင်-လွင်အောင်စိုး


Cartoon ..Gawpyar
သမ္မတ ဦးသိန်းစိန် အစိုးရဟာ နောက်ပြန် မဆုတ်တော့ပါဘူးလို့ တိုင်းသိပြည်သိ ကမ္ဘာသိ ကြေညာထားတာဟာ အင်မတန်မှ ဝမ်းသာအားစရာ ကောင်းလှတဲ့ ကိစ္စပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ ၂ဝ၁၄ ခုနှစ်အတွက် အာဆီယံဥက္ကဌဖြစ်လာဖို့ ကြိုတင်သတ်မှတ်ခံရသလို၊ အမေရိကန်အပါအဝင် အနောက်အုပ်စုတွေနဲ့လည်း ဆက်ဆံရေး တိုးတက်လာနေခဲ့ပါတယ်။ ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ်တွေလည်း အထိုက်အလျောက် တိုးတက်လာခဲ့ပါတယ်။ ဘယ်နေရာ ဘယ်အချိန်မဆို အပြုသဘောအမြင်တွေ တိုးတက်လာနေခဲ့ပါတယ်။

နောက်ပြန်မဆုတ်တော့ဘူး ဆိုတာ အရင် မြန်မာစစ်အစိုးရက ကျင့်သုံးတဲ့ အာဏာရှင်စနစ်ဘက်ဆီကို ပြန်မသွားတော့ပါဘူလို့ အဓိပ္ပာယ်ရတာကြောင့် ကြားကြားသမျှ နတ်လူသာဓု ခေါ်ရတဲ့ကိစ္စ ဖြစ်သွားပါတယ်။ သိရကြားရသူတိုင်း ဝမ်းသာနေခဲ့ကြမှာပါ။ အကောင်းဘက်ကို ပိုပိုပြီး မျှော်လင့်လာကြမှာလည်း ဖြစ်နေပါလိမ့်မယ်။ အာဏာရှင်စနစ်ကို လူထုက လက်မခံ-မကြိုက်၊ နိုင်ငံတကာက လက်မခံ-မကြိုက်တာကြောင့် အင်မတန်မှ ခါးသီး ရွံရှာ အော့နှလုံးနာစရာ နံစော် ပုပ်ပွတဲ့ အလောင်းကောင်ကြီးကို ပြန်လှည့် မကြည့်ချင်လောက်အောင် ဖြစ်ရသလို တခါတည်း သစ်စိမ်းချိုး အပြတ်ပြောချလိုက်သလို ဖြစ်သွားပါတယ်။

ဒါကြောင့်လည်း ၂ဝ၁၁ ခုနှစ် ကုန်တဲ့အထိ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ကောင်းသတင်းတွေ အဆက်မပြတ် ရှိနေခဲ့ပါတယ်။ လူတိုင်းအတွက် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်တဲ့ သူရဲကောင်းတွေအလား ထင်သာမြင်သာ ရှိခဲ့ရပါတယ်။

ဒါပေမယ့် ၂ဝ၁၂ ခုနှစ်ထဲကို စဝင်လိုက်တဲ့အခါမှာတော့ အထင်နဲ့အမြင်တွေ ကွာခြားသွားပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ၂-၁-၂ဝ၁၂ နေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေညာပြီး နောက်တနေ့ လွှတ်ပေးလိုက်တဲ့ အခါမှာတော့ နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ ရှိနေတဲ့ အထဲက ၃၃ ဦးသာ လွတ်မြောက်လာနိုင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီမှာ လူတိုင်းရဲ့ မျှော်လင့်ချက်တွေ ပျက်ပြားသွားခဲ့ရပြီး မကျေနပ်မှုတွေ၊ သံသယဖြစ်မှုတွေ ဆင့်ကဲဆင့်ကဲ တိုးပွားလာပါတယ်။

ဒီအကြောင်းရင်းတွေကို ကျနော် နားလည်မိသလောက် သုံးသပ်ပြချင်ပါတယ်။ ပြီးတော့ လိုအပ်မယ် ထင်တာကိုလည်း တိုက်တွန်းချင်ပါတယ်။

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တာ သမ္မတ တဦးတည်းရဲ့ လုပ်ပိုင်ခွင့်သာ ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာ ဖွဲ့စည်းပုံအရ ရှိနေတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ပါဝင်စွက်ဖက်မှုက အခြေအနေကို ရှုပ်ထွေးသွားစေပါတယ်။

