Sunday, August 15, 2010

0 The Spirit Changed the Trends -
ရေးသူ-အောင်မိုးဝင်း

အရင်တုန်းက၊ မန္တလေးမြို့ (၁၉) လမ်းရဲ့အနောက်ထိပ်ကိုသွားမယ်ဆိုရင် “ ကျောက်သပိတ်” ဆိုတဲ့ ရပ်ကွက်ရှိတယ်။
ကျောက်သပိတ်ဆိုတာ ခန္ဓာကိုယ်နဲ့ရင်းပြီး လုပ်စားရတဲ့ မိန်းကလေးတွေ စုဝေးရာနေရာဖြစ်သလို၊ ဖဲဝိုင်း၊ ဂျင်ဝိုင်းတွေကလည်း စုံမှစုံ၊လမ်းဘေးလက်ဘက်ရည်ဆိုင်တွေမှာ ဖောက်သည်ရှာနေတဲ့ ကောင်မလေးတွေကို ရဲက ငွေညှစ်နေတာကိုတွေ့ရသလို၊တခါတလေ ဖောက်သည်နဲ့ နှစ်ပါးသွားနေတဲ့အချိန်မှာ ရဲက ဝင်ဖမ်းတဲ့အခါ၊ အဲ့ဒီကောင်မလေးတွေက ပြတင်းပေါက်ကနေ မြစ်ထဲကို ဒိုက်ထိုးခုန်ချကြတယ်။
( သူတို့ အိမ်တွေက ဧရာဝတီမြစ်ဘေး တာရိုးတလျှောက်မှာ ဆောက်ထားတာမို့လား)
လာတဲ့ ဧည့်သည်ကလည်း အဖမ်းခံရမှာ ကြောက်တော့ ကောင်မလေးတွေလိုပဲ မြစ်ထဲကို ခုန်ဆင်းပြေးရတယ်။
တချို့က ရေမကူးတတ်ဘူး။ ရေနစ်နေတဲ့ ဖောက်သည် ကို ကောင်မလေးတွေက ပြန်ကယ်ရတယ်။
ရေမွန်းနေလို့ သတိမရတော့တဲ့အခါ ဆေးရုံကို အရေးပေါ်တင်ပို့ရတယ်။
“အောင်မလေး ငါတို့ဆီလာတဲ့ ဧည့်သည်တွေကို နောက်တခါ လာရင် “ရေကူးတတ်လား” အရင်မေးရမလို ဖြစ်နေပြီ” တဲ့။စိတ်ညစ်စရာ၊ ရယ်မောစရာဇာတ်လမ်းတွေကလည်းအများကြီးပဲ။

၁၉၉၂ ခုနှစ်လောက်ရောက်တဲ့ အခါ၊ အဲ့ဒီ ရပ်ကွက်မှာ ခန္ဓာကိုယ်ရင်းစားရတဲ့ ကောင်မလေးတွေ ဒုက္ခရောက်တော့တယ်။
စစ်အစိုးရက အဲ့ဒီ ရပ်ကွက်တွေကို ရှင်းပစ်လိုက်ပြီး မြရည်နန္ဒာ ကွက်သစ်ကို ကျော်- ဟိုး ဝေးလံတဲ့ မြို့သစ်တွေမှာ ရွှေ့ပြောင်းနေရာချလိုက်တယ်။
တကယ့်ကို ပူပြင်းခြောက်သွေ့တဲ့ လွင်တီးခေါင်မှာ ရပ်ကွက်တွေ ဆောက်ပစ်လိုက်တယ်။ မိုးရာသီ ဆို ရပ်ကွက်ကို သွားဖို့ ရွံ့တော ကို အရင်ဖြတ်ရတယ်။
စက်ဘီးကို ပုခုံးပေါ်တင်ပြီး ရုန်းရတယ်။ ရပ်ကွက်ကို ဝင်မဲ့ နေရာကလည်း တပေါက်တည်း။ရပ်ကွက်ထဲက လူတွေ ဘာလုပ်စားစား အဝင်ထိပ်က စောင့်ကြည့်နေရင်သိနိုင်တယ်။အဲ့ဒီ လွင်တီးခေါင်မှာ ပေါ်လာတဲ့ ရပ်ကွက်သစ် (ဘ-၃) ဆိုတာ ယ္ခင် ကျောက်သပိတ်မှာ လုပ်စားခဲ့တဲ့ ကောင်မလေးတွေ ပြန်လည်စုဝေးတဲ့နေရာ၊ဖြစ်ချင်တော့ အဲ့ဒီနှစ်မှာ ကျနော်ရဲ့သူငယ်ချင်းတချို့ “သံလွင်” လို့ခေါ်တဲ့ လက်ဘက်ရည်ဆိုင်လေးကို (၆၂) လမ်းပေါ်မှာဖွင့်ခဲ့ကြတယ်။၆၂ လမ်းနဲ့ အနောက်ဖက်ကပ်လျှက်ရပ်ကွက်တွေက အင်္ဂလန်ရဲ့နွေဦးနန်းတော်တွေကိုကြည့်ရသလိုပဲ။

သာသနာရေးဝန်ကြီး ဗိုလ်ချုပ်အောင်ရဲကျော်ရဲ့ ခမ်းနားတဲ့တိုက်တွေ၊ သိပ္ပံလမ်း နဲ့ ၆၂ လမ်းထောင့်မှာ ဗိုလ်ချုပ်ထွန်းကြည်ရဲ့ သိန်းထောင်ချီတန်တဲ့တိုက်တွေက မပြေလည်တဲ့ ဘဝတွေကို ပြောင်လှောင်နေသလိုပဲ။ ၆၂ လမ်းအရှေ့ဘက်ခြမ်းကတော့ ဆင်းရဲသားတွေနေတဲ့ရပ်ကွက်တွေမှာအိမ်တွေပြွတ်သိတ်နေတယ်။ မနက်လင်းရင်၊ ညနေစောင်းရင် မန္တလေးမြို့ကြီး ဆီကို အလုပ်သွားအလုပ်ပြန်ကြတဲ့ လူတန်းကြီး ကို
တမျှော်တခေါ် တွေ့ရတယ်။ ညနေစောင်းရင် ကျနော်တို့ လက်ဘက်ရည်ဆိုင်လေးဆီကို လူတွေ အစုံပဲရောက်လာတယ်။

