Thursday, October 14, 2010

0 တပ်မတော် နှင့် ပြည်သူလူထု

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို လူတိုင်းချစ်ခင် လေးစားကြသည် ။ ထိုသို့ဆိုလိုက်၍ ကျွန်တော်ကို
အတွေးအခေါ်ဖောက်ပြန်သွားပြီ လို့လည်း မထင်ကြပါနဲ့အုံး ။ ကျွန်တော် တကယ်တမ်း ဆိုလိုတာက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာပါ ။ စစ်အာဏာရှင် စနစ်ဆိုး ကြီးကို မွေးမြူပြီး မိုက်လုံးကြီးနေတဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာမဟုတ်ပါဘူး ။ ဘာကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို လူတိုင်း ချစ်ခင် လေးစားကြတယ်လို့ ပြောတာလည်း ။ အဖြေကို သက်သေပြရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကို ပထမဆုံး ဥပမာ ပေးမိတာ အမှန်ပါဘဲ ။
ဒီနေ့ထိတိုင် မြန်မာနိုင်ငံသားတွေ ချစ်ခင် လေးစားကြတာကို တွေ့မြင် ကြားသိနေရတုန်းပါဘဲ ။
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓါတ်ပုံလေးတွေ ၊ သူပြောဆိုဆုံးမခဲ့တဲ့ စာသားလေးတွေကို မြန်မာနိုင်ငံသားတွေ ချစ်ခင်လေးစား နေကြတုန်းဘဲ ဆိုတာကို တော့ နေရာ အနှံ့အပြားမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ် ။

နောက်တစ်ယောက်က မကြာခင်က စကာင်္ပူကို လာပြီး ဆေးကုသမှု ခံယူသွားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်သူရ တင်ဦး ။ ဘဘဦးတင်ဦး စင်္ကာပူ ကို ဆေးလာ ကုမယ်ဆိုတော့ စင်္ကာပူ ကို မရောက်ခင်ကတည်းက ၀ိုင်းပြီး သတင်းမေးကြတဲ့လူတွေ မနည်းပါဘူး ။ ထို့အတူ ခွဲစိတ်ကုသမှု မလုပ်ခင်မှာလည်း ၀ိုင်းဝန်း ဆုတောင်းပေးကြတဲ့ လူတွေ ၊ ဆေးကုသမှု အောင်မြင်ကြောင်း သတင်းကို တင်ပေးလိုက်တဲ့ အခါ ကမ္ဘာတ၀ှမ်းမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေနဲ့ မြန်မာပြည်တွင်းက လူတွေ ၀မ်း သာ ကြောင်း လာပြောကြတာ လည်း မနည်းပါဘူး ။ မြန်မာနိုင်ငံသား တွေတင် မကပါဘူး စင်္ကာပူ လူမျိုး တွေကလည်း လေးစားကြတာပါဘဲ ။ မြန်မာနိုင်ငံသားတွေဟာ သူရဲကောင်းတွေကို ဘယ်လောက် မြတ်နိုးတန်ဖိုးထားလိုက်သလဲ ဆိုတာ ၊ တိုင်းပြည်အကျိုးအတွက် အရင်ကလည်း ဆောင်ရွှက်ခဲ့သလို အခုချိန်မှာလည်း ဆောင်ရွှက်နေဆဲ ဖြစ်တဲ့ ဘဘဦးတင်ဦးကို စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက ဂါဝရ ပြုခဲ့ကြတဲ့ အခမ်းအနားမှာ လည်း အားလုံးတွေ့မြင်တဲ့ အတိုင်းပါဘဲ ။ ဒါတွေဟာ ဘယ်သူမှ ခိုင်းလို့ လုပ်ကြတာ မဟုတ်ပါဘူး ၊ မလာမနေရ စနစ်ကို လည်း မသုံးပါဘူး ၊ လေးစားလွန်းလို့ ၇ိုသေစွာ ရှစ်ခိုးကန်တော့ပြီး ဆုမွန်ကောင်းတွေ ၀ိုင်းတောင်းပေးကြတာ မြင်တဲ့လူတိုင်း မျက်ရည်ဝဲ လောက်အောင် ၀မ်းသာအားရ ဖြစ်မိကြပါတယ် ။