ဖြစ်သင့်တာကတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာကိစ္စမှာ အဲဒီလိုကောင်စီ မရှိစေဖို့ (သို့) တကယ်လို့ မဖြစ်မနေ ထားရရင်တောင် အဆင့်လျှော့ပြီး ကောင်စီရဲ့ လုပ်ပိုင်ခွင့်ကို “ထောက်ခံချက်”အစား ”အကြံပြုချက်” အဆင့်ကို လျှော့ချဖို့ပါပဲ။ တနည်းအားဖြင့် သမ္မတရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံးအတည် (Final say) ဖြစ်အောင် သမ္မတလုပ်ပိုင်ခွင့်တွေကို အပြည့်ဝဆုံးအဆင့်ထိ တိုးမြှင့်ပေးဖို့ ဖြစ်ပါတယ်။

အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ နာမည်ကိုက ကာကွယ်ရေးနဲ့ လုံခြုံရေးကို ဦးစားပေးထားတဲ့ လုပ်ငန်းစဉ် ရှိပါတယ်။ ပါဝင်သူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. သမ္မတ
2. ဒုသမ္မတ
3. ဒုသမ္မတ
4. ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
5. အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
6. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
7. ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
8. ကာကွယ်ရေးဌာနဝန်ကြီး
9. နိုင်ငံခြားရေးဝန်ကြီး

10. ပြည်ထဲရေးဝန်ကြီး

11. နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး

မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားမှာ ပြည်ပကျူးကျော် ရန်စမှုခံရတာ လုံးဝကို မရှိပါဘူး။ မြန်မာနိုင်ငံဘက်က အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်ဖို့ ရန်စတာလည်း မရှိပါဘူး။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဖြန့်ကျက်ထားတဲ့ အကြမ်းဖက်သမားတွေနဲ့လည်း မပတ်သက်ပါဘူး။ တပ်မတော်က တိုင်းရင်းသား ဒေသတွေမှာ စစ်ဆင် တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ်သဘောမျိုးတော့ ရှိပါတယ်။ ပြည်တွင်းမှာ အခြား ဆူပူသောင်းကျန်းတာ မရှိပါဘူး။ (အခြေအနေကို ရှုပ်ထွေးစေတဲ့ ဗုံးပေါက်ကွဲမှုကိစ္စကို ဒီနေရာမှာ ထည့်သွင်း မဆွေးနွေးပါ။) သဘောကတော့ တပ်မတော်အနေနဲ့ ပြည်တွင်းစစ် ရပ်စဲရေးမှာ အဓိက ကာယကံရှင်အနေနဲ့ ရှိနေပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ အဓိက အထောက်အကူပေးရမယ့် အဖွဲ့အစည်း (Institution) အဖြစ် တည်ရှိနေတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။

သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်ကြည့်လိုက်ရင် သူဟာ အုပ်ချုပ်ရေးမဏ္ဍိုင် (The Executive) ရဲ့ အကြီးအကဲ ဖြစ်ပြီး ဝန်ကြီးဌာနအားလုံးကို စီမံ ကွပ်ကဲသူ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရသူလည်း ဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ဆိုတာက ကာကွယ်ရေးဝန်ကြီးအောက်မှာ ရှိရတဲ့ အဖွဲ့အစည်းဖြစ်လို့ သမ္မတရဲ့ အုပ်ချုပ်မှုအောက်ကို အလိုလို ရောက်ရှိသွားပါတယ်။ အခြေခံဥပဒေအရ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း အနေနဲ့ ရပ်တည်ခွင့် မရှိပါဘူး။ ဒီကိစ္စတွေကို ရှင်းရှင်းလင်းလင်း လုပ်ထားဖို့ လိုအပ်ပြီလို့ ယူဆပါတယ်။

နောက်တပိုင်း စဉ်းစားရမှာက လောလောဆယ် မြန်မာနိုင်ငံမှာ အမြန်ဆုံးလုပ်သင့်တဲ့ အရေးကြီးဆုံး အမျိုးသားရေးကိစ္စတွေ (National issues) ဖြစ်ပါတယ်။ ဒီကိစ္စတွေမှာ ဘာတွေ လိုအပ်သလဲ၊ လုပ်ဖို့ ရည်မှန်းထားတာ ဘယ်ကာလလဲ ဆိုတာကို စာရင်း (List) အနေနဲ့ ဖော်ပြပါမယ်။ ဒါဟာ ကျနော့်အမြင်နဲ့ သုံးသပ်ပြခြင်းသာ ဖြစ်ပါတယ်။