သာမန်ပြည်သူတွေတင်သာ မကဘူး။ညအမှောင်လာတော့မယ်ဆိုရင် ဧည့်သည်ကို စောင့်နေတဲ့ ကောင်မလေးတွေ၊ဒီ ကောင်မလေးတွေအပေါ် ငွေညှစ်စားနေတဲ့ စစ်ထောက်လှမ်းရေး (၁၆) က လူယုတ်မာတွေ၊ အနယ်နယ်အရပ်ရပ်က ထောင်ဝင်စာတွေ့ဖို့ ခေတ္တလာနားခိုတဲ့သူငယ်ချင်းတွေ လက်ဘက်ရည်ဆိုင်လေးမှာ ခိုနားကြတယ်။ ဒီအထဲမှာ ထူးထူးဆန်းဆန်းစကားတွေပြောတတ်တဲ့ ကောင်မလေးတယောက်ရှိတယ်။
သူမက အသားဖြူဖြူလေး၊ သနပ်ခါးလေးကိုမှုန်နေအောင်လူးထားတယ်။ တခါတလေ စစ်ထောက်လှမ်းရေးတွေကကဒ်ပြပြီး အလကားခေါ်သွားတဲ့ ညဆို၊ “ အကိုရေ- ကုသိုလ် လုပ်တယ်ဆိုတာ ဘုရားသွားဖို့မလိုဘူး။ ဒီလိုလူတွေလာခေါ်ရင်လည်း ကုသိုလ်လုပ်ရတာပဲ။သွားလိုက်အုံးမယ်” တဲ့။ စစ်ထောက်လှမ်းရေးတွေ အောက်တန်းကျ ယုတ်မာတယ်ဆိုတာ စစ်ကြောရေးစခန်းမှာတင်မကပါဘူး။
ဒီလို ခန္ဓာကိုယ်ရင်းစား ရှင်သန်နေရတဲ့ ကောင်မလေးတွေ အပေါ်မှာလည်း ညှာတာမှုကင်းမဲ့၊ အရှက်ကင်းမဲ့စွာလုပ်တတ်တယ်။
တခါတလေ လူရှင်းနေရင် ကျနော် က လည်း မနေနိုင်မထိုင်နိုင် သူတို့ဆီသွားပြီး အင်တာဗျုးတယ်။

“ နင်တို့ အလုပ်အကိုင်တွေအဆင်ပြေကြလား၊ ” လို့ ဆိုတော့ ထူးထူးဆန်းဆန်းစကားတွေပြောတတ်တဲ့ ကောင်မလေး က ချက်ခြင်းပဲ ပြန်ပြောတယ်။
“ အောင်မယ်လေး အကိုရယ်၊ ရေထဲနေတဲ့ ငါး၊ ကုန်းပေါ်ကို ပစ်တင်ခံရလို့ ဖလတ်ဖလတ် ဖြစ် ဖြတ်ဖြတ်လူး၊ အသက်ရှုကြပ်နေသလိုပါပဲ။
ဒုက္ခရောက်လိုက်တာ” တဲ့။ သူပြောချင်တာကို ကျနော်နားလည်နေတယ်။ မြစ်ဘေးမှာ နေထိုင်လာခဲ့တဲ့ လူတွေ၊ တကယ့်လွင်တီးခေါင် ကိုရွှေ့ပြောင်းခံလိုက်ရတော့ အဆင်မပြေဖြစ်သွားတာကို ပြောချင်တာ။ ရဲလာရင်လည်း မြစ်ထဲ ဒိုက်ထိုး ကိုယ်ရောင်ဖျောက်လို့မရ၊အိမ်မှာလည်း ဧည့်သည်ခေါ်လို့မရ၊ လက်ဘက်ရည်ဆိုင်ထွက်ထိုင်ပြီး ဖောက်သည်ရှာတော့လည်းစစ်ထောက်လှမ်းရေးနဲ့တိုးလို့တိုး၊ရဲက ငွေညှစ်လို့ညှစ်။ ဘာမှ ကို အဆင်မပြေတော့တာ။

ရွေးကောက်ပွဲကို နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ် လို့ စစ်အစိုးရကကြေငြာလိုက်တဲ့အခါ၊ ရွေးကောက်ပွဲ ဝင်မဲ့သူတချို့ကစစ်အစိုးရအပေါ် ငြီးငြူဝေဖန်အပြစ်တင်သံတွေထွက်လာတယ်။ ဘာရယ်လို့မဟုတ်ဘူး။
ဘ(၃) ရပ်ကွက်ထဲက ကောင်မလေးတယောက်ပြောခဲ့တဲ့ “ ရေထဲက ငါး ကုန်းပေါ်ပစ်တင်ခံလိုက်ရသလို၊
ဖလတ်ဖလတ် နဲ့ ဖြတ်ဖြတ်လူး အသက်ရှုကြပ်နေသလိုပါပဲ” ဆိုတဲ့ စကား ကို သွားသတိယ မိတယ်။
အော်---“ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများ၊ ဘ(၃) ရပ်ကွက်ထဲက ကောင်မလေး နဲ့ ဧရာဝတီမြစ် ထဲ ခုန်ချသူများ” တဲ့လေ
---------------------------------
အသွင်ကူးပြောင်းမှုကာလများ၊ စိတ်ကူးယဉ်မှုများ နှင့် ကစားဝိုင်း ကို ပြောင်းလဲစေသောဝိညာဉ်များ
စစ်အာဏာရှင်စံနစ်အောက်မှာ ဇွတ်အတင်းလုပ်တဲ့ ရွေးကောက်ပွဲတွေ၊ လူထုဆန္ဒခံယူပွဲတွေ ဆိုတာ မဆန်းကြယ်လှတဲ့ ဖြစ်ရပ်တွေပါ။
ဒီလိုဖြစ်ရပ်တွေထဲက တခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံအကြောင်းကို ဆွေးနွေးချင်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ဒီမိုကရက်တစ်နိုင်ငံတော်ကို လွယ်လွယ်ကူကူတက်လှမ်းခဲ့ပါရဲ့လား။
ရွေးကောက်ပွဲ ဘယ်နှစ်ခုဖြစ်ခဲ့သလဲ၊ စစ်အာဏာသိမ်းမှုဘယ်နှစ်ခုဖြစ်ခဲ့သလဲ။ စစ်အာဏာရှင်တွေကို တောင်ကိုရီးယားပြည်သူတွေ ဘယ်လိုရင်ဆိုင်ခဲ့ကြသလဲ။ သေချာတာတခုက- ပါလီမန်ထဲမှာ ဝင်ပြီးပြောင်းဖို့ဆိုတာ လူထုမပါပဲနဲ့ လုပ်လို့မရသလို၊ လူထုကိုပြတ်ပြတ်သားသား
ဦးမဆောင်ရဲတဲ့ သူတွေဟာ ပါလီမန်မှာ အသံမရှိနိုင်ပါဘူး။

