Thursday, August 6, 2009

0 အာဇာနည်များမှ အာဇာနည်များသို့ သ၀ဏ်လွှာ


ကြီးမြတ်သော အာဇာနည်သူရဲကောင်းအပေါင်းတို့
သင်တို့ကျဆုံးခဲ့သည်ဖြစ်သော ဤနေရာသို့
ငါတို့သည် ကြောက်ဒူးတုန်၍ ရောက်လာခြင်းမဟုတ်
ကြေကွဲဝမ်းနည်း မျက်ရည်ဝဲရန်
ရောက်လာခြင်းမဟုတ်။

ကျဆုံးသွားခဲ့ပြီဖြစ်သော
သူရဲကောင်းများနှင့် အညတရ ရဲဘော်များ၏
အာဇာနည်ဗိမ္ဗာန်တော်ကြီးတွင် ငါတို့၏
မျက်ရည်များကို ထိန်းသိမ်းချုပ်တည်းကြပါမည်။

သူတို့၏ ကြွင်းကျန်နေရစ်သော
ရုပ်အလောင်းများကို ကြည့်၍
ငါတို့သည်
ငိုကြွေးနေကြမည်မဟုတ်။

အဖနိုင်ငံတော်နှင့် ပြည်သူများအပေါ်တွင်
အဆုံးအစမရှိ ချစ်မြတ်နိုးခဲ့ကြသော
သူတို့၏ ဂုဏ်ရောင်ပြောင်သော
စွန့်လွှတ်ခြင်းများကိုယ်သာ ငါတို့ ဂုဏ်ပြုချီးကျူး နေကြမည်ဖြစ်သည်။

ငါတို့၏ တိုင်းပြည်နှင့် လူမျိုးအပေါ်
ချစ်မြတ်နိုးသော စိတ်ဓါတ်သည် မည်သည့်အခါမှ
ဖောက်ပြန်တော့မည်မဟုတ်။

မည်သည့်အခါမျှ မျှော်လင့်ချက်
ကုန်ဆုံးနိုင်တော့မည်မဟုတ်။

မည်သည့်အခါမှ မှေးမှိန်ပျောက်ကွယ်
သွားလိမ့်မည်လည်း မဟုတ်တော့ပါ။

အာဇာနည်များ၏ ဗိမ္ဗာန်တော်ကြီးများသည်
ငါတို့ခေတ်တွင်အလှပဆုံး ကိုးကွယ်ဆည်းကပ်စရာ
ယုံကြည်အားထားစရာ အဆောက်အဦးကြီးများ
ဖြစ်လာကြပြီးဖြစ်သည်။

ကျေးဇူးကြီးမားလှသော အဖနိုင်ငံတော်၏
ရင်ခွင်ထဲတွင် အညတရ ရဲဘော်တစ်ဦး
ကျဆုံးသွားတိုင်း သေခြင်းတရားသည်
နိဂုံးချုပ်ခဲ့ပါပြီ။

သေခြင်းတရားနှင့်အတူ ရှင်သန်ခြင်းလည်း
စတင်ခဲ့ပါပြီ။

ထောင်နံရံများလည်း ပြိုလဲပွင့်ထွက်ခဲ့ပါပြီ။

လွတ်လပ်ခြင်းကလေးငယ်သည်လည်း
မွေးဖွားသန့်စင်ခဲ့ပြီတည်း။

သြော်… ကြီးမြတ်တော်မူသော် သူရဲကောင်းတို့
တသက်တွင် တခါသာရတောင့်ရခဲ သေခြင်းတရားကို
ကြီးမြတ်သော အဖနိုင်ငံတော်အတွက်
လူ့အခွင့်အရေးအတွက်
လွတ်လပ်မှုအတွက်
သင်တို့သည် လဲလှယ်ခဲ့ပြီဖြစ်သည်။

သင်တို့၏ မသေနိုင်သော ၀ိဥာဉ်များသည်
ငါတို့၏ နှလုံးသားထဲတွင် လည်းကောင်း
ထာဝရရှင်သန်နေလိမ့်မည်ဖြစ်ကြောင်း
ခိုင်မာသော သစ္စာတရားဖြင့် ကတိပြုရင်း
အလေးပြုလိုက်ပါသည်။

အမည်မသိစာဆို

`၈´လေးလုံးအရေးတော်ပုံကြီးအတွင်းတွင် ရေးစပ်ခဲ့သော ကဗျာဖြစ်ပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.