Tuesday, April 24, 2012

0 The Lady ဇာတ်ကားမှ အမှတ်တရ စကားနှစ်ခွန်း


Videoကို http://www.dawnmanhon.com/2012/04/lady-j.htmlမှာတင်ထားပါတယ်..
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လဲဖြစ် ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းပြကြယ်တစ်ဦးလဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ ဘဝဇတ်ကြောင်းကို ရိုက်ကူးထားတဲ့ “The Lady” ဇတ်ကားမှ အာရုံထဲစွဲနေသည့် အမှတ်တရ စကားနှစ်ခွန်းအပေါ် ဆက်စပ်တွေးမိတဲ့အကြောင်းအရာအား ရေးသားဖော်ပြလိုက်ပါတယ် ။

ပထမစကားတစ်ခွန်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား Dr. Michael Aris အဖြစ် သရုပ်ဆောင်သူကို အစိုးရအဖွဲ့ဝင်တချို့က ပြည်ပသို့ပြန်ထွက်ခွာဖို့ ၎င်းတို့နှင့် တပါတည်းလိုက်ခဲ့ရန် လာခေါ်တဲ့ ဇတ်ဝင်ခန်းမှာ ၎င်းက အာဏာပိုင်တွေကို ပြန်မေးခဲ့သော ” Do I have time to pack? ” ဆိုတဲ့ စကားပါ ။

ရုပ်ရှင်မဟုတ်တဲ့အပြင်မှာ ကာယကံရှင် တကယ်ပြောခဲ့ ၊ မပြောခဲ့ဆိုတာ သေချာမသိပေမယ့် ဇတ်ကားထဲ ဒီလိုအချိန် ၊ ဒီလိုအခြေအနေမျိုးမှာ ဒီစကား ရွေးချယ်ပြောထားခဲ့တာကို တန်ဖိုးထားမိတာပါ ။ မရှိတော့တဲ့အချိန်အတွက် စိတ်လှုပ်ရှား ထွေပြားမနေဘဲ ဇနီးဖြစ်သူနဲ့ အတူရှိချိန် ၊ အတူရှိခွင့်အတွက် အချိန်ကို ဆွဲဆန့် အသုံးချသွားခဲ့တဲ့ စကားလေးတစ်ခွန်းလို့ တွေးမိလို့ပါ ။

ကာယကံရှင်သာ အပြင်မှာ ဒီစကားကို တကယ်ပြောခဲ့တယ်ဆိုရင်လို့ တွေးမိတဲ့အခါမှာ သူ့ရဲ့ နောက်ဆုံးအချိန်များအတွက် ပိုလို့ ကိုယ်ချင်းစာ ခံစားမိပြီး စိတ်မကောင်းဖြစ်မိပါတယ် ။

ဘာဝေဒနာမှ မခံစားရခင် ၊ အထီးကျန်ဖြစ်မနေဘဲ ဇနီးနဲ့ အတူ ဇနီးရဲ့အိမ်မှာရှိနေတဲ့ မိနစ်နဲ့ စက္ကန့်တွေကို ဆွဲဆန့်ခဲ့တဲ့ လူတစ်ယောက်ဟာ ဝေဒနာကို အပြင်းအထန်ခံစားရင်း ၊ မိဘနှစ်ဦးလုံး အနားမှာမရှိတော့ဘဲ ကြီးပြင်းရတော့မယ့် သားနှစ်ယောက်အတွက် ပူပန်ရင်း ၊ ဘယ်လိုကြိုးစား ကြိုးစား ဇနီးဖြစ်သူကို မြင်ခွင့်မရဘဲ နောက်ဆုံးနေ့ရက် ၊ လတွေကို ကျော်ဖြတ်သွားရတဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ ၎င်းရဲ့နေရာမှာ ဝင်ခံစားကြည့်မိတဲ့အခါ ရင်နင့်စရာကောင်းလှသည် ။

ကိုယ်တိုင်က ဇနီးသည်ကို တွေ့ချင်လွန်းလှပေမယ့် သားနှစ်ယောက်ရဲ့ ခံစားချက်တွေ မိခင်အပေါ် မခါးသီးရအောင် အားတင်းဟန်ဆောင်ရင်း ၊ မြင်ခွင့်မရတဲ့ ဇနီးသည်ကို နောက်ဆုံးအကြိမ်ဖြစ်ဖြစ် မြင်ခွင့်ရဖို့ တမ်းတရင်း ၎င်းရဲ့ နောက်ဆုံးနေ့ရက်တွေဟာ ဘယ်လောက်များ အထီးကျန်ဆန်နေခဲ့မလဲ ။