တောင်ကိုရီးယားနိုင်ငံရဲ့ပြောင်းလဲမှုအဆင့်ဆင့်တွေကို လေ့လာကြည့်ရအောင်ပါ။
ပထမ သမ္မတနိုင်ငံတော် ရဲ့ နိဂုံးတောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်သူ Syngman Rhee ဆိုသူဟာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့သူဖြစ်တယ်။
အင်အားကြီးနိုင်ငံတွေရဲ့ကြားဝင်စေ့စပ်မှုကြောင့်၊ ကိုရီးယားစစ်ပွဲရပ်စဲဖို့ သဘောတူခဲ့ကြပေမဲ့ သူက လက်မှတ်မထိုးခဲ့ဘူး။ မြောက်ကိုရီးယားနိုင်ငံအပေါ်အနုမြူဗုံးကြဲမချခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ကို ပြစ်တင်ဝေဖန်ခဲ့တယ်။
ကိုရီးယားစစ်ပွဲကာလတုန်းက Syngman Rhee ဟာ သူ့ရဲ့ပြည်သူတွေကို မြောက်ကိုရီးယားကွန်မြူနစ်တွေကို အသေခံပြီး ခုခံတိုက်ပွဲဝင်ရမယ် လို့အသံကောင်းလွှင့်ခဲ့တယ်။ ပြည်သူတွေထွက်မပြေးအောင် တံတားတွေကို ချိုးချခဲ့တယ်။သူကတော့ ဘေးအန္တရယ်ကင်းတဲ့နေရာကိုထွက်ပြေးသွားပြီး ပုန်းအောင်းနေခဲ့တယ်။ ဒီမိုကရက်တစ်နိုင်ငံကိုတည်ဆောက်မယ် ဆိုပေမဲ့အတိုက်အခံနိုင်ငံရေးသမားတွေကို နည်းပေါင်းစုံဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ ချေမှုန်းခဲ့တယ်။ အာဏာကို (၁၂) နှစ်ကြာချုပ်ကိုင်ထားခဲ့တယ်။
၁၉၆၀ မှာတော့ တက္ကသိုလ်ကျောင်းသားတွေ၊ ပါမောက္ခတွေ က သူ့ကို ဖြုတ်ချဖို့ ဦးဆောင်လှုံ့ဆော်ကြတယ်။
ဧပြီ (၁၉) ကျောင်းသားလှုပ်ရှားမှုအဖြစ် လူသိများခဲ့တယ်။ဆန္ဒပြကျောင်းသား (၁၂၅) ယောက်ကျော် သေဆုံးခဲ့ပေမဲ့ ကျောင်းသားတွေက သေနတ်ပစ်နေတဲ့ နေရာဆီကို ဇွတ်အတင်းတိုး ချီတက်သွားခဲ့ကြတယ်။
ပစ်ခပ်ဖြိုခွဲမှုတွေကြားကရှေ့ကိုချီတက်လာတဲ့ကျောင်းသားအုပ်ကိုစစ်သားတွေဆက်မပစ်ရဲတော့ဘူး။လူထုနဲ့ပူးပေါင်းလိုက်တယ်။ Syngman Rhee ရဲ့ ပထမပြည်သူ့သမ္မတနိုင်ငံတော် ပြီးဆုံးခဲ့တယ်။

( နောက်ဆုံးစာမျက်နှာမှာ Syngman Rhee ကို ပြုတ်ကျစေတဲ့ ကျောင်းသားလှုပ်ရှားမှုအကြောင်း တင်ပြထားပါတယ်)

ပတ်ချုံဟီး ( ၁၉၆၁-၁၉၇၉)
တတိယ နဲ့ စတုတ္တ ကိုရီးယားပြည်သူ့သမ္မနိုင်ငံတော် ကာလကို ပတ်ချုံဟီးရဲ့ကာလ လို့ ဆိုရမယ်။
ပထမဦးဆုံးသမ္မတကိုဖြုတ်ချနိုင်ခဲ့ပေမဲ့၊ကိုရီးယားနိုင်ငံရဲ့ဒုတိယပြည်သူ့သမ္မတနိုင်ငံကိုတည်ဆောက်ဖို့ကြိုးစားတဲ့ အစိုးရသစ်ဟာ စီးပွားရေး၊
နိုင်ငံရေးတည်ငြိမ်မှုတွေကိုမဖေါ်ဆောင်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ဖိလစ်ပိုင် က ဖာဒီနန်မားကို့စ်ကိုအားကျတဲ့၊ ဗိုလ်ချုပ် ပတ်ချုံဟီး ဟာ ၁၉၆၁ မှာအာဏာသိမ်းတယ်။ သူ့လက်ထက်မှာ စီးပွားရေးဦးမော့လာခဲ့ပေမဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကလည်း ပြင်းထန်လာခဲ့တယ်။ ဒီမိုကရက်တစ်ပါတီလို့ဆိုပေမဲ့သူ့လက်အောက်မှာ ကိုရီးယား ဗဟိုထောက်လှမ်းရေးအေဂျင်စီ ကိုဖွဲ့စည်းလိုက်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အရာအားလုံးကိုချုပ်ကိုင်လိုက်တယ်။အတိုက်အခံတွေကို မျက်စိဒေါက်ထောက် စောင့်ကြည့် ပြီး ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ နှောက်ရှက် လုပ်ကြံသတ်ဖြတ်တယ်။ဒါ့ကြောင့်လည်း ဒုတိယအကြိမ်ရွေးကောက်ပွဲမှာ သူပဲအနိုင်ရခဲ့တယ်။

