Tuesday, May 18, 2010

0 စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွား ရှာလေပြီ

စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာအကယ်ဒမီဦးသုမောင် ကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူထပ်မျှနှမြောတသ ၀မ်းနည်းမိပါကြောင်း


နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင်သည် ယနေ့ ၁၆ - ၅ - ၂၀၁၀ (တနင်္လာ)နေ့ ည ( ၉း၀၀ ) နာရီအချိန်တွင် သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပါသည်။ ၄င်း၏ ရုပ်ကလပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်ပြီး သုခကမ္ဘာဆေးခန်းမှ သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထူးခြားချက် တစ်ခုမှာ ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုမရှိ၍ ပြင်းပြလှသော အပူဒဏ်ကို ခံစားနေရသော မြို့သူ မြို့သားများအား ဦးသုမောင်၏ ရုပ်ကလပ်ကို သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်ချိန်တွင် မိုးရွာသွန်းပေးမှုကြောင့် အအေးဓါတ် လွှမ်းခြုံပေးမှုကို ခံစားလိုက် ရပါသည်။

၂၀ - ၅ - ၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ကလပ်အား ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။

ကွယ်လွန်ချိန်မှာ အသက် (၆၀)နှစ်ရှိပြီး ဇနီးသည် ဒေါ်အေးအေးမေ (ခေါ်) အေးဘုံနဲ့အတူ သားသမီး (၄) ယောက်ကျန်ရစ်ခဲ့ပါတယ်။ သုမောင်ဟာ စွယ်စုံအနုပညာရှင်တဦးလို့ ဆိုရလောက်အောင်စာပေ၊ ရုပ်ရှင်၊ ဂီတစတဲ့ နယ်ပယ် (၃) ခုစလုံးမှာ တကယ့်ကို အောင်မြင်ခဲ့တဲ့
အနုပညာရှင်တဦး ဖြစ်ပါတယ်လို့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာနေထိုင်နေတဲ့ ရုပ်ရှင်ဒါရိုက်တာ ဝင်းဖေ က မှတ်ချက်ပေးပါတယ်။

"ဒီနယ်ပယ်သုံးခုစလုံးမှာ သူက မည်ကာမတ္တ အနုပညာသည် အလယ်အလတ် ဘာညာ ဒါမျိုးမဟုတ်ဘူးဗျ။ရုပ်ရှင်သရုပ်ဆောင် အနုပညာသည်အနေနဲ့ ပိုပြီး တော့ အားသန်တယ်။ စာရေးတဲ့နေရာမှာရော သီချင်းဆိုတဲ့နေရာမှာကော သိက္ခာရှိတဲ့ အနုပညာသည်ဖြစ်ပါတယ်။ဒီအနုပညာတွေကလည်း တော်တော်အရေးကြီးတဲ့ အနုပညာနယ်ပယ်တွေ ဖြစ်နေတယ်။ အဲဒီ
နယ်ပယ်သုံးခုစလုံးကနေပြီးတော့ သူ့ကိုဆုံးရှုံးကြရတဲ့အတွက်နှမျောကြမှာပါပဲ။"

