Friday, July 6, 2012

1 ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို သုံးသပ်ကြည့်ခြင်း-
ဆောင်းပါးရှင်-Ven Ravika

ဤဆောင်းပါးတွင် တိုင်းရင်းသားရေးရာကို ဦးစားပေးတင်ပြရန် ရှိသည်။ မြန်မာနိုင်ငံရေးပြဿနာတွင် တိုင်းရင်းသားအရေးသည် အရေးပါလှသော်လည်း ပြည်သူတို့၏ စိတ်ဝင်စားမှုကား အထိုက်အလျှောက်သာ ရှိသည်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သေးသရွေ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ငြိမ်းအေးစေနိုင်မည်မဟုတ်ပေ။ ပြည်တွင်းစစ်ကို ငြိမ်းအေးစေလိုရင်းရှိမရှိအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်ကို အကဲဖြတ်နိုင်သည်။

စစ်အစိုးရအဆက်ဆက်သည် ပြည်တွင်းစစ်ကို သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြသည်။ တိုင်းရင်းသားအရေးကို ဖြေရှင်းလိုရင်းမရှိသဖြင့်လည်း ဖြတ်နည်းပေါင်းများစွာ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။ သို့သော် အစိုးရအင်အားကြီးသလို တိုင်းရင်းသားတို့၏ စစ်ရေးစွမ်းရည်လည်း မြင့်မားလာကြသည်ပင်။

သိန်းစိန်အစိုးရသည် အဆင့်(၃)ဆင့်ဖြင့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြောင်း ကျေညာသည်။ ပထမအဆင့်မှာ အပစ်ရပ်ရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊ တတိယအဆင့်မှာ လွှတ်တော်ကို တင်ပြရေးတို့ ဖြစ်သည်။ အပစ်ရပ်ရေးအတွက် တစ်နှစ်ကျော်ကြာ လုံ့လစိုက်ထုတ်ခဲ့သော်လည်း တနိုင်ငံလုံးအပစ်မရပ်နိုင်သေးချေ။ သမ္မတအမိန့်ကို မနာခံဘဲ တပ်က ကချင်ကို ထိုးစစ်ဆင်တုန်း ဖြစ်သည်။ ထို့ပြင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း ကွက်ကြားတိုက်ပွဲများ ဖြစ်ပေါ်လျက် ရှိသည်။ ပထမအဆင့်မှာပင် သိန်းစိန်အစိုးရ၏ မပြတ်သားမှုများ၊ မပွင့်လင်းမှုများ၊ ကတိမတည်မှုများ၊ လုပ်ငန်းပိုင်းမနိုင်နင်းမှုများကို တွေ့မြင်ရသည်။

ပထမအဆင့်လုပ်ငန်း မပြီးခင်မှာပင် ဒုတိယအဆင့်ကို ၂၀၁၅ ခုမတိုင်မီ ၂၀၁၄ ခုလောက်မှာ အကောင်အထည်ဖော်မည်ဟု မကြာသေးခင်က သိန်းစိန်အစိုးရ ကျေညာသည်။ ကျေညာသည့်အတိုင်းလည်း လုပ်ပေးမည်ဟု မျှော်လင့်ရသည်။ သို့သော် လုပ်ထုံးလုပ်နည်းကို ဝေဖန်စရာ ရှိသည်။ ဒုတိယအဆင့်ဖြစ်သည့် ဤနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပင်လုံထက် ကျယ်ပြန့်သော ညီလာခံတစ်ခု ဟူ၍ အစိုးရက အစဉ်တစိုက် သုံးနှုန်းခဲ့သည်။ ပင်လုံထက် ကျယ်ပြန့်သော ဟူသည့် အသုံးအနှုန်းကို သံသယဝင်မိသည်။

ပင်လုံထက် ကျယ်ပြန့်သော ညီလာခံသို့ တက်ရောက်ရန် အလွှာပေါင်းစုံကို ဖိတ်ကြားမည်ဟု ဆိုသည်။ အလွှာပေါင်းစုံဆိုသည်မှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း(ပြည်ပ)အတိုက်အခံပါတီများ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်င်ဂျီအို)များ၊ တိုင်းရင်းသားအဖွဲ့အစည်များကို ပါဝင်စေမည်ဟု သိရသည်။ ပုံစံအားဖြင့် ၁၉၉၃ ခု အမျိုးသားညီလာခံနှင့် ခပ်ဆင်ဆင်တူသည်။