ကျွန်တော် မှတ်မိသလောက် ဆိုရင် ယခု စစ်အာဏာရှင် ခေါင်းဆောင်ပိုင်း တော်တော်များများ စကာင်္ပူ ကို ဆေးလာကု ဘူးပါတယ် ။ သူတို့တွေ လာတုန်းက ဘယ်လို ၀ိုင်းပြီး ဆုတောင်းပေးကြလဲ ။ ခင်ဗျာတို့ အမှတ်ရကြအုံးမှာပါ ။ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ဖို့ ကြံစည်ရာက ဦးသန်းရွှေ သဘောကျလို့ ရာထူးတွေ တဆင့်ပြီးတဆင့် တက်လာတဲ့ ဗိုလ်ချုပ်စိုးဝင်း လည်း စကာင်္ပူမှာ ဆေးလာကုတာ သေပြီလည်း သတင်းကြားရော ပြည်သူတွေမှာ ၀မ်းသာအားရ ဖြစ်လိုက်ကြတာ ကို ပြန်ပြီးတောင် မြင်ယောင်လာမိတယ်ဗျာ ။ ထို့အတူဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ လာတုန်းကလည်း အလားတူပါဘဲ ။ ပြည်သူတွေက ဘယ်အချိန်များ သူ ကွယ်လွန်ပြီ ဆိုတဲ့ သတင်းကို ကြားရမလဲ ဆိုပြီး မျှော်လင့်စွာ စောင့်စားခဲ့ဘူး ကြပါတယ် ။ သူတို့တွေ လာရင်လည်း သံရုံး ၀န်ထမ်း တွေက လွဲရင် ဘယ်ပြည်သူလူထု မှ သွားတွေ့တယ်လို့ မကြားမိပါဘူး ။ မတတ်သာလို့ သွားတွေ့ရတဲ့ လူတွေရဲ့ ရင်ထဲမှာလည်း စေတနာ ဆိုတာ ပါနိုင်ပါ့မလား ။ စိတ်မပါဘဲ လုပ်ခိုင်းတဲ့ အလုပ် ကို ဘယ်သူမှ စေတနာ မပါဘူး ဆိုတာ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေ နဲ့ နှိုင်းယှဉ် ကြည့်စမ်းပါ ။


ဦးတင်ဦး ဆိုတာက ပြည်သူလူထု အားလုံး သိပြီးကြတဲ့ အတိုင်း တိုင်းပြည် နဲ့ လူမျိုးအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ အာဏာရှင် စနစ်ဆိုးကြီးက တိုင်းပြည်ကို အကျိုးယုတ်စေမယ် ၊ ဒီမိုကရေစီ စနစ်က သာ ပြည်သူလူထု တွေ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ အုပ်ချုပ်ရေး စနစ်ဆိုတာကို ကျွန်တော်တို့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တာကို လေးစားစွာ လိုက်နာကျင့်ကြံနေတဲ့ ပုဂ္ဂိုလ် လေ ။

ဒီနေ့ စစ်အာဏာရှင်စနစ်ဆိုး ကို မွေးထုတ်နေတဲ့ ဗိုလ်ချုပ်တွေက သူတို့ကောင်းစားရေးကို ဦးထိပ်ထား သလောက် ပြည်သူတွေ ဒုက္ခရောက် နေတာ သိသိကြီးနဲ့ လှည့်ကြကြတာ မဟုတ်ပါဘူး ။ အာဏာတည်မြဲရေး အတွက် ဆို သံဃာတောင် ချမ်းသာ မပေးဘူးဆိုတဲ့ ၀ါဒကို ကိုင်စွဲထားသူတွေ ၊ဖြစ်ချင်တာ ဖြစ် ပစ်သာပစ်ကွာဆိုတဲ့ အမိန့်စကားကို လက်ကိုင်ထားပြီး သူတို့ကိုယ်ကြိုးရှာဖို့ တပ်မတော်နဲ့ ပြည်သူလူထု ကို ရန်တိုက်ပေးနေတဲ့လူတွေ ၊ ဒို့မြေကို တစ်လက်မ မှ အထိမခံ ရအောင် ကာကွယ်ကြဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်က ၊ အခုတော့ သူတို့အာဏာ တည်မြဲရေး အတွက် ဆို ကျွန်တော်တို့ တိုင်းပြည်ကို တိုင်းတပါးလက် ထိုးအပ်ဖို့တောင် ၀န်မလေးတဲ့သူတွေ ၊
အောက်ခြေပိုင်း ရဲဘော်တွေ ၀မ်းရေး အတွက် မနည်း ရုန်းကန် လုပ်ရှားနေကြရတဲ့ အချိန်မှာ သူတို့တတွေက တိုင်းပြည်ဘဏ္ဍာတွေနဲ့ နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်တွေ အမျိုးမျိုးဝယ်သုံးပြီး အာဏာယစ်မူးနေကြတဲ့ လူတွေ ၊
ပြောလို့တောင် ကုန်စရာ မရှိပါဘူးဗျာ ။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စစ်အာဏာ ရှင်တွေဟာ လူမိုက်တွေထက်လည်း ပိုမိုက်သလို လူယုတ်မာတွေထက်လည်း ယုတ်မာနေကြ တာ အားလုံးအသိပါ ။