အမေရိကန်ပြည်ထောင်စု ကို မဟာမိတ်လုပ်ထားပြီး ဗီယက်နမ်စစ်ပွဲဆီကို တောင်ကိုရီးယားစစ်သား (၃) သိန်းကျော်အကူအညီပေးခဲ့တယ်။
“ယူဆင်” ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၁၉၇၁ မှာ ရာထူးကထွက်ခွာပေးရမယ်ဆိုတာ သိနေပေမဲ့၊ ကိုရီးယား ဗဟိုထောက်လှမ်းရေး ကို ကျောထောက်နောက်ခံဖွဲ့စည်းထားတဲ့ ပတ်ချုံဟီးဟာသမ္မတသက်တမ်း (၂) နှစ်သာ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အခြေခံဥပဒေကို ဖျက်ဆီးဖို့ ကြိုးစားလိုက်တယ်။သမ္မတ ရာထူး ကို တတိယအကြိမ်အဖြစ် ရယူလိုက်ပြန်တယ်။ တတိယအကြိမ် သမ္မတသက်တမ်း စပြီး မကြာခင်မှာ၊ နိုင်ငံတကာရဲ့အန္တရာယ်များလှတဲ့ အနေအထားတွေကြောင့်ဆိုပြီး အရေးပေါ်စစ်အုပ်ချုပ်ရေးကိုကြေငြာခဲ့တယ်။ ပါလီမန်ကိုဖျက်သိမ်းပစ်လိုက်တယ်။
အခြေခံဥပဒေ ကို ရပ်ဆိုင်းပစ်လိုက်တယ်။ ၁၉၇၂ မှာ ယူဆင် ( Yusin Constitution) အခြေခံဥပဒေ ကို ပြင်ဆင်ရေးဆွဲလိုက်တယ်။
“ယူဆင်” ဆိုတာ ပြန်လည်ထိန်းသိမ်းခြင်းလို့ အမည်ရတယ်။ အဲ့ဒီ ဥပဒေအရ၊ သမ္မတရာထူးအတွက် သက်တမ်းအကန့်အသတ်မထားတော့ဘူး လို့ ဆိုတယ်။ အာဏာရှင်စံနစ် ကို အသက်သွင်းဖို့ ကြိုးစားခဲ့တာကြောင့် ကျောင်းသားဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့တယ်။

“ပူးမ” လူထုအုံကြွမှုပတ်ချုံဟီး ရဲ့ အာဏာကိုဆွဲကိုင်လှုပ်ရမ်းပစ်လိုက်တဲ့ ကျောင်းသားလှုပ်ရှားမှုဖြစ်တယ်။ ၁၉၇၉ အောက်တိုဘာလမှာ ဘူဆန် အမျိုးသားတက္ကသိုလ်ကကျောင်းသားတွေ ဦးဆောင်ပြီး ပတ်ချုံဟီး ရဲ့ အာဏာရှင်ဆန်မှုကို ဆန့်ကျင်ကြဖို့ ပြည်သူတွေကို လှုံ့ဆော်လိုက်ကြပြီး၊ လမ်းမတွေဆီကို ထွက်လာခဲ့ကြတယ်။
ပြည်သူ (၅) သောင်းကျော်ဟာ မြို့တော်ခမ်းမရှေ့မှာစုစည်းကြတယ်။ အစိုးရအဆောက်အဦတွေကို တိုက်ခိုက်မီးရှို့ကြတယ်။
ဆန္ဒပြခေါင်းဆောင် (၄၀၀) ကျော်အဖမ်းခံခဲ့ရပေမဲ့၊ ပတ်ချုံဟီး ကို အန်တုတဲ့ လှုပ်ရှားမှုတွေဟာ မြို့ပေါင်းများစွာဆီပြန့်နှံ့သွားတယ်။
အလုပ်သမားတွေ ပူးပေါင်းပါဝင်လာခဲ့ကြတယ်။ ပတ်ချုံဟီး အစိုးရက အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေကို ကြေငြာလိုက်တယ်။
အောက်တိုဘာလမှာ ကိုရီးယား ဗဟိုထောက်လှမ်းရေး ( KCIA) ဒါရိုက်တာ ကင်ဂျေကြူ ( Kim Jae Kyu) က စစ်ထောက်လှမ်းရေးအဆောက်အဦး တခုဆီမှာ သမ္မတ ပတ်ချုံဟီး ကို ညနေစာထမင်းစားဖိတ်တယ်။ ထမင်းဝိုင်းမှာ “ကင်ဂျေကြူ” ကိုယ်တိုင် ပတ်ချုံဟီး ကိုပစ်သတ်ပစ်လိုက်တယ်။ ပတ်ချုံဟီးရဲ့ သမ္မတနိုင်ငံတော် သက်တမ်းပြီးဆုံးသွားခဲ့တယ်။
( တကယ်တော့ ပတ်ချုံဟီးကို ၁၉၆၈ မှာ တကြိမ်၊ ၁၉၇၄ မှာ တကြိမ် လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်။
ဒါပေမဲ့ အဲ့ဒီတုန်းက လုပ်ကြံဖို့ကြိုးစားသူတွေက ကင်အီဆွန်းရဲ့မြောက်ကိုရီးယားကွန်မန်ဒိုတွေဖြစ်တယ်။ ပတ်ချုံးဟီး ကလည်း ကင်အီဆွန်း ကိုပြန်လည်လုပ်ကြံတဲ့ စစ်ဆင်ရေးတွေလုပ်ခဲ့တယ်။ ယူနစ် ၆၈၄ ဆိုတာ ကင်အီဆွန်း ကို လုပ်ကြံသတ်ဖြတ်မဲ့ စစ်ဆင်ရေးတခုဖြစ်တယ်။
Unit- 684 ဆိုတဲ့ စာအုပ်လေးကို အချိန်ရရင် ဖတ်ကြည့်ပါ။ ဆွေးနွေးပွဲမှာ ပြောတဲ့စကားတွေက စိတ်ဝင်စားစရာအပြည့်ပါပဲ)

ချန်ဒူးဝမ် ( သို့မဟုတ်) ပဉ္စမမြောက် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံတော် ကို အသက်သွင်းသူ
ပတ်ချုံဟီး လုပ်ကြံခံရပြီးတဲ့နောက် တောင်ကိုရီးယားနိုင်ငံရဲ့အစိုးရသစ်ဟာ နိုင်ငံရေးတည်ငြိမ်မှုကို မဖန်တီးနိုင်ခဲ့ဘူး။
၁၉၇၉ ဒီဇင်ဘာ (၁၂) ရက်နေ့မှာ ဗိုလ်ချုပ် ချန်ဒူးဝမ် ရဲ့ စစ်အုပ်စု က အာဏာတက်သိမ်းတယ်။ ပတ်ချုံဟီး လက်ထက်တုန်းမှာ ကျောင်းထုတ်ခံခဲ့ရတဲ့တက္ကသိုလ်ပါမောက္ခတွေ၊ ပညာတတ်တွေ၊ ကျောင်းသားတွေဟာ သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအသီးသီးဆီကို ပြန်လာခဲ့ကြတယ်။ ကျောင်းသားသမဂ္ဂတွေဖွဲ့စည်းတည်ထောင်ကြတယ်။ နိုင်ငံရေးနိုးကြားမှု မြင့်မားလာခဲ့တယ်။ ပညာတတ်တွေက ဦးဆောင်ပြီး စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးရမယ်။စာပေလွတ်လပ်ခွင့်ပေးရမယ်။ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလစာသတ်မှတ်ပေးရမယ်။ဒီမိုကရေစီစံနစ်ကိုသွားရမဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုကြတယ်။

