Saturday, April 28, 2012

0 ရွှေနံသာလယ်သမားများအရေး ဘယ်သူတွေ ၀င်ရှင်းပေးမလဲ?

ရွှေနံသာကျေးရွာက လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေထဲမှာ ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးနေတာတွေ နဲ့ပတ်သက်ပြီး ၂၇.၂.၂၀၁၂ ရက်နေ့က လိုက်လံပြသခဲ့ပါတယ်။ ယခင်နှစ်ကလည်း စပါးစိုက်ချိန်မှာ လယ်ကန် သင်းတွေ ဖျက်စီးခံရလို့ ပြန်လည်ပြုပြင်ခဲ့ရကြောင်း၊ ယခုအခါမှာလည်း ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးလို့ လယ်ကန်သင်းတွေ မရှိသလောက် ဖြစ်နေပြီဆိုတဲ့အကြောင်း သက်သေသက်ကာယအနေနဲ့ လိုက်လံပြသရာ မှာ ဇေကမ္ဘာကုမ္ပဏီပိုင် ဘူဒိုဇာနှစ်စီးဟာ အပြိုင်အဆိုင် လယ်ကန်သင်းများကို ဖြိုဖျက်နေတာကို တွေ့မြင်ခဲ့ရ ပါတယ်။

လယ်သမားကြီး ဦးလန်ချားရဲ့ လယ်ယာမြေထဲမှာ ဘူဒိုဇာတစ်စီး ဖုန်တထောင်းထောင်းနဲ့ လယ်ကန်သင်းတွေ ကိုဖြိုဖျက်စီးနေတာကို မြင်တဲ့အတွက် လယ်သမားတွေနဲ့ အတူ လိုက်သွားစဉ်မှာ လုပ်ငန်းလုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။ တခြားတစ်ဖက်ကို လှမ်းကြည့်တဲ့အခါမှာတော့ ဘူဒိုဇာတစ်စီးဟာ ဦးချစ်ဝင်းစိန်ရဲ့ လယ်ယာမြေအတွင်းမှာ လယ်ကန်သင်းရိုးတွေကို ဖျက်စီးနေတာ မြင်တွေ့ရလို့ ကားနဲ့ထပ်မံသွားရောက် ရာမှာလည်း လုပ်ငန်းလုပ်ဆောင်မှုကို ရပ်နားလိုက်ပြန်ပါတယ်။

လယ်သမားကြီး ဦးကျော်စိန် ပြောပြတာကတော့`ဒါက ဦးချစ်ဝင်းစိန်လယ်တွေ။ လယ်တွေက ဘောလုံးကွင်း လိုဖြစ်နေပြီ။ လယ်သမားတွေက ဘယ်လိုဆက်လုပ်ကြမလဲ။ ဇေကမ္ဘာကလယ်သမားကို ဒုက္ခပေးနေတာ။ အခုထိုးနေတာက ဦးချစ်ဝင်းစိန်လယ်အားလုံး။ မနှစ်ကလည်း တစ်ခါထိုးဖျက်လိုက်ပြီးပြီ။ ဒီနှစ်တစ်ခါ ပြန်ဖျက် နေပြန်တာ။ လယ်သမားတွေက ကိုယ့်စရိတ်နဲ့ကို ပြန်ပြင်ထားတာ။ ဟိုမှာလည်း ခုနထိုးနေတယ်။ ဒီမှာလည်း ထိုးနေတယ်။ အခုပဲစက်လိုက်တာ မြင်လား။ ဒီကားလာတာတွေ့လို့ သူတို့ရပ်လိုက်တာ´လို့ပြောပါတယ်။