တပ်မတော်သား ဗိုလ်ချုပ် ချင်း တူပါလျှက်နဲ့ တိုင်းပြည် အပေါ်ကို ထားရှိတဲ့ စေတနာနဲ့ ခံယူချက်ချင်း မတူကြတော့ ပြည်သူလူထု ကလည်းသူတို့ အပေါ်ကို ထားရှိတဲ့ စေတနာ တွေက ကွဲပြားနေတာ သဘာဝ အမှန်တရား ပါဘဲ ။

ဒီနေ့တပ်မတော်သား အဖြစ်ခံယူထားတဲ့ မိတ်ဆွေ အပေါင်းကို ကျွန်တော် လေးနက်စွာ အသိပေးချင်ပါတယ် ။ တစ်ချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ ကြိုးစားစဉ် ဗိုလ်ချုပ်အောင်ဆန်း လက်အောက်က တပ်မတော်သား တွေကို ပြည်သူလူထု ထားရှိတဲ့ သဘောထား လေးကို ဒီသီချင်းလေးကို လိုက်ရွှတ်ကြည့်စမ်းပါ ။ ပြည်သူတွေဟာ တပ်မတော် သားတွေကို ဘယ်လောက် ကြည်ညိုလိုက်သလဲ ၊ ဘယ်လောက် လေးစားလိုက်သလဲ ။


ချွေးနဲ့သာရယ် သွေးနဲ့သာရယ်
စစ်တိုက်တဲ့ နေရာဝယ် အသက်စွန့်ကြလေတော့တယ်
သနားလောက်စရာ တကယ် စားသောက်ရှာတယ်
အဆင်းရဲလည်း ခံရှာတယ် .......ဇွဲသတ္တိထုံးနဲ့ရယ်
ဗမာ့တပ်မတော်ကြီးကိုသာ ၀င်တယ်
စွန့်စားတဲ့လူတွေရယ်ကျေးဇူးကို မျှော်တွေးလို့
ဗမာ့သွေး ကို
နှမပေးချင်ပါတယ် ။


ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ....
သြော်...ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ...
ပိုပြီးပျော်ဖို့ရယ် ဟေ. ဒို့ကြီးတော်ကြီးကိုပါ ငါ ပေးမယ် ။

ယူမယ် ယူမယ် ဗမာတိုင်း ဗမာတိုင်း မှတ်သားကြကွယ်
ခေတ်ပေါ်တိုင်းပြည်မှာကွယ် စစ်သည် အပေါင်းကို ကောင်းမွန်စွာ ရယ်
ကြိုက်တာလိုရာ ပေးလို့ အင်မတန် အရေးယူတယ်
အဲဒီ လို ဗမာတပ်မတော်ကို မှ တတ်နိုင်သလို ကူပါကြဖို့
နမူနာပြလို့ ကျွန်တော်များ ဆိုပါတယ် ....။

ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ တိုက်ပွဲဝင်ကြမယ့် ရဲဘော်တွေကို ပြည်သူလူထု ကိုယ်စား ဂီတာသိန်းမောင်က ဂျူဗလီဟော မှာ ဖျော်ဖြေခဲ့တဲ့ သီးချင်းလေးပါ ။ အဲဒီ သီချင်းလေးကို နားဆင်ရတဲ့ ရဲဘော်တွေ မျက်ရည်ကျတယ်တဲ့ ။ ဘယ်လောက် လွှမ်းစရာကောင်းလိုက်တဲ့ သီချင်းလေးလဲဗျာ ။

ယခင်က တပ်မတော်သားတွေကို ပြည်သူလူထု က လေးစားချစ်ခင် ခဲ့တာကို အခွင့်ကောင်းယူပြီး
စစ်အာဏာရှင်တွေက သူတို့ ကိုယ်ကျိုး အတွက် တပ်မတော်သားတွေကို အသုံးချခြင်းကို ခံခဲ့ရလို့
အခု ချိန်မှာ တပ်မတော်သား တွေကို ပြည်သူလူထု က နာကြည်းမုန်းတီး နေကြပါပြီ ။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူလူထု ကို အရက်စက်ဆုံး နှိမ်နှင်း ခဲ့ကြတဲ့ တပ်မတော်သား တွေကို နာကြည်းလာတာ မုန်းတီးလာတာ ပြည်သူတွေ ကို အပြစ်ဆိုလို့လည်း မရပါဘူး ။ ဒီနေ့ ပြည်သူလူထု ကိုယ်စား ကျွန်တော် ပြောကြားချင်တာက ကျွန်တော်တို့ တပ်မတော်သား တွေကို မမုန်းပါဘူး ။ စစ်အာဏာရှင်တွေ အလို ကျ ပြည်သူလူထု ကို ဒုက္ခပေးတဲ့ စစ်သားတွေကိုသာ မုန်းတာပါ ။ ကျွန်တော်တို့ တတွေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို မမုန်းပါဘူး ။ စစ်အာဏာရှင် စနစ်ကြီးကို မွေးဖွာပေးတဲ့ ယုတ်မာလွန်းလှတဲ့ ဗိုလ်ချုပ်တွေ ကိုသာ မုန်းတာပါ ။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေး အတွက် တပ်မတော်သားတွေကို မြှောက်ပေးပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ရန်သူသဖွယ် သတ်ဖြတ်ခိုင်းခဲ့သလို ၊ ပြည်သူလူထုကို လည်း အကြမ်းဖက် နှိမ်နှင်းခဲ့တာ တွေဟာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ခိုင်းသလိုပါဘဲ ။ အဲဒီလို မှားယွင်းတဲ့ လုပ်ရပ်တွေကို သာ ရပ်ပြီး ပြည်သူလူထု နဲက လက်တွဲကြမယ် ဆိုရင် မကြာခင် အချိန်အတွင်းမှာ ပြည်သူလူထု ကလည်း တပ်မတော်သား တွေ အပေါ်ကို သဘောထား ပြောင်းလာကြမှာ သေချာပါတယ် ။
တချိန်က တပ်မတော်နဲ့ ပြည်သူလူထု ချစ်ခင်စည်းလုံးခဲ့ကြလို့ လွတ်လပ်ရေးကို ရရှိခဲ့ကြတယ် ဆိုတာကို မမေ့စေချင်ပါဘူး ။ ပြည်သူချစ်သော စည်းကမ်းပြည့်ဝတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ တပ်မတော် ကြီးကို ပြန်လည် မွေးဖွားဖို့ အတွက် ဒီနေ့ တပ်မတော်သားတိုင်းမှာ တာဝန်ရှိပါတယ် ။ ယခု အချိန်ဟာ တပ်မတော်သား တွေ အမြင်မှန်ရကာ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး မြန်မာတမျိုးသားလုံးက လေးစားချစ်ခင်ရတဲ့ တပ်မတော်ကြီးကို ပြန်လည် တည်ဆောက်ဖို့အတွက် ကမ္ဗည်း မော်ကွန်း ရေးထိုးရမည့် အချိန်ကို ရောက်လာပါပြီလို့ လေးစားစွာ အသိပေး နိုးဆော် လိုက်ပါတယ် ။

ပြည်သူလူထု အနေနဲ့လည်း လွတ်လပ်