သုမောင်ကို ၁၉၅၁ ခုနှစ် မတ်လ (၁၃) ရက်နေ့မှာ ဖခင်ဖြစ်သူ စာရေးဆရာ ဒါရိုက်တာ ဦးသာဓုနဲ့ မိခင်ဒေါ်ခင်ညိုတို့က ဖွားမြင်ခဲ့တာဖြစ်ပြီး အမည်အရင်းက မောင်ဗလဖြစ်ပါတယ်။ မွေးချင်း (၄) ယောက်အနက် တတိယမြောက်သား ဖြစ်သလို ၁၉၆၉ ခုနှစ်မှာGIT လို့ ခေါ်တဲ့ စက်မှုလက်မှုအထက်တန်းကျောင်းကနေ ဒီဇယ်အင်ဂျင်နီယာသင်တန်းအောင်မြင်ခဲ့ပါတယ်ဒီနောက်တော့ ၁၉၇၀ လောက်ကစပြီး အုပ်စိုးဆိုတဲ့ အမည်နဲ့ဝတ္တုတိုတွေ စတင်ရေးလာခဲ့ပြီး ၁၉၇၄ လောက်မှာတော့ ရုပ်ရှင်နဲ့ စာပေနယ်တွေမှာ
လူသိများအောင်မြင်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် သုမောင် ဖြစ်လာခဲ့ပြီး ၁၉၉၀ မှာအကောင်းဆုံး အမျိုးသားရုပ်ရှင် သရုပ်ဆောင်ဆုကို "ခုနှစ်စဉ်အလွမ်းဇတ်ကား"နဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း (၄၀)ကျော် ရိုက်ကူးခဲ့သလို သီချင်းများစွာကိုလည်းကိုယ်တိုင်ရေးသားစပ်ဆိုခဲ့သူပါ။ ဒါ့အပြင် ၀တ္ထုတို၊ ဆောင်းပါး နဲ့ သာသာပြန်စာအုပ်တွေကို ရေးသားခဲ့တဲ့အထဲ ကွမ်းစကား၊ အရက်သမား အမှားတထောင် နဲ့အချစ်လားသူဖျားနေတယ် ဆိုတဲ့ စာအုပ်တွေဟာ အင်မတန်လူကြိုက်များခဲ့ပါတယ်။သုမောင်ဟာ အနုပညာမျိုးရိုးထဲက ဖြစ်သလို ဖခင်ဖြစ်သူက အင်မတန်အောင်မြင်တဲ့စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓု ဖြစ်ပြီး မွေးချင်း ညီအကိုတွေထဲမှာလည်းစာရေးဆရာ၊ ဒါရိုက်တာ နဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။သူတို့တွေအားလုံးဟာ အနုပညာကို သဘာဝအတိုင်း သရုပ်ဆောင်ကြတဲ့
သဘာဝမင်းသားတွေအဖြစ် အောင်မြင်ခဲ့ကြတာပါ။ အထူးသဖြင့် ရုပ်ရှင်နယ်ပယ်မှာမင်းသားဆိုတာထက် သရုပ်ဆောင်ဆိုတဲ့ ဘဝနဲ့ ဖြတ်သန်းခဲ့သူတဦး ဖြစ်တယ်လို့လည်းဆရာဦးဝင်းဖေက ဆိုပါတယ်။

သုမောင်၏နဂါးနီသီချင်း

"ပြောကြပါစို့ဗျာ သူတို့သဘာဝအုပ်စုမှာ သူ့အဖေကစလို့ပေါ့။ သူ့အဖေဟာ အသက်လည်းကြီးပါပြီ၊ ဘယ်လိုမှလည်း ရုပ်ရည်အားဖြင့်ပေါ့လေ ဘာမှ စွဲဆောင်စရာ ဘာညာမရှိပေမယ့် ဧည့်သည်ဆိုတဲ့ဇာတ်ကားကို အဓိကသရုပ်ဆောင် မင်းသားလုပ်ပြီးတော့၊ တက်ပြီးတော့ အောင်မြင်တဲ့ရုပ်ရှင်ကိုရိုက်သလို၊ကိုသုမောင်လည်းအတူတူပဲ။သူကိုယ်တိုင်ကရုပ်ရည်ဆိုတာကိုအားကိုးပြီးတော့သရုပ်ဆောင်မယ်ဆိုတဲ့အနေအထားမှာမရှိဘဲနဲ့လုပ်ခဲ့၊ အောင်မြင်ခဲ့တဲ့ အနုပညာသည် ဖြစ်တယ်။ အဲဒီ သဘောတရား အတိုင်းပဲစာရေးတဲ့ နေရာမှာရော၊ သီချင်းဆိုတဲ့ နေရာမှာရော အလွန်ယုံယုံကြည်ကြည် နဲ့စေတနာ ထားပြီးတော့ သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ အနုပညာတွေကို တင်ပြတဲ့အနုပညာသည်ဖြစ်တယ်။ ဒါဟာ တော်တော်ထူးခြားပါတယ်။"
ပေးပို့သူ ။။ ကိုကျော်သူ။ (voa)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.