မှတ်မှတ်ရရဖြစ်တဲ့ နောက် စကားတစ်ခွန်းကတော့ မိခင်နဲ့ ဖုန်းပြောပြီး ဆေးရုံခုတင်ပေါ် လဲနေတဲ့ ဖခင်ရဲ့ မျှော်တလင့်လင့်အကြည့်ကို ဖခင် ၎င်းတို့အား ပြောလေ့ရှိတဲ့ စကားတစ်ခွန်းနဲ့ “Mom sends us love.” လို့ ဖခင်ကိုနှစ်သိမ့်ရင်း ခပ်ထေ့ထေ့ပြောလိုက်တဲ့ ကိုထိန်လင်းတဖြစ်လဲ Kim အဖြစ် သရုပ်ဆောင်သူရဲ့ စကားတစ်ခွန်းပါ ။

ကောင်းကောင်း သိတတ်စပြုနေတဲ့ Kim ရဲ့ (၁၁)နှစ်အရွယ်မှာ တစ်ပတ် ၊ နှစ်ပတ် သွားခြင်းလို့ ပြောပြီးထွက်သွားတဲ့နောက် မိမိတို့နေအိမ်သို့ ပြန်ရောက်မလာခဲ့တဲ့ မိခင်အပေါ် ထားရှိတဲ့ခံစားမှု ၊ ဖခင်အသည်းအသန် ဖြစ်နေချိန်မှာတောင် မိသားစုအနား ပြန်မလာခဲ့တဲ့ မိခင်အပေါ် ခံစားမှု ၊ မိခင်ဆီက ဖုန်းလာတာနဲ့ ကြုံလေတိုင်း ဖခင်က “Your Mom sends us love.” ဆိုတဲ့စကားကို ပြန်ပြောင်းသတိရပြီး မိခင်အား တမျှော်မျှော် ဖြစ်နေတဲ့ ဖခင်အား ၎င်းတို့နေရာက ပြန်ခံစားစေလိုစိတ် ပါကောင်းပါနိုင်သော ၊ တဖက်ကလဲ မျှော်နေတဲ့ ဖခင်ကို အားပေးနှစ်သိမ့်လိုသောစိတ်နဲ့ ပြောခဲ့တဲ့ စကားအဖြစ် ခံစားကြည့်မိတဲ့အခါ သူ့ခံစားချက်ကို ကိုယ်ချင်းစာကြည့်ချင်လာတယ် ။

ကာယကံရှင်ဟာ ဒီစကားကို အပြင်မှာ တကယ်ပြောခဲ့သလားဆိုတာ သေချာမသိပေမယ့် ဒီစကားကို ဒီဇတ်ဝင်ခန်းမှာ ရွေးပြောခဲ့လို့ မှတ်မှတ်ရရဖြစ်ပြီး အတွေးများစွာကို ဆက်ဖြစ်ကျန်ရစ်စေပါတယ် ။

မိခင်ထွက်သွားပြီးနောက် မချက်တတ် ချက်တတ် ကြိုးစား ချက်ပြုတ်ကျွေးခဲ့သော ဖခင်ရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ရပြီး မိခင်နဲ့ အနေနီးတတ်တဲ့ သားတစ်ယောက်ရဲ့ မိခင်ကို လွမ်းဆွတ်မှုခံစားချက်ကို ၎င်းကိုယ်တိုင်ပဲ ခံစားသိနိုင်ပေမည် ။

သေဆုံးတော့မယ့် ဝေဒနာသည်ဖခင်ကို ဆုံးရှုံးရတော့မယ့် ခံစားမှု ၊ ဖခင်ရဲ့ နောက်ဆုံးအချိန်မှာတောင် မိသားစုကို ပြန်လာမကြည့်နိုင်တဲ့ မိခင်ရဲ့ ပြတ်သားမှုကို ဘယ်လောက်ခံရခက်ပြီး ကြေကွဲခဲ့လေမလဲ ။ (ဒီနေရာတွင် ဖခင်နဲ့ မိခင်ကြား ဘယ်လိုသဘောတူညီချက် ရှိတာကို ၎င်းတို့သိဟန်မတူ ။)