လိုက်ပါလာသူ တစ်ဦးရှင်းပြတာကတော့ `ကျွန်တော်တို့နောက်ကိုလိုက်လာတဲ့ SB၊ စအဖ တွေကသွားရပ်ခိုင်း လိုက်လို့ ရပ်သွားတာ။ လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုကို အကူအညီပေးရင်းနဲ့လာတာ။ လာတဲ့နေရာမှာ SB တွေ စအဖတွေ ဆိုင်ကယ်နဲ့လိုက်လာတယ်။ လိုက်လာပြီးတော့ ဒီလယ်ကွင်းထဲမှာဒီစက်တွေကို သူတို့မောင်း နေတယ်။ မောင်းနေတာကို ကျွန်တော်တို့ကို ကျော်လာပြီး သွားရပ်ခိုင်းလိုက်တဲ့အတွက် ဒီဘက်ကိုလာတဲ့ အချိန်မှာဒီစက်က ရပ်သွားတယ်။ ဟိုဘက်ကိုသွားတဲ့အချိန်မှာ ဟိုဘက်က ရပ်သွားတယ်။´ လို့ပြောပြပါတယ်။

ဦးလန်ချားရဲ့ လယ်တွေဘက်ကို ဆိုင်ကယ်နဲ့ ထပ်မံသွားရောက်ရာမှာတော့ တစ်ဖက်က စကားပြောစက်နဲ့ လှမ်း ပြောပေးနေတဲ့အတွက် ရောက်သွားချိန်မှာပဲ စက်ကို နားခိုတဲနားပြန်ကပ်ပြီး ရပ်ထားလိုက်တာကို မြင်တွေ့လိုက်ရပြန်ပါတယ်။ လယ်ရှင်ဖြစ်တဲ့ ဦးလန်ချားရဲ့ ခံစားချက်ကို မေးမြန်းကြည့်ရာမှာတော့ `နိုင်ငံ တော်က စိုက်ပျိုးရေးကိုအခြေခံ၍ ဆိုတာကိုနေ့တိုင်းကြေညာတယ်။ ကျွန်တော်တို့လယ်သမားတွေ စိုက်ပျိုးရေး လုပ်နေတာ။ သူတို့ကဘာမှ ဖြေရှင်းမပေးနိုင်ဘူး။ ဟုတ်ပလား။´လို့ပြောပါတယ်။ ဦးလေးတေို့ နောက်ဆုံး အဆင့် ဘယ်လိုဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားသလဲလို့ မေးမြန်းရာမှာတော့`ဒီနေ့ပါဆို (၂၇.၄.၂၀၁၂) လေးရက်ရှိပြီ။ ဘယ်လိုဆက်လုပ်မလဲဆိုတော့ ဘယ်လိုမှ မခံစားနိုင်တော့ဘူးလေ။ ဘယ်သူမှ ဖြေရှင်း မပေးဘူးဆိုရင်တော့ လူစုပြီးရိုက်ကြဖို့ပဲရှိတော့တယ်။ လယ်မလုပ်ရ၊ ထမင်းငတ်မယ့်အတူတူတော့ ရိုက်ကြ မယ်ပေါ့´လို့ မွန်သံဝဲ၀ဲနဲ့ ပြောပါတယ်။

လယ်သမားတွေကတော့ လယ်တွေထဲမှာ မြေသြဇာအဖြစ် နွားခြေးခြောက်တွေ ချထားတာကိုလည်း တွေ့ရ ပါတယ်။ တင်ပြချထားတွေကို အရေးယူဆောင်ရွက်ပေးမယ်ဆိုရင်လည်း ဒီအထိကြာနေစရာ မလိုဘူး။ ပထမ ပြောထားတာ နိုင်ငံတော်က သိမ်းမယ်ဆိုတာ ဦးလေးတို့ဘာမှ ပြောစရာမရှိဘူး။ လယ်သမားတွေကို ခြိမ်းခြောက်ပြီးတော့ အတင်းအဓမ္မ လက်ဝါးကြီးအုပ်ကြီးဆိုးတာကို လယ်သမားတွေ ခံနေရတယ်။ အခုတော့ လွှတ်တော်မှာလည်း ပြောနေတာပဲ။ ငွေများတရားနိုင်တဲ့ခေတ်မဟုတ်တော့ဘူးဆိုတာကို လွှတ်တော်မှာလည်း ပြောနေတာပဲ´လို့ လယ်သမားတွေက ရင်နာနာနဲ့ ပြောဆိုလာပါတယ်။

နောင်တော်လေး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.