အနာဂတ် ဆိုတာ မဝေးတဲ့ အနာဂတ်ကို ဆိုလိုတာ ဖြစ်ပြီး အခြေခံအချက်တွေ မြန်မြန်ပြီးအောင် တည်ဆောက်နိုင်တာနဲ့အမျှ အနာဂတ်ရည်မှန်းချက်တွေ မြန်မြန်ဆန်ဆန် အောင်မြင်လာမှာ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်ဖို့ ဆိုရာမှာ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေက အရင်ဆုံး အာမခံချက် ပြည့်ဝမှ ဖြစ်နိုင်စရာ ရှိပါတယ်။ ငြိမ်းချမ်းရေးကို တဖက်သပ် တည်ဆောက်လို့ ဘယ်တော့မှ မရနိုင်ပါဘူး။ နှစ်ဘက်စလုံးက တိုက်ရိုက်ပါဝင်မှ စတင် လုပ်ဆောင်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ နှစ်ဘက်ကြားမှာ ယုံကြည်မှုနဲ့ အာမခံချက်တွေ ရှိနေရပါမယ်။ ဒီအာမခံချက်တွေဟာ တရားဥပဒေ ဘယ်လောက်ထိ ဘယ်လို စိုးမိုးနေသလဲ၊ လူ့အခွင့်အရေးကိစ္စတွေ အမှန်တကယ်ပဲ လက်တွေ့ကျင့်သုံးလို့ ရနေပြီလား ဆိုတဲ့ မေးခွန်းတွေအပေါ် မူတည်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအပိုင်းမှာ အရင်တုန်းကနဲ့ မတူတော့တဲ့အချက်က နိုင်ငံရေးစနစ် ဝိဝါဒ ကွဲပြားမှု မရှိတာကြောင့် နိုင်ငံရေးပါတီတွေ အပါအဝင် အရပ်ဖက် ပြည်သူအချင်းချင်း ထူးထူးခြားခြား ပဋိပက္ခအသွင် ရှိမနေတော့တာ ဖြစ်ပါတယ်။ အမျိုးသားရေးဘက်ကို ပိုမိုဦးတည်လာနေတာလည်း ဖြစ်လို့ ဒီအရှိန်အဟုန်ကို ဆက်လက် မြှင့်တင်ပေးဖို့သာ လိုအပ်ပါတယ်။ အရေးကြီးဆုံး မရှိမဖြစ် အမြန်ဆုံး လိုအပ်ချက်တခုကတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွတ်မြောက်စေရေးဖြစ်ပြီး တဆက်တည်းမှာ လွတ်မြောက်လာသူတွေရဲ့ ဘဝသစ် ပြန်လည်ထူထောင်မှုကို အစိုးရက နှစ်နှစ်ကာကာ အားပေးဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို လစ်လျူရှုလို့ မဖြစ်ဘဲ အထူးလေးနက်စွာ ဆင်ခြင် မျှော်မြင် သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြွင်းကျန်နေတဲ့ ပြဿနာကတော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ရှိနေပါတယ်။ ဒါကြောင့် ပြည်တွင်း စစ်ပွဲတွေ ရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက်အပြည့်အဝနဲ့ ဖော်ဆောင်နိုင်ပါမှ မြန်မာနိုင်ငံ တမျိုးသားလုံး ရင်ကြားစေ့ သင့်မြတ်ရေးက အောင်မြင်မယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

စီးပွားရေး ဖွံ့ဖြိုးရေးမှာလည်း တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေ အာမခံချက် ပြည့်ဝနေဖို့က အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ ဒီ ၂ ချက်မရှိဘဲနဲ့ ဘယ်လောက်ပဲ မိုးပျံအောင် ကောင်းနေတဲ့ စီးပွားရေး ဥပဒေတွေ၊ လမ်းညွှန်ချက်တွေ ရှိရှိ၊ ရင်းနှီးမြှုပ်နှံမှုတွေရှိရှိ အခက်အခဲ အများကြီးကို မလိုအပ်ဘဲ ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာ-တရုတ်နိုင်ငံရဲ့ အစိုးရနဲ့ ပြည်သူအကြား လွန်ခဲ့တဲ့ နှစ် ၂ဝအတွင်း အခြေအနေမှန်တွေ ဖြစ်ပါတယ်။ နမူနာယူကြည့်သင့်တယ်လို့ ထင်ပါတယ်။

