Wednesday, August 5, 2009

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၄)


Socrates (Greek, BC-470~399)

တည်ထောင်သူ - Socrates (BC 470~399)
ဂရိအတွေးအခေါ်ပညာရှင်

လူမျိုး - ဂရိလူမျိုး၊ အနောက်တိုင်းအတွေး
အဓိကဖေါ်ထုတ်ချက် - ကိုယ်ကျင့်သိက္ခာ၊ ဆင်ခြင်တုံတရား
Name -
Birth - ca. 470 BC
Death - 399 BC
School/ Tradition - Classical Greek, Socratic School

Main interests - Epistemology, Ethics
Notable ideas - Socratic Method, Socratic irony
Influences - Anaxagoras, Parmenides, Prodicus, Diotima
Influenced - Plato, Aristotle the rest of Western Philosophy

Socrates Method
ဆိုကရေးတီးစ်၏ ခွဲခြမ်းစိတ်ဖြာနည်း


ဆိုကရေးတီးစ်၏အဆိုအရ လူသားများအနေဖြင့် စစ်မှန်သောအသိပညာကိုကရှိနိုင်သည်။ လူသည် မိမိ၌ရှိ သော ဆင်ခြင်ဥာဏ်ကိုမှန်မှန်ကန်ကန်အသုံးချတတ်လာလျှင် မိမိကိုယ်တိုင်၏ သဘောသဘာဝကို၎င်း၊ မိမိကိုဝန်းရံ နေသော စကြာဝဠာကြီး၏ သဘော သဘာဝကို၎င်း ဓမ္မဓိဌာန်ကျကျ သိမြင်နားလည်လာမည်ဟု ခံယူတင်ပြခဲ့၏။

ထိုသို့လျှင် စစ်မှန်သောအသိပညာကိုရရှိနိုင်ရန်အတွက် ဆိုကရေးတီးစ်က-

နည်းသစ် (၂)မျိုးကိုတင်ပြခဲ့ပါသည်။

1.ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis)
2.တွေးခေါ်မြော်မြင်နည်း (The Method of Speculation) တို့ဖြစ်ပေသည်။


၁. ခွဲခြမ်းစိတ်ဖြာနည်း
The Method of Analysis

ခွဲခြမ်းစိတ်ဖြာနည်းသည် အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့်ပတ်သက်သည့် ၎င်း၏အမြင်အပေါ်တွင် အခြေခံထားသော နည်းဗေဒ ဖြစ် သည်။ ဤနည်းအားဖြင့် အရစ္စတိုတယ်က ခြုံယူဆင်ခြင်မှု အခြေပြုဟု အဓိပ္ပါယ်ဖွင့်ဆိုနည်း (Inductive Definition) ဟုခေါ်ဆိုခဲ့သည်။ ၎င်း၏အဓိကရည်ရွယ်ချက်မှာ အကြွင်းမဲ့စစ်မှန်နေသော ယေဘူယသဘောတရားတခု (Concept) ကိုသိရှိလာရန် ရည်ရွယ်သည်။
ဥပမာအားဖြင့် လူတို့သည် ဝေါဟာရတခုကို အနက်အဓိပ္ပါယ်အမျိုးမျိုးဖြင့် အသုံးပြုလေ့ရှိကြသည်။ ထိုကဲ့သို့ ကွဲပြားခြားနား စွာသုံးစွဲနေသောကြောင့် ၎င်းဝေါဟာရ (သို့) ၎င်းသဘောတရားနှင့်ပတ်သက်၍ အငြင်းပွါးမှု အမျိုးမျိုးဖြစ်ပေါ်လာစေသည်။ သို့နှင့်စစ်မှန်သော အသိကို မသိဘဲဖြစ်နေသည်ဟုဆိုပါသည်။

ဆိုကရေးတီးစ်၏အလိုအရ ဤသို့လျှင် တယောက်တမျိုးစီ အနက်ဖွင့်နေကြမည်ဆိုပါက အမျိုးမျိုးသော သဘော တရားများသာ ဆောင်နေပေလိမ့်မည်။ ၎င်းအမျိုးမျိုးကို ဆင်ခြင်မှုဖြင့် သေချာစွာ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လိုက်ပါက ၎င်းတို့ ထက် သာလွန်သော၊ စစ်မှန်ပြီး ၎င်းတို့အားလုံး အကျုံးဝင်လျှက်ရှိသော ယေဘူယျ သဘောတရားတခုကို မုချရရှိလာ မည်ဟု ခံယူခဲ့သည်။
တနည်းဆိုရသော် လူသားတဦးချင်း၏ တခုစီတခုစီသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ခွဲခြမ်းစိတ်ဖြာလာရာမှ တဆင့် လူသားအားလုံးအတွက် ပလေတို၏ (Laches) အမည်ရှိသော အပြန်အလှန်ဆွေးနွေးချက် (Dialogue) တွင် ဆိုကရေးတီးစ်ကိုယ်တိုင် ဤနည်းကိုအသုံးပြုခဲ့ကြောင်းတွေ့ရပါသည်။ ဤဆွေးနွေးချက်တွင် ဆိုကရေးတီးစ်ကိုယ်တိုင် အမှန်တကယ် ပါဝင်ခဲ့၍ ၎င်းဖေါ်ပြလာသော နည်းဗေဒနှင့် အယူအဆများသည် ဆိုကရေးတီးစ်၏ နည်းဗေဒနှင့် အယူအဆများဖြစ်သည်ဟု သုတေသီများက ခံယူထားပါသည်။
ဤဆွေးနွေးချက်များ၌ ရဲ့ရင်ခြင်း (Courage) နှင့်ပတ်သက်၍ ဆိုကရေးတီးစ်က ခွဲခြမ်းစိတ်ဖြာကာ ဝေဖန် သုံးသပ်ခဲ့သည်။ သို့သော်ရဲ့ရင်ခြင်းနှင့်ပတ်သက်၍ စစ်မှန်သောအနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဤအခန်းထဲ၌ ဆိုကရေးတီးစ်ကိုယ်တိုင် မဖြေကြားခဲ့ပေ။ သို့သော် ဆိုကရေးတီးစ် ကွယ်လွန်ပြီးနောက် ဆိုကရေးတီးစ် ခံယူခဲ့သော အမြင်သည် ပလေတိုရေးသားခဲ့သော (The Republic) တွင် ရဲရင့်ခြင်းနှင့်ပတ်သက်၍ ၎င်းအမြင်သည်ပေါ်လွင်ထင်ရှား လာခဲ့ပေသည်။