ဆိုလ်းဘူတာရုံမှာ အင်အား တစ်သိန်းကျော် တဲ့ ဒီမိုကရေစီလိုလားသူတွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့ကြတယ်။
ချန်ဒူးဝမ် အစိုးရ က တောင်ကိုရီးယားနိုင်ငံတခုလုံးအပေါ် အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ သက်တမ်းတိုးမြှင့်ဖို့ အမိန့်ပေးလိုက်ပြီးအဖြေပေးတုန့်ပြန်လိုက်တယ်။ စစ်တပ်တွေကို နိုင်ငံအနှံ့ဖြန့်ကျက်စေလွှတ်ခဲ့တယ်။ တချိန်တည်းမှာပဲ၊ တက္ကသိုလ်ကျောင်း (၅၅) ကျောင်းကကျောင်းသားခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ကျောင်းသားညီလာခံကို ဝင်ရောက်စီးနင်းလိုက်တယ်။
ကင်ဒေကျုံး အပါအဝင် နိုင်ငံရေးသမား (၂၆) ယောက်ကို ဆန္ဒပြဆူပူလှုံ့ဆော်မှုကို ဦးဆောင်ခဲ့သူတွေ ဖြစ်တယ်လို့ စွပ်စွဲ ဖမ်းဆီးလိုက်တယ်။
ဂွမ်ဂျူး ဒီမိုကရေစီလှုပ်ရှားမှု (သို့မဟုတ်) ၅၁၈ လှုပ်ရှားမှုမေလ (၁၈) ရက်နေ့မှာ စတင်ခဲ့တဲ့အတွက် ဂွမ်ဂျူးလူထုအုံကြွမှု ကို ၅၁၈ လှုပ်ရှားမှု လို့လည်းခေါ်တယ်။

ချန်ဒူးဝမ် ရဲ့ စစ်တပ်တွေက တိုင်းပြည်အနှံ့မှာ ဖြန့်ကျက်နေရာယူတပ်စွဲမှုကို ဒေသအသီးသီးက အာခံငြင်းဆန်ခဲ့ကြတယ်။
တက္ကသိုလ်ကျောင်းတွေကိုပိတ်လိုက်တဲ့အတွက် ချွန်နန်အမျိုးသားတက္ကသိုလ်ကျောင်းသား (၂၀၀) ကျော်ဟာ သူတို့ကျောင်းရှေ့မှာ စုဝေးကြပြီးလုံခြုံရေးရဲအရာရှိတွေကို ထိပ်တိုက်ရင်ဆိုင်၊ ဆန္ဒပြပွဲကျင်းပခဲ့ကြတယ်။ ဖမ်းဆီးခံရတဲ့ ကျောင်းသားတယောက်ကို သေသည်အထိ နှိပ်စက်ညှင်းပမ်းလိုက်တဲ့ သတင်းကိုကြားတဲ့အခါမှာတော့၊ ပြည်သူအင်အား တစ်သိန်းကျော် ဆန္ဒပြပွဲကို ပူးပေါင်းဆင်နွဲကြတော့တယ်။ တက္ကစီ၊ ဘတ်စ်ကားမောင်နှင်သူတွေရဲ့ ရာချီနေတဲ့ကားတန်းကြီးကလည်း ဆန္ဒပြပွဲဆီကို မောင်းနင်လာခဲ့ကြတယ်။ ချန်ဒူဝမ် ကလည်း ဆန္ဒပြတောင်းဆိုသူတွေကို ညှိနှိုင်းခြင်းမရှိပါဘူး။ ပစ်ခပ်နှိမ်နှင်းဖို့ အမိန့်ပေးလိုက်တယ်။ မြို့ကို ပိတ်ဆို့ပြီး ဆန္ဒပြသူတွေကို ရက်ရက်စက်စက်ချေမှုန်းခဲ့တယ်။

နိုင်ငံခြားသတင်းထောက်တွေရဲ့အဆိုအရ၊ လူပေါင်း တစ်ထောင်နဲ့ နှစ်ထောင်ကြားမှာ သေဆုံးခဲ့တယ် လို့ဆိုတယ်။ ဂွမ်ဂျူး လူသတ်ပွဲအဖြစ်နာမည်ဆိုးနဲ့ကျော်ဇောခဲ့တယ်။ ဆန္ဒပြသူ ထောင်ချီပြီးအဖမ်းခံခဲ့ရတယ်။ ဆန္ဒပြပွဲ ကို ဦးဆောင်ခဲ့သူ (၇) ယောက်သေဒဏ်အပြစ်ပေးခံရပြီး
(၁၂) ယောက် တသက်တကျွန်းကျခဲ့တယ်။ ( ဂွမ်ဂျူးလူသတ်ပွဲကို ကျူးလွန်ခဲ့တဲ့ ချန်ဒူးဝမ် နဲ့ နိုတေဝူး ဟာ သူတို့ရဲ့အနာဂတ်လမ်းကြောင်းမှာဆိုးဆိုးဝါးဝါးကြုံတွေ့ရနိုင်တယ် ဆိုတဲ့အချက်ကို အဲ့ဒီတုန်းက မတွေးဆခဲ့ကြဘူး)
အမေရိကန်ဆန့်ကျင်ရေး စိတ်ဓါတ်များ
၁၉၈၀ ဂွမ်ဂျူးလူသတ်ပွဲကြောင့် ကိုရီးယားပြည်သူတွေဆီမှာ အမေရိကန်ဆန့်ကျင်ရေးစိတ်ဓါတ်တွေအမြစ်တွယ်လာခဲ့တယ်။
အမေရိကန်ပြည်ထောင်စု ရဲ့ထောက်ပံ့အားပေးမှုကြောင့် ကိုရီးယားစစ်အာဏာရှင်တွေ အာဏာတည်မြဲခဲ့တယ် လို့ ယုံကြည်ခဲ့ကြတယ်။
ဂွမ်ဂျူးပြည်နယ်မှာ ရှိတဲ့ “အမေရိကန်ယဉ်ကျေးမှုဗဟို” ဟာ ကြိမ်ဖန်များစွာမီးတင်ရှို့ခံရတယ်။ တောင်ကိုရီးယားကျောင်းသားတွေဟာအမေရိကန်သမ္မတ ရော်နယ်ရေဂင် ကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေ ဆန္ဒပြခဲ့ကြတယ်။