ပင်လုံထက် ကျယ်ပြန့်သော ဤညီလာခံသည် အမျိုးသားညီလာခံကဲ့သို့ ဥပဒေပြုရန် အခြေခံမူများ ရေးဆွဲရန် မဟုတ်ပါ။ ထိုသို့ဆိုသော် မည်ကဲ့သို့သော ညီလာခံမျိုး ဖြစ်သနည်း။ ဤညီလာခံမှာ ဆွေးနွေးမည့်အကြောင်းအရာများကို အဆင်သင့်ပြင်ဆင်ထားပြီလား။ ဤညီလာခံ၏ သဘောသဘာဝကို သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများကို ကြိုတင်အကြောင်းကြားအသိပေးခဲ့ပြီလား။ ဤညီလာခံကို ပြည်တွင်းပြည်ပစာနယ်ဇင်းသမားများ၊ ပြည်ပသံတမန်များ၊ အာဆီယံအသင်းဝင်အရာရှိများ၊ ကုလသမဂ္ဂအရာရှိများ တက်ရောက်လေ့လာခွင့်ရှိသလား။ ဂဃဏန မသိကြသေးဟု ထင်ပါသည်။

ပင်လုံထက် ကျယ်ပြန့်သော ညီလာခံ ဖြစ်စေရန် လူများအောင် ဖိတ်ရုံဖြင့် အရာမရောက်ပါ။ ရှမ်းပြည်ပင်လုံညီလာခံတုန်းက ပေးထားသော ကတိကဝတ်များကို ချိုးဖောက်မည့် ညီလာခံတစ်ခုလည်း မဖြစ်သင့်ပါ။ ရှမ်းပြည်ပင်လုံညီလာခံမှ ကတိကဝတ်များကို အစိုးရအဆက်ဆက်က ချိုးဖောက်ခဲ့ကြ၍ လူများစုဗမာနှင့် အခြားလူမျိုးများကြားတွင် သံသယပွားမှုများ ရှိခဲ့သည်။ ဤညီလာခံသည် ထိုသံသယများကို ပွားစေမည့် ညီလာခံတစ်ခု မဖြစ်သင့်၊ ထိုသံသယများကို ဖြေဖျောက်စေမည့် ညီလာခံတစ်ခုသာ ဖြစ်သင့်သည်။

ထိုသို့ဖြစ်လျှင် ဤညီလာခံတွင် အစိုးရအရာရှိများက (၅၀)ရာခိုင်နှုန်း၊ အတိုက်အခံများက (၂၀)ရာခိုင်နှုန်း၊ အသိပညာရှည် အတတ်ပညာရှင်၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ (၂၀)ရာခိုင်နှုန်း၊ တိုင်းရင်းသားများက (၁၀)ရာခိုင်နှုန်း တက်ရောက်စေမည်ဟု ဆိုလျှင် ပင်လုံထက် ရှုပ်သော ညီလာခံဖြစ်မည်မှာ သေချာလှသည်။ အကြောင်းမှာ ဗမာနှင့်အခြားလူမျိုးများကြား၌ ကာလရှည်ကြာ တည်ရှိနေသော အမြင်မကြည်မှုများကို ပိုမိုဆိုးရွားစေ၍ ဖြစ်သည်။

ဗမာမှအပ အခြားလူမျိုးများသည် ဗမာကဲ့သို့ တန်းတူနေလို၍ လက်နက်ကိုင်တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စုတွင် ကျင့်သုံးသော Majority Rule ကို ပြည်နယ်တွင်လည်း တသမတ်တည်း ကျင့်သုံးစေလျှင် Equality မဖြစ်နိုင်ပါ။ ဤညီလာခံမျိုးတွင် Majority Rule အရ ခေါ်ယူလျှင် ဗမာမှအပ အခြားလူမျိုးများ မျှော်လင့်ထားသည့် ညီလာခံမျိုး မဖြစ်နိုင်တော့ပါ။ Equality အရ ခေါ်ယူမှသာ သံသယများ ကင်းစင်ကာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။

တန်းတူရေး ဖြစ်အောင် ပြည်နယ်ကို အခြေခံ၍ ဤညီလာခံကို ခေါ်ယူကျင်းပရပါမည်။ တိုင်း(၇)တိုင်းကို စုပေါင်း၍ ပြည်နယ်တစ်ခုနှင့် ဦးရေတူသော ကိုယ်စားလှယ်များကို စေလွှတ်ရပါမည်။ ဤညီလာခံကို အစိုးရက ဝင်ရောက်နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ မူဝါဒများကို ခြယ်လှယ်ခြင်း လုံးဝမပြုသင့်ပါ။ အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပါဝင်စေသင့်သည်ဟု ဆိုလျှင် ယင်းအသိပညာရှင်၊ အတတ်ပညာရှင်များသည် ပြည်နယ်(၇)နှင့် တိုင်းပေါင်းစုံ(၁)ခုကို အခြေခံ၍ ဖိတ်ကြားသင့်သည်။ သို့မှသာ တန်းတူရေးမူနှင့် ကိုက်ပါမည်။