အားလုံးကို ခြုံကြည့်ရင် ဒီမိုကရေစီ ဖြစ်ထွန်းမှု၊ စီးပွားရေး ဖြစ်ထွန်းမှုနဲ့ လုံခြုံရေး+ကာကွယ်ရေး ဆိုတဲ့ ၃ ခုမှာ ဒီမိုကရေစီ ဖြစ်ထွန်းမှုက အခရာပါပဲ။ အဓိကအကျဆုံး အရင်ဆုံး လုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ လမ်းစလျှောက်တော့မယ့် ကလေးငယ်တဦးကို အောက်ခြေခိုင်အောင် အရင် လေ့ကျင့်ပေးသလိုပါပဲ။ အခြေခံကျကျ လိုအပ်ချက်တွေကို တည်ငြိမ်တဲ့ အနေအထားနဲ့ တဆင့်ပြီးတဆင့် လုပ်သွားနိုင်မှသာ ရည်မှန်းချက်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ အမျိုးသား လူ့အခွင့်အရေးများ ကော်မရှင်ကို ဖွဲ့စည်း လုပ်ဆောင်နေပြီ်။ မီဒီယာ လွတ်လပ်ခွင့်တွေကို တစိတ်တပိုင်း ခွင့်ပြုထားပြီးပြီ။ မီဒီယာဥပဒေကြမ်းကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးပြီး အတည်ပြုဖို့ ရှိနေပြီ။ စာပေစိစစ်ရေးကို မထားဖို့ အသံပေးနေပြီ။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို သမ္မတက အတည်ပြုပေးခဲ့ပြီးပြီ။ မြေယာပိုင်ဆိုင်မှု ဥပဒေကို လာမယ့် လွှတ်တော် အစည်းအဝေးမှာ သဘောတူ အတည်ပြုနိုင်အောင် ကြိုးပမ်းနေပြီ။ ပြည်ထောင်စုအဆင့် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်တွေအပေါ် လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးပြီ။ လိုအပ်ချက်အရ ပညာရေး၊ စီးပွားရေး အစရှိတဲ့ ကဏ္ဍတွေမှာလည်း ဥပဒေတွေ ပြဌာန်းပေးခဲ့ပြီးပြီ။ နိုင်ငံသမ္မတ အနေနဲ့ ပြည်ပရောက် မြန်မာတွေကို ပြန်ခေါ်တဲ့အကြောင်း ကြေညာပေးခဲ့ပြီးပြီ စသဖြင့် အစိုးရဘက်က လိုအပ်တာတွေကို လုပ်ပေးနေကြောင်း စောဒက တက်စရာတွေ ရှိပါလိမ့်မယ်။

အဲဒါတွေဟာ ပြည်သူတွေရဲ့ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်ချက်တွေအဖြစ်နဲ့ အသိအမှတ်ပြု အားပေး ထောက်ခံပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာ ပြည်သူတွေရဲ့ ပကတိလိုအပ်ချက်အဖြစ် အမှန်တကယ် ရှိမလာသေးပါဘူး။ ကွင်းဆင်းလေ့လာကြည့်ပါ။ ပြည်သူတွေရဲ့ အသံတွေကို ထဲထဲဝင်ဝင် နားထောင်ကြည့်ပါ။

တချို့ဥပဒေတွေဟာ ဥပဒေအဖြစ် အကျိုးသက်ရောက်မှု မစတင်နိုင်သေးပဲ ရှိနေပါတယ်။ လူ့အခွင့်အရေးကော်မရှင် ဆိုရင်လည်း စာထုတ်ပြီး တောင်းဆိုနေတာနဲ့ အင်းစိန်ထောင်ကို တကြိမ် သွားရောက် စစ်ဆေးကြည့်ရှုတာပဲ ရှိနေပါသေးတယ်။ နိုင်ငံရေးစနစ် ဝိဝါဒ ကွဲလွဲမှု မရှိတော့ပေမယ့်လည်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ မပေးနိုင်သေးတာက အတော်ရှင်းနေတဲ့ ကိစ္စပါ။ နိုင်ငံရေးအကျဉ်းသားကိစ္စဟာ လူ့အခွင့်အရေးကိစ္စ၊ တရားဥပဒေ စိုးမိုးမှုကိစ္စတွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။

တရားဥပဒေ စိုးမိုးမှုအပိုင်းကို တခါ ထပ်မံကြည့်ရင်လည်း ကနေ့ ဒီမိုကရေစီခေတ်နဲ့ မလျော်ညီတော့တဲ့ တည်ဆဲဥပဒေတွေကို ပြင်ဆင်၊ ဖျက်သိမ်းတာတွေ မလုပ်ရသေးပါဘူး။ ဆောင်ရန် ရှောင်ရန် ဥပဒေတွေက လိုအပ်တာထက် ပိုမို များပြားနေလွန်းတာကြောင့် ပြည်သူတွေရဲ့ လွတ်လပ်မှုကို အမြဲတမ်း ခြိမ်းခြောက်ရာ ရောက်နေတာကိုလည်း ပြုပြင်သင့်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့အစိုးရဟာ နောက်ပြန် မဆုတ်တော့ပါဘူးလို့ အကြိမ်ကြိမ် ပြောဆိုနေပေမယ့်လည်း ကိုယ်တိုင်က ရှေ့ကို တလှမ်းမှ တက်မလာသေးပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ရှေ့ကို ရဲရဲဝံ့ဝံ့ တိုးထွက်လာဖို့ တိုက်တွန်းချင်ပါတယ်။ အစိုးရအနေနဲ့ တို့တိတို့တိ စမ်းတဝါးဝါး မသေမချာ စွန့်စားရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက၊ နိုင်ငံတကာက လက်ခံကြတာ သေချာပြီးသား ဖြစ်နေတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကို ရဲရဲကြီး လျှောက်လှမ်းလာဖို့သာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၅-၁-၂ဝ၁၂


0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.