ဆိုကရေးတီးစ်နှင့် ပလေတို နှစ်ယောက်စလုံး၏အလိုအရ "ရဲရင့်ခြင်း" ဟူသည်မှာ "အသိပညာ" ပင်ဖြစ်သည်။
(Courage is Knowledge) ဖြစ်၏။


၂. တွေးခေါ်မြော်မြင်နည်း
The Method of Speculation

တွေးခေါ်မြော်မြင်နည်းတို့မှာ တွေးဆချက် (Hypothesis) နှင့်ပတ်သက်သော ၎င်း၏အမြင်အပေါ်တွင် အခြေခံ လျှက် တင်ပြထားခြင်းဖြစ်သည်။ ဤနည်းသည် သဘာဝသိပ္ပံများ၌ ယနေ့ထက်တိုင်အောင်ပင် အသုံးပြုလျှက်နေရ သောနည်းဖြစ်သည်ဟု မျက်မှောက်အတွေးအခေါ်ပညာရှင်များကခံယူထားကြပါသည်။ ၎င်းကို တွေးဆဆင်ခြင်နည်း (The Method of Speculation) ဟူ၍ခေါ်ဆိုသက်မှတ်လာကြသည်။

ဆိုကရေးတီးစ်၏အလိုအရ အရှိလောက၌ ဖြစ်ပျက်နေသော အကြောင်းအချက် အားလုံးတို့ကို အာရုံသိဖြင့် ခံစား သိရှိနိုင်မည်မဟုတ်ပေ။ အာရုံသိသည် ၀ိသေသအသိများကိုသာ ပေးစွမ်းနိုင်ရှိသဖြင့် အဖြစ်အပျက်များ၏ ယေဘူယျ သဘောတရားကိုပင် ပေးစွမ်းနိုင်ခြင်းမရှိပေ။
အထက်ဖေါ်ပြပါ နည်းနှစ်မျိုးအနက်မှ ပထမနည်းဖြစ်သော ခွဲခြမ်းစိတ်ဖြာနည်းအား ဆိုကရေးတီးစ်နည်း၊ တနည်း အား ဖြင့်(Socrates Method) ဟူ၍ အများအားဖြင့်ခေါ်ဆိုရည်ညွန်းခဲ့ကြပါသည်။ အမှန်အားဖြင့် ဆိုကရေးတီးစ်အသုံးပြု ခဲ့သော သိပုံသိနည်းမှာ တမျိုးတစားတည်းမဟုတ်ဘဲ နှစ်မျိုးနှစ်စားရှိကြောင်း အသုံးပြုခဲ့ကြောင်းအား အထူးမှတ်သား ရန်ဖြစ်သည်။

ဤထက်ပါနည်းနှစ်မျိုးနှစ်စလုံးကိုဆန်းစစ်ခြင်းဖြင့် ဆိုကရေးတီးစ်သည် အာရုံသိထက် ဆင်ခြင်သိကို ပို၍ ဦးစားပေးခဲ့သော တွေးခေါ်ပညာရှင်တဦးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုသို့ဦးစားပေးတွေး ခေါ်ခဲ့သောကြောင့် ၎င်း၏တပည့် ပလေတို လက်ထက်တွင် အာရုံသိဖြင့်သိခြင်းသဘောတရားသည်မှေးမှိန်းသွားပြီး ဆင်ခြင်သိခြင်းသဘော တရားမှာ ပိုမိုကြီးမားခိုင်မာစွာဖြင့် ဖြစ်ပေါ်ခဲ့လေသည်။
ထို့ကြောင့်ပင် ပလေတိုသည် ဆင်ခြင်သိဖြင့် တွေးခေါ်ခြင်းအား တဘက်စွန်းသို့ရောက်သည်တိုင်အောင် ဦးစား ပေးခဲ့ သောကြောင့် ဤလောကကိုပင် စစ်မှန်သောလောက မဖြစ်နိုင်ကြောင်းငြင်းဆိုလာခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ ဆိုကရေးတီးစ်နည်းများသည် ၎င်းမတိုင်မီပေါ်ပေါက်ခဲ့သော ဂရိတွေးခေါ်ရှင်များ၏ နည်းများထက် ပိုမိုစနစ်ကျစွာ တွေးခေါ်တင်ပြထားသောနည်းများဖြစ်သည်ဟု ပညာရှင်များကဆိုပါ၏။



0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.