Friday, August 20, 2010

0 ကျွတ်စေ … လွတ်စေ


နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ၁၉.၈.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီတွင် ရန်ကုန်မြို့ မြောက်ဒဂုံရုံး နာရေးကူညီမှုအသင်း (ရန်ကုန်)ဈာပနသင်တန်းတွင် လုပ်အားပေး အသင်းသူ/သားများအား ရုပ်အလောင်းများကို သွားရောက် သယ်ဆောင်ရာတွင် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းတို့ မဖြစ်ပေါ်စေရန် ဈာပန ပို့ဆောင်ရေး သင်တန်း ၄/၂၀၁၀ မှ စ၍ မိမိတို့ ကူညီဖေးမခဲ့မှုများ၊ အတွေ့အကြုံများ (ရဲမှုခင်း) လမ်းကြောင်းများကို ပရိုဂျက်တာဖြင့် ပြသပို့ချကာ လူမှုရေး ရဲဆေးတင်ပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို ဆောင်ရွက်ရာတွင် ဘ၀တစ်ပါးသို့ နည်းအမျိုးမျိုးဖြင့် ပြောင်းလဲသွားကြသော ရုပ်ခန္ဓာများအား သယ်ဆောင်သင်္ဂြိုလ် ပေးရခြင်းများကို ဆောင်ရွက်ပေးရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရေနစ်သေဆုံးသော ပုပ်ပွနေသော အလောင်းများ၊ သစ်တုံးပိခြင်း၊ ဓါတ်လှေကားညှပ်ခြင်း၊ ဆွဲကြိုးချ သေဆုံးခြင်း၊ ရထားကြိတ် သေဆုံးခြင်း စသည့် စသည့် ဦးနှောက်များထွက်နေခြင်း၊ ကိုယ်လက်ခန္ဓာ အပိုင်းပိုင်း ပြတ်တောက်နေသော ရုပ်အလောင်း ပေါင်း များစွာကို အခမဲ့ကုသိုလ်ဖြစ် ပို့ဆောင်ပေးလျှက်ရှိပါသည်။

ယင်းကဲ့သို့ ပရိုဂျက်တာဖြင့် ပြသသော သင်တန်းတွင် ဦးကျော်သူမှ အသင်းသူ/သားများအား “မိမိတို့သည် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ဘ၀တစ်ပါးသို့ ပြောင်းသွားကြကုန်သော သူတို့အား သင်္ဂြိုလ်ပေးခြင်း ကိစ္စရပ် တစ်ခုတင်မက ထိုသို့ ဘ၀အသီးသီးသို့ ရောက်ရှိကြကုန်သော သူများတွင် စိတ် အစွဲများဖြင့် မကျွတ် မလွတ်ကြသူတို့များစွာ ရှိနေပါ၍ ယင်းကဲ့သို့ မကျွတ် မလွတ်သော သူတို့အား ကျွတ်တန်းဝင်စေရန် ရည်ရွယ်၍ ကောင်းမှုကုသိုလ် အသီးသီးတို့ကို အမျှပေးဝေကြဖို့ အရေးကြီးကြောင်း။ မိမိတို့ နေ့စဉ်ပေးဆပ်လျှက်ရှိသော ကောင်းမှုကုသိုလ်တို့အား သစ္စာဆို၍ အမျှပေးဝေခြင်းသည် ထိရောက်သော အမျှပေးဝေမှုဖြစ်ကြောင်း … အကျွတ် အလွတ်ပွဲများ ပြုလုပ် ပေးခြင်းသည်လည်း မိမိအတွက်တင်မက မကျွတ် မလွတ်သေးသော အများအတွက်ပါ ထိရောက် သော ပေးဆပ်မှုဖြစ်ကြောင်း” ပြောကြားသွားသည်။

ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ယခင်က ရေဝေးသုဿန်တွင် အကျွတ် အလွတ် ပွဲများကို အများနှင့်အတူ ပြုလုပ်ပေးခဲ့သော်လည်း ယခုအခါ ဤသို့ ပြုလုပ်ရန် အခက်အခဲများ ကြုံတွေ့ နေသည့်အတွက် မိမိတို့ တစ်ဦးချင်းအနေနှင့် တစ်နေ့တာ ပေးဆပ်မှု ကောင်းမှုများကို သစ္စာဆို အမျှ ပေးဝေခြင်းတို့အပြင် ဆရာတော်ကြီးများ ချမှတ်ပေးထားသော အဓိဌာန်ကျင့်စဉ်များကို ကျင့်ကြံ အားထုတ်ပြီး အဓိဌာန်ပြီးမြောက်သော နေ့ရက်တွင် အမျှပေးဝေခြင်းများကို ပြုလုပ်ပေးဆပ်လျှက် ရှိသည်။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.