ဂျွန်(၁၀) ရက် လူထုလှုပ်ရှားမှု
တရားမျှတရေးအတွက် ခရစ်ယာန်တရားဟောဆရာများအဖွဲ့ ကလည်း ချန်ဒူးဝမ်ရဲ့ဖိနှိပ်မှုတွေကို ထုတ်ဖေါ်ပြောဆိုလာကြတယ်။
ချန်ဒူးဝမ် ဟာ ၁၉၈၇ မှာ ရွေးကောက်ပွဲပွဲ ကျင်းပမယ် လို့ ကြေငြာလိုက်ပြီး သူ့ရဲ့ သြဇာခံ “နိုတေဝူး” ကို “ဒီမိုကရက်တစ်တရားမျှတရေးပါတီ”( Democratic Justice Party) ရဲ့ ကိုယ်စားလှယ်အဖြစ်ကြေငြာခဲ့တယ်။ ပတ်ချုံဟီး လက်ထက် ကတည်းက ကျင့်သုံးလာတဲ့“သမ္မတ ကို သွယ်ဝိုက်ရွေးချယ်မှု” စံနစ်ကို ကိုင်စွဲထားဆဲဖြစ်တယ်။ ဆိုးလ်အမျိုးသားတက္ကသိုလ် က ကျောင်းသားတယောက်၊ စစ်ကြောရေးစခန်းမှာ
နှိပ်စက်ညှင်းပမ်းခံရမှုကြောင့်သေဆုံးခဲ့ရတယ် ဆိုတဲ့သတင်းတွေက လူထုကိုဒေါသထွက်စေခဲ့တယ်။

ငြိမ်းချမ်းရေးအတွက် ချီတက်ပွဲ လူထုဆန္ဒပြပွဲတွေ ဆိုးလ်မြို့ရဲ့မြို့လည်ခေါင်ဆီမှာ ပြည့်လျှံနေခဲ့တယ်။
လူ တသန်းခွဲကျော် တက်ရောက်ပြီး၊ အစိုးရရဲ့ဖိနှိပ်မှု ကို ဆန့်ကျင်ဝေဖန်ခဲ့ကြတယ်။
ချန်ဒူးဝမ် နဲ့ နိုတေးဝူး ဟာ ဂျွန် (၂၉) ကြေငြာချက် ကို ထုတ်ပြန်ကြေငြာလိုက်ပြီး သမ္မတ ကို တိုက်ရိုက်ရွေးချယ်တဲ့စံနစ် နဲ့သွားမယ်လို့ဆိုတယ်။
လူထုအုံကြွမှုတွေရဲ့နောက်ဆက်တွဲ အဖြစ်၊ ချန်ဒူးဝမ် နဲ့ နိုတေဝူး တို့ဟာ အတိုက်အခံခေါင်းဆောင် ကင်မ်ဒေးဂျုံ ကို ဖမ်းဆီးထားရာမှလွှတ်ပေးခဲ့ရတော့တယ်။

ဒီမိုကရေစီ စံနစ် ဆီ သို့
၁၉၈၇ ရွေးကောက်ပွဲမှာ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ “ကင်မ်ဒေးဂျုံ” နဲ့ “ကင်ယွန်ဆန်”တို့နှစ်ဦးကြားမှာ မဲတွေပြန့်ကွဲထွက်သွားတာကြောင့် “နိုတေဝူး” တယောက် အချောင်အနိုင်ရသွားခဲ့တယ်။ ဒါပေမဲ့လူထုရဲ့နိုင်ငံရေးနိုးကြားမှု၊ ဖိနှိပ်မှုတွေကို ညီညီညွတ်ညွတ်တွန်းလှန်
အာခံရဲတဲ့ စိတ်ဓါတ်တွေကြောင့်၊ စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီရေးလမ်းကြောင်းဆီကို တဖြည်းဖြည်းဖွင့်ပေးလာရတော့တယ်။
၁၉၉၆ မှာတော့ ဂွမ်ဂျူးလူသတ်ပွဲ ကို ကျူးလွန်ခဲ့သူ စစ်အာဏာရှင်ဟောင်း၊ “ချန်ဒူးဝမ်” ကို ဖမ်းဆီးသေဒဏ်ပေးခံခဲ့ရတယ်။ နိုတေဝူး ကို တော့
ထောင်ဒဏ် (၂၂) နှစ်ခွဲ ချမှတ်ခဲ့တယ်။ ( သမ္မတ ကင်ယွန်ဆမ် လက်ထက်မှာ သူတို့နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်)
နိဂုံး
ပါလီမန်ထဲမှာ အခန့်သားနေရာယူမဲ့ အာဏာရှင်တွေ၊ သူတို့ရဲ့လက်ဝေခံတွေက တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကို လွယ်လွယ်ကူကူလုပ်ခဲ့ပါသလား။ ဖဲလိမ်ရိုက်နေတာကို သိမြင်နေပေမဲ့ ငွေမျှော၊ ငွေလိုက် ဆိုတဲ့စိတ်ကူးတွေ နဲ့ လောင်းကစားဝိုင်းကို ဆက်ကစားနေတဲ့
သူတွေလောက် မိုက်မဲသူမရှိ တဲ့။ အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲ ကစားဝိုင်း ကို ကျောခိုင်းပစ်လိုက်ပြီး၊ ဂုဏ်သိက္ခာရှိမဲ့နောက်ထပ်ကစားပွဲအသစ်တွေအကြောင်း ညှိနှိုင်းကြည့်ကြရအောင်ပါ။


လွတ်လပ်တဲ့ အာရှအသံမှာ လွှင့်ခဲ့ဘူးတဲ့ ၁၉၆၀ ဧပြီ (၁၉) ရက်နေ့ “ကိုရီးယားကျောင်းသားလှုပ်ရှားမှု” အကြောင်း ဖေါ်ပြပေးလိုက်ပါတယ်။