ဒေါ်အောင်ဆန်းစုကြည်၏ သားကြီး Alexander Aris ရဲ့ ခံစားမှု ထည့်မပြောတာဟာ ဒေါ်အောင်ဆန်းစုကြည် မိသားစုနေအိမ်မှ ထွက်ခွါသွားချိန်တွင် ၎င်း၏အသက်ဟာ (၁၅)နှစ် ရှိနေခဲ့ပြီး ဖခင်ရဲ့ အုပ်ထိန်းမှု ဆက်လက်ခံယူရသူမို့ အသက်(၁၁)နှစ်အရွယ်နှင့် မိခင်ရင်ငွေ့ မခံစားရတော့တဲ့ Kim ရဲ့ခံစားမှုကို ပိုအသားပေး ကိုယ်ချင်းစာမိခဲ့တာပါ ။

ဒီလိုခံစားခဲ့ရင်းကပဲ စိတ်ခံစားမှု အခြေခံနဲ့ လမ်းလွဲ ၊ လမ်းမှား ရောက်မသွားခဲ့ဘဲ သမာအာဇီဝ လုပ်ကိုင်စားသောက်နေခဲ့သော ၊ မိခင်ရဲ့ပါတီတံဆိပ်ကို လက်မောင်းမှာ Tattoo ထိုးထားခဲ့သော ၊ ယက်တောရဲ့ နှောင့်ယှက်မှု မိခင် ခံခဲ့ရပြီးနောက် မိခင်ကို အကာအကွယ်ပေးဖို့ ၎င်းပေးနိုင်တဲ့ တိုင်ချီဒိုအမည်ရ ခွေးကလေးကို လက်ဆောင်ပေးပြီး မိခင်ကို စောင့်ရှောက်စေခဲ့သော သားတစ်ယောက်အနေဖြင့် ခံစားကြည့်မိတဲ့အခါ ကိုထိန်လင်းကို လေးစားမိပါတယ် ။

“The Lady” ဇတ်ကားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ နိုင်ငံရေး ရွေးချယ်မှုကို အသားပေး တင်ပြထားပေမယ့် ဇတ်ကားကြောင့် ဒေါ်အောင်ဆန်းကြည်၏ အမျိုးသား Dr. Michael Aris ၏ ပေးဆပ်ခဲ့မှု တစိတ်တဒေသကို ပရိသတ်သိအောင် မီးမောင်းထိုးပြနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် စိတ်မကောင်းစရာကောင်းတာက ယခုအချိန်ဝယ် ၎င်းက သေဆုံးသွားခဲ့ပြီ ။ ချီးမွမ်း ၊ ကဲ့ရဲ့မှုတွေကို ခံစားယူနိုင်စွမ်းလဲ မရှိတော့ပြီ ။

ဒါဆို ရှိနေသေးတဲ့ ကိုထိန်လင်းတဖြစ်လဲ Kim ကို စာနာ နားလည်ပေးကြပါစို့လား ။ မိခင်နဲ့တွေ့ဖို့ အဝေးကနေ ပြန်လာတွေ့တတ်တဲ့ သူ့ရင်ထဲက ချစ်ခြင်းမေတ္တာနဲ့ တချိန်က သူ့ခံစားချက်တွေကို ဒီ့ထက်ပို နားလည်ပေးကြပါစို့လား ။ ယခုလိုအချိန်ဝယ် နှစ်နှစ်ဆယ်ကျော် ကြိုးစားမှုရလဒ်အဖြစ် ကျွန်ုပ်တို့ တစ်ခုခုရရှိအောင် တချိန်က မိခင်ရင်ငွေ့ ဆုံးရှုံးခဲ့ရတဲ့ သူ့ကို စာနာ နားလည်ပေးကြပါစို့လား ။

အကယ်၍ မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သာ မခွဲမခွာ မိသားစုထဲရှိပြီး မိခင်ရဲ့ သွန်သင်ဆုံးမ လမ်းပြမှုအောက် ကိုထိန်လင်း ကြီးပြင်းလာခဲ့ရပါလျှင် ၎င်း ယခု လုပ်ကိုင်နေသော အလုပ်အကိုင် ၊ ရရှိနေသော အဆင့်အတန်းထက် သာလွန်ပြီး ယုံကြည်မှုပြည့်ဝ ပျော်ရွှင်စွာ ကြီးပြင်းလာသူတစ်ယောက် ဖြစ်လာမည်ကိုတော့ အသေအချာ ယုံကြည်မိရင်း Kim ရဲ့ တချိန်က ခံစားမှုကို ဝင်ခံစားကြည့်ကာ ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါသည် ။

ပုံရိပ် (Burmesehearts.com)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.