Monday, April 23, 2012

0 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောစကားကို လွဲမှား ရေးသားမှု ကျိုဒို သတင်းဌာန ပြင်ဆင်ချက် ထည့်သွင်းမည်

ဂျပန်နိုင်ငံသို့ ငါးရက်တာ ခရီး ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောစကားကို သတင်းလွဲမှား ဖော်ပြခဲ့သည့် ကျိုဒို သတင်းဌာနက မကြာမီ ပြင်ဆင်ချက် ထည့်ပေးသွားရန် ရှိကြောင်း သမ္မတ၏ ခရီးစဉ်တစ်လျှောက် လိုက်ပါနေသူ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ၎င်း၏ ကိုယ်ပိုင် facebook စာမျက်နှာတွင် ယနေ့ ညနေပိုင်းက ဖော်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်မလာတာ သူ့ရဲ့သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်စကားပြန် မှတစ်ဆင့် ဖြေကြားခဲ့သည်။ ထိုအဖြေမှာ အပြည့်အစုံ ဖြစ်ပြီး NLD ပါတီက တောင်းဆိုထားသည့် ကတိပြုချက် စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ် မရှိဟု မဖြေဆိုခဲ့ကြောင်း၊ သတင်းဌာနများ၏ မှားယွင်း ဖော်ပြမှုသာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက သူ၏ Facebook စာမျက်နှာတွင် အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြထားသည်။

တိုကျိုတွင် သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည် မည်သည့်အချိန်၌ လွှတ်တော် တက်ရောက် နိုင်မည်နည်း ဟူသော မေးမြန်းချက်ကို သမ္မတက ဖြေကြားရာတွင် “အခြေခံဥပဒေကို ပြင်ဆင်ရန် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်မလာတာ သူ့ရဲ့သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်” ဟု ဖြေကြားကြောင်း ကျိုဒို သတင်းဌာန၏ ရေးသားထားမှုသည် လွဲမှား ရေးသားမှု ဖြစ်ကြောင်းနှင့် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တည်ဆောက်ထားသည့် ယုံကြည်မှုကို ထိခိုက် စေကြောင်း ၎င်းက ဆက်လက် ရေးသားထားသည်။

အဆိုပါ သတင်းကို ကမ္ဘာ့ သတင်းဌာနကြီးများ ဖြစ်သည့် ရိုက်တာ၊ အေအက်ဖ်ပီ တိုတွင် ဖော်ပြကြပြီး ပြည်တွင်း သတင်း မီဒီယာအချို့၏ အွန်လိုင်း သတင်းများတွင်လည်း ဘာသာပြန် သတင်းအဖြစ် ဖော်ပြခဲ့ရာ မြန်မာ နိုင်ငံသားများစုက သမ္မတ၏ ပြောဆိုမှုနှင့် ပတ်သက်၍ အံ့အားသင့်လျှက် ရှိကြသည်။

သမ္မတသည် ယနေ့ညနေပိုင်းက ကျိုတို သတင်းဌာနနှင့် မြန်မာနိုင်ငံတွင် ဌာနခွဲ ဖွင့်လှစ်ရေးအတွက် ဆွေးနွေးစဉ် ယင်းသတင်း မှားယွင်းသည့်ကိစ္စကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ကျိုဒို သတင်းဌာန အကြီးအကဲ Ishikawa satoshiက ကျိုဒို သတင်းဌာန အနေဖြင့် မကြာမီ ပြင်ဆင်ဖော်ပြ ပေးပါမည်ဟု ပြောကြား သွားကြောင်း အဆိုပါ တာဝန်ရှိသူက သူ၏ Facebook စာမျက်နှာတွင် အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြထားသည်။

The voice weekly

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.