သေနတ်သံတွေကြားမှာ ဆက်လက်ချီတက်သွားကြတဲ့ ကိုရီးယားကျောင်းသားတွေရဲ့သတ္တိ ကို ဖတ်ကြည့်စေချင်ပါတယ်။
သောတရှင်များခင်ဗျား
၁၉၅၀-၅၃ မှာဖြစ်ပွားခဲ့တဲ့ ခုနှစ်ကိုရီးယားစစ်ပွဲဟာ စုစုပေါင်း လူနှစ်သန်းခွဲကျော်သေဆုံးခဲ့ပြီး သေကြေပျက်စီးမှုများလွန်းခဲ့တာကြောင့် အင်အားကြီးနိုင်ငံတွေဟာ စစ်ပြေငြိမ်းဖို့အတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတဖြစ်သူ “Syngman Rhee” က
လက်မှတ်မထိုးခဲ့ပါဘူး။ ကိုရီးယားစစ်ပွဲအတွင်း၊ မြောက်ကိုရီးယား ကွန်မြူနစ်တွေနဲ့ တရုတ်တပ်နီတော်ကို အနုမြူကြဲချမှုကိုလိုချင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကဗုံးမကြဲခဲ့တဲ့အတွက်ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုရီးယားစစ်ပွဲပြီးကာလမှာSyngman Rhee ဟာ အမေရိကန်ပြည်ထောင်စုအပါအဝင်အနောက်အုပ်စုနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်နေခဲ့ရပါတယ်။
တကယ်တော့ Syngman Rhee ရဲ့ ဂုဏ်သိက္ခာဟာ ကိုရီးယားစစ်ပွဲမတိုင်ခင်ကတည်းကအမဲစက်တွေ ထင်စွန်းခဲ့ပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကြိမ်ဖန်များစွာကျူးလွန်ခဲ့ပါတယ်။
လူသုံးသောင်းကျော်သေဆုံးခဲ့တဲ့ ဂျီဂျူးကျွန်းကလူသတ်ပွဲအပါအဝင်၊ Syngman Rhee သတ်ဖြတ်ခဲ့တဲ့ တောင်ကိုရီးယားပြည်သူပေါင်းနှစ်သိန်းကျော် တယ် လို့ ယုံကြည်ခဲ့ကြပါတယ်။ ကိုရီးယားစစ်ပွဲကာလမှာတော့ တောင်ကိုရီးယားသမ္မတ Syngman Rhee ရဲ့ လူထုအပေါ်ထားတဲ့ရက်စက်မှုကိုမြင်လိုက်ရပါတော့တယ်။

မြောက်ကိုရီးယားကွန်မြူနစ်တွေ၊ဆိုးလ်မြို့ကို ဝင်ရောက်တိုက်ခိုက်တဲ့အခါ၊ ပြည်သူတွေကို ထွက်မပြေးနဲ့
ပြန်လည်ခုခံကြဖို့ဆော်သြခဲ့ပေမဲ့၊ သူကိုယ်တိုင်ကတော့ တောင်ပိုင်းကိုထွက်ပြေးသွားခဲ့တာတွေ၊ ဒုက္ခသည်တွေဆုတ်ခွာထွက်ပြေးမလာအောင်တံတားတွေကိုဖျက်ဆီးမီးရှို့ ပစ်ခဲ့တာတွေကြောင့် တောင်ကိုရီးယားပြည်သူတွေဟာ Syngman Rhee ကို မုန်းတီးခဲ့ကြပါတယ်။
သူ့ရဲ့ဒုတိယသက်တမ်းမှာအတိုက်အခံပါတီကိုယ်စားလှယ်အများအပြားကိုပြည်သူလူထုကရွေးချယ်တင်မြှောက်ခံခဲ့ရပြီး ပါလီမန်စံနစ်ကိုအသက်သွင်းဖို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ Syngman Rhee က လွှတ်တော်ကိုယ်စားလှယ်အများစုကိုဖမ်းဆီးထောင်ချခဲ့ပြီး၊ သမ္မရာထူးကို သက်တမ်းနှစ်ခုသာ တာဝန်ယူရမယ်ဆိုတဲ့ အခြေံဥပဒေကို ပြုပြင်ရေးဆွဲခဲ့ပါတယ်။

သူ့ရဲ့အာဏာသက်တမ်းကိုဆွဲဆန့်လိုက်ပါတယ်။
“ Syngman Rhee အုပ်ချုပ်ခဲ့တာ (၁၂)နှစ်ရှိသွားပြီဗျ။ ၁၉၆၀ ခုနှစ်မှာရွေးကောက်ပွဲကျင်းပမယ်လို့ဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းကတိုးတက်ရေးပါတီရဲ့ခေါင်းဆောင် ချိုပွန်အန်း ကို ကိုဖမ်းဆီးထောင်ချပြီး သတ်ဖြတ်ပစ်ခဲ့သလို၊ ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင် ချိုပွန်အော့က် ကလည်းအမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားရပြီး နှလုံးရောဂါနဲ့သေဆုံးသွားခဲ့တယ်။ ဂွမ်ဂျူးပြည်နယ်က အတိုက်အခံခေါင်းဆောင်ဟာ
ဓါးနဲ့ထိုးအသတ်ခံရသလို၊ ယိုဆူမြို့မှာဆိုရင်လည်း Syngman Rhee ရဲ့ လက်ကိုင်ဒုတ်တွေက ဒီမိုကရက်တစ်ပါတီရဲ့ဘဏ္ဍာရေးမှူးကိုသေမတတ်ရိုက်နှက်ခဲ့ကြတယ်။ အတိုက်အခံတွေဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ကြိုးစားတဲ့အခါတိုင်းဘတ်စ်ကား၊ အားကစားရုံ၊ အဆောက်အဦ ခမ်းမတွေဟာ ငှားရမ်းလို့မရနိုင်အောင် အစိုးရက ကြံစည်ခဲ့တယ်လေ။
အတိုက်အခံတွေကို မဲပေးမယ်လို့ ယုံကြည်တဲ့သူတွေကို ရဲတွေက ခြိမ်းခြောက်ရိုက်နှက်ကြတယ်။”