ဒုတိယအဆင့်မှာ တန်းတူရေးအတွက် သဘောတူညီချက်တစ်ခု ရရှိခဲ့လျှင် ယင်းသဘောတူညီချက်ကို လွှတ်တော်သို့ တင်ပြ၍ ဥပဒေအဖြစ် ပြုစေလျှင် လျှော်ကန်သင့်မြတ်သည်ဟု ယူဆသည်။ သို့သော် တိုင်းရင်းသားကိုယ်စားလှယ်များကို လွှတ်တော်သို့ အလျဉ်စလို ဝင်စေရန် မလိုပါ။ သိန်းစိန်အစိုးရ၏ ဦးတည်ချက်များအနက် တစ်ခုမှာ အတိုက်အခံများအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက ၂၀၀၈ ဥပဒေကို လက်ခံပြီး လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်စေရေး ဖြစ်သည်။ တတိယအဆင့်တွင် အဆိုပါရည်မှန်းချက်အထမြောက်အောင်မြင်ဖို့ အားထုတ်ရန် အစီအစဉ်ရှိပုံ ရသည်။

လွှတ်တော်ကို ဝင်မဝင်ကိစ္စမှာ လွှတ်တော်မှာ တန်းတူရေးရှိမရှိအပေါ်မှာ အခြေခံရမည်ဖြစ်သည်။ လက်ရှိလွှတ်တော်မှာ ဒီမိုကရေစီနည်းကျခြင်းမရှိသေးပါ။ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ်ရှိနေသရွေ့ ဒီမိုကရေစီနည်းကျမည်မဟုတ်။ ဒီမိုကရေစီနည်းကျခြင်းမရှိသည့် လွှတ်တော်မှာ တန်းတူရေးရှိဖို့ မလွယ်ကူပါ။ တစ်ခါတရံမှာ ဒီမိုကရေစီရေးနှင့်တန်းတူရေးသည်ပင် ပဋိပက္ခအသွင် ဆောင်နေသေးသည်။ ဒီမိုကရေစီရေးပင် မရှိလျှင် တန်းတူရေးရဖို့ လုံးဝဖြစ်နိုင်ခြေမရှိပါ။ ထိုသို့ ဆိုလျှင် တိုင်းရင်းသားများသည် မိမိလည်ပင်း ကြိုးကွင်းစွပ်စေမည်းအလုပ် လုပ်မည်မဟုတ်ဟု ယူဆရသည်။

ထို့ကြောင့် ဒုတိယအဆင့်အရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် လွန်စွာ အရေးကြီးသည်။ စကတည်းက တန်းတူရေးမဖြစ်လျှင် ဝင်မပါသည်က ကောင်းသည်။ တန်းတူရေး ဖြစ်ခဲ့လျှင် အားတက်သရော ပူးပေါင်းပါဝင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားများ တိုက်နေသည့်တိုက်ပွဲသည် လူမျိုးတန်းတူရေးအတွက် ဖြစ်သည်။ ဒီမိုကရေစီရေးအတွက်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအတိုက်အခံအင်အားစုများသည် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ကြ။ ဒီမိုကရေစီရေး (majority rule) အတွက် တိုက်ပွဲဝင်နေသူများ ဖြစ်ကြသည်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူများမှာ လွှတ်တော်သို့ ဝင်၍ ဒီမိုကရေစီရအောင် လုပ်နိုင်ခြေရှိနိုင်သည်။ သို့သော် လူမျိုးတန်းတူရေးအတွက်ကား လွှတ်တော်နိုင်ငံရေးက ဘူမိနက်သန် နေရာမှန်မဟုတ်ပါ။ တိုင်းရင်းသားများက တခြမ်းပဲ့လွှတ်တော်ကို ဝင်နိုင်ဖို့ တိုက်နေသည်မဟုတ်။ မိမိပြည်နယ်လွှတ်တော်ကို မိမိတို့စိတ်တိုင်းကျ ခေါ်နိုင်ဖို့ ဖြစ်သည်။ ယင်းပြည်နယ်လွှတ်တော်မှာသာ Majority Rule ကျင့်သုံးသင့်သည်။ ဒါမှသာ ပြည်ထောင်စုအင်္ဂါရပ်နှင့် လျော်ညီပါမည်။

1 comment:

  1. I totally agree with what you said but you have to know that Myan Mar presedent ( not for union of Burma ) is like a powerless leader of his party. Nobody follows him. I feel sorry for him because he works so hard for country.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.