Friday, April 27, 2012

1 NLD ပါတီလွှတ်တော်တက်ရောက်မည့် ကိစ္စ မကြာခင် ပြေလည်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်ရောက်သေး သည့် ပြဿနာကို ချောမွေ့စွာ ကျော်လွှားနိုင်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် သူမ၏ နေအိမ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောဆိုလိုက်သည်။

“လွှတ်တော် အခုလက်ရှိဖြစ်နေတဲ့ လွှတ်တော်မတက်တဲ့ ပြဿနာကို မကြာမီအချိန်အတွင်းမှာ အခက်အခဲကြီးကြီးမားမားမရှိပဲ ချောချောမွေ့မွေ့နဲ့ ကျော်လွန်သွားမှာပါ။ တိုင်းပြည်အတွက် လုပ်ဆောင်ရာမှာ ကျမတို့ဟာ အရင် နှစ် ၂၀ ကျော်ကာလက လုပ်ဆောင်ခဲ့သလို လွှတ်တော်ပြင်ပကနေ လုပ်ဆောင်မှာမဟုတ်ပါဘူး”ဟုလည်း ၎င်းကပြောသည်။

သူမအနေဖြင့် ယင်းကိစ္စအား နိုင်ငံရေးပြဿနာတစ်ရပ်အဖြစ် အကျယ်မချဲ့လိုကြောင်း၊ NLD ပါတီအနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အားထုတ်မှုများကို ကျေနပ်အားရသကဲ့သို့ တိုင်းပြည်၏ ဒီမိုကရေစီလုပ်ငန်းစဉ်တွင် သမ္မတနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ဧပြီလ ၁ ရက်နေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာအနိုင်ရရှိခဲ့သော်လည်း လွှတ်တော် မတက်ရောက်ခင် ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟူသည့် စာသားအစား လေးစားလိုက်နာပါမည်ဆိုသည့် စာသားဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုထားကာ ယခုလ ၂၃ ရက်နေ့တွင် ပြန်လည်စတင်သည့် လွှတ်တော် အစည်းအဝေးသို့ မတက်ရောက်သေးပေ။

ယနေ့နံနက် (၉)နာရီမှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသည့် အီတလီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E. Mr.Giuliomaria TERZI DI SANT’AGATA တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဆွေးနွေးခဲ့ကြကြောင်း သူမက ပြောသည်။ ။
yangon press international

1 comment:

  1. ကျမတို့ အစကတည်းကလည်း ပျော့ပြောင်းခဲ့ပါတယ်။ ကျမ အမြဲပြောတယ်။ ကျမတို့ မပျော့ပြောင်းတဲ့နေရာက ဒူးခေါင်းပဲ ရှိတယ်။ ဒူးတော့ မထောက်ဘူး။ အခြားနေရာတွေ ကတော့ ပျော့ပြောင်းပါတယ်လို့ ကျမအမြဲပြောခဲ့ပါတယ်။ “ကျမ်းကျိန်လွှာကိစ္စက ပြည်သူတွေကို ကတိပေးခဲ့တဲ့ အတိုင်း ကျမတို့ရဲ့ကတိတွေကို ကျမတို့က ပြန်ပြီးတော့ အကောင်အထည် ဖော်တာဖြစ်ပါတယ်။ ကျမတို့က အခုလုပ်နေတာတွေက ကျမတို့ ရွေးကောက်ပွဲမတိုင်မီက ကတိပေးခဲ့တာတွေနဲ့ အပြောင်းအလဲမရှိဘဲ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တမျိုးပြော၊ ရွေးကောက်ပွဲပြီးတဲ့အခါ တမျိုးပြော အဲဒီလိုမျိုး နိုင်ငံရေးသမားတွေမှာ NLD မပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.