၁၉၆၀ ရွေးကောက်ပွဲကို ဆန်မင်ယွီး က အပြတ်အသတ်အနိုင်ရကြောင်းကြေငြာလိုက်တဲ့အခါမှာတော့ ထောင်ချီနေတဲ့လူထုဟာမဆန်မြို့က ဒီမိုကရက်တစ်ပါတီရဲ့ဋ္ဌာနချုပ်ရှေ့မှာစုဝေးရောက်ရှိလာကြတယ်။ ရာချီနေတဲ့လူအုပ်တချို့ကတော့ ရဲစခန်းကိုဝိုင်းရံလိုက်ကြပြီးမီးရှို့ဖို့ကြိုးစားကြပါတယ်။ တချို့ကတော့ မြို့တော်ခမ်းမအဆောက်အဦဆီကိုဦးတည်တိုက်ခိုက်လိုက်ကြတော့တယ်။
လုံခြုံရေးတပ်ဖွဲ့တွေကလည်း ပစ်ခပ်ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူရာပေါင်းများစွာကိုဖမ်းဆီးလိုက်ပါတယ်။
အထက်တန်းကျောင်းသားအများအပြားဒဏ်ရာရခဲ့ကြပါတယ်။ ဆယ်ယောက်ကျော်သေဆုံးခဲ့ပါတယ်။
“ မတ်လရွေးကောက်ပွဲလိမ်လည်မှုကိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတချို့ဟာပျောက်ဆုံးသွားခဲ့တယ်ဗျ။
အစိုးရကိုမကျေနပ်စိတ်နဲ့နေထိုင်နေတုန်း ပျောက်ဆုံးသွားတဲ့ အထက်တန်းကျောင်းသားလေး ကင်မ်ဂျူယူရ် ရဲ့အလောင်းကို ပင်လယ်ကမ်းခြေမှာမျောနေတာကိုတွေ့လိုက်ကြရတယ်။သူ့ခေါင်းက ဒဏ်ရာကိုကြည့်လိုက်မယ်ဆိုရင် မျက်ရည်ယိုဗုံးကျည်ဆံထိမှန်ထားတာဆိုတာ ထင်ရှားတယ်။
ရေနစ်သေဆုံးသလိုလိုနဲ့ အစိုးရဟာလိမ်လည်ခဲ့တယ်။ တကယ်တော့ အလောင်းဖျောက်ဖို့ကြိုးစားခဲ့တာဗျ။”
အထက်တန်းကျောင်းသားလေးရဲ့အလောင်းကိုတွေ့မြင်လိုက်ရတဲ့ ကျောင်းသားတွေဟာကင်မ်ဂျူယူရ် အလောင်း ထားရှိရာအဆောက်အဦဆီကိုသွားရောက်ကြပါတယ်။ သူ့ရဲ့အလောင်းကိုဆိုးလ်မြို့ကပြည်သူ့လွှတ်တော်အဆောက်အဦဆီကို သယ်ဆောင်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့ အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့်လည်း အလောင်းလုမဲ့လူအုပ်ဟာ အဆောက်အဦ ကို ရိုက်ချိုးဝင်ရောက်လိုက်ကြပါတယ်။

“ ဆိုးလ်မြို့ကပြည်သူ့လွှတ်တော်ထဲမှာတော့ အိုးအိမ်ဝန်ကြီးက ရဲတွေအနေနဲ့သေဆုံးသွားသူတွေရဲ့ အလောင်းတွေကိုဖျောက်မပစ်ဖို့ဂတိပေးပါတယ်လို့ဆိုတယ်။

ဒါပေမဲ့သမ္မတSyngmanRheeကမဆန်မြို့ကဆန္ဒပြသူတွေဟာကွန်မြူနစ်ထောက်လှမ်းရေးတွေရဲ့ပယောဂပူးကပ်နေသူတွေ
ဆိုပြီး ရက်ရက်စက်စက်ဖမ်းဆီးခဲ့တယ်ဗျာ။ အကျဉ်းထောင်တွေမှာ ထားစရာနေရာမရှိတော့ဘူး။
လမ်းပေါ်ကအချုပ်ကားတွေပေါ်မှာလည်းအများကြီးလေ”
ဆိုးလ်မြို့မှာတော့ ဆိုလ်းတက္ကသိုလ်ကျောင်းသားတွေဟာ သမ္မတနေထိုင်ရာ အပြာရောင်အိမ်တော်ကြီးဆီကို ချီတက်လိုက်ကြပါတယ်။
သမ္မတနုတ်ထွက်ပေးဖို့တောင်းဆိုကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာဆန္ဒပြ ခဲ့တဲ့ကျောင်းသားအုပ်စုကို Syngman Rheeရဲ့လူငယ်အဖွဲ့ချုပ်ကသံမဏိချောင်းတွေ၊ချွန်မြတဲ့စူးတံတွေနဲ့ဝင်ရောက်တိုက်ခိုက်ရိုက်နှက်ကြပြန်ပါတယ်။ကျောင်းသားတွေသွေးမြေကျနေမှုတွေကို မြင်တွေ့လိုက်ရတဲ့ပြည်သူတွေ၊ ပါမောက္ခတွေ ဟာ ဒဏ်ရာရတဲ့ကျောင်းသားတွေကိုဆေးရုံပို့ကူညီပေးခဲ့ပါတယ်။ ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်လိုက်ပါတယ်။
လူထုဆန္ဒပြပွဲတွေကိုကြောက်ရွံ့လာတဲ့ ဆန်မင်ယွီးဟာ နေ့ခင်းတနာရီကျော်ရင် အပြင်မထွက်ရ အပါအဝင်အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေကိုပြဋ္ဌာန်း လိုက်ပါတယ်။

“အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေကို ကြေငြာခဲ့ပေမဲ့ အလုပ်မဖြစ်ပါဘူး။ကျောင်းသူကျောင်းသားတွေက တပ်မတခုလိုလမ်းမတွေမှာချီတက်လာတဲ့အခါလူထုကဘေးကနေသီချင်းတွေသီဆိုအားပေးကြတယ်။စစ်အုပ်ချုပ်ရေးကိုအန်တုခဲ့တာကြောင့် အစိုးရကလည်းပစ်ခပ် ခြေမှုန်းခဲ့တယ်လေ။

ဒါပေမဲ့ ပစ်ခပ်နေတဲ့သေနတ်ကျည်ဆံတွေကြားမှာ ကျောင်းသားတွေက တဟုန်ထိုးချီတက်သွားကြတယ်။ ကျောင်းသား (၁၂၅) ယောက်သေဆုံးခဲ့ရတယ်”ကျည်ဆံကိုမကြောက်တဲ့ ကျောင်းသားတွေရဲ့နှလုံးသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေအံ့အားသင့်ခဲ့ရပါတယ်။
နောက်ပြန်ဆုတ်သွားကြပါတော့တယ်။ ဆိုးလ်မြို့ရဲ့ရဲစခန်းတွေ၊ အစိုးရအဆောက်အဦတွေ ကို ပြည်သူတွေက မီးတင်ရှို့လိုက်ကြပါတယ်။

သောတရှင်များခင်ဗျား
ပြည်သူတွေရဲ့ဆန္ဒပြတောင်းဆိုမှုကို သမ္မတ Syngman Rhee က ပစ်ခပ်ဖြိုခွဲဖို့ထပ်မံအမိန့်ပေးခဲ့ပေမဲ့ တပ်မတော်က အမိန့်ကိုမနာခံတော့ပါဘူး။ဆန္ဒပြသူတွေဘက်ကရပ်တည်လိုက်ပါတယ်။ သန်းချီနေတဲ့ပြည်သူလူထုဟာအစိုးရအဆောက်အဦတွေကိုဝိုင်းရံလိုက်ကြတဲ့အတွက်
Syngman Rhee နှုတ်ထွက်လိုက်ရပါတော့တယ်။

အောင်မိုးဝင်း

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.