Sunday, August 2, 2009

0 မြန်မာစစ်အစိုးရ အနုမြူလက်နက် (၅)နှစ်အတွင်း ထုတ်လုပ်ဖို့ရှိ


မြန်မာစစ်အစိုးရဟာ ငါးနှစ်အတွင်း အနုမြူလက်နက် ထုတ်လုပ်နိုင်ရေးအတွက် မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ လျှို့ဝှက် အနုမြူဓာတ်ပေါင်းဖိုတခုနဲ့ ပလူတိုနီယံ သတ္တုသန့်စင်ရေးစက်ရုံကို တည်ဆောက် အကောင်အထည်ဖော်နေတယ်လို့ ဩစတြေးလျနိုင်ငံရောက် မြန်မာစစ်တပ်က ထွက်ပြေးလာသူတချို့ကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က ထွက်ပြေးလာသူ နှစ်ဦးဖြစ်တဲ့ နာမည်ဝှက် - ကိုမိုးကြိုးနဲ့ ကိုတင်မင်းတို့က ဩစတြေးလျ ထောက်လှမ်းရေးဖြစ်သူ Desmond Ball ကို ပြောဆိုရာမှာ စစ်အစိုးရအနေနဲ့ အနုမြူစီမံကိန်းကို မြန်မာပြည်မြောက်ပိုင်း Naung Laing အရပ်က တောင်တလုံးပေါ်မှာ မြောက်ကိုရီးယားအကူအညီနဲ့ လျှို့ဝှက် တည်ဆောက်နေတယ်လို့ ဆိုပါတယ်။ အဲဒီစက်ရုံနဲ့ကပ်လျက်မှာ အလားတူ အရပ်ဖက်သုံး တခြားဓာတ်ပေါင်းဖိုတခုကိုလည်း ရုရှားအကူအညီနဲ့ တည်ဆောက်နေတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို လက်နက်နဲ့ အနုမြူနည်းပညာ လွှဲပြောင်းကူညီပေးနေတဲ့ သတင်းတွေအတွက် စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်း ဒီသတင်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အနုမြူလက်နက်ထုတ်လုပ်နိုင်ဖို့ လုံခြုံရေးနဲ့ တခြား အခက်အခဲတွေ ရှိနိုင်တဲ့အတွက် အနည်းဆုံး နှစ် ၂၀ လောက် အချိန်ယူရဖွယ် ရှိတယ်လို့ အမေရိကန်ကျွမ်းကျင်သူတချို့ရဲ့ ခန့်မှန်းချက်တွေ မကြာသေးခင်ကပဲ ပေါ်ထွက်ခဲ့ပါတယ်။

ဒါပေမယ့် ဩစတြေးလျနိုင်ငံ မက်ကွာရီတက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ရှောင်တာနဲလ်ကတော့ မြောက်ကိုးရီယား ဒါမှမဟုတ် နိုင်ငံတခုခုရဲ့ အကူအညီနဲ့ဆိုရင် မြန်မာစစ်အစိုးရရဲ့ ၅ နှစ်အတွင်း အနုမြူဗုံး ထုတ်လုပ်နိုင်ရေးစီမံကိန်းဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားလို နိုင်ငံမျိုးက လိုအပ်နေတဲ့ ယူရေနီယမ် ထွက်ရှိတဲ့အပြင် သဘာဝဓာတ်ငွေ့ ရောင်းချလို့ရတဲ့ နိုင်ငံခြားငွေ အလုံအလောက် ရှိတဲ့အချက်တွေကြောင့် ငွေကြေးလိုအပ်ချက် ကြီးမားတဲ့ မြောက်ကိုရီးယားနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဖြစ်နိုင်ချေများတယ်လို့ သူက ပြောပါတယ်။

မြန်မာစစ်အစိုးရ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ဓာတ်ပေါင်းဖိုဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ တနှစ်ကို အနုမြူ ဗုံးတလုံး ထုတ်လုပ်သွားနိုင်လိမ့်မယ်လို့ မြန်မာစစ်တပ်က ထွက်ပြေးလာသူ နှစ်ဦးက ထုတ်ဖော်ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ တခြားသတင်းဌာနတွေရဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။
(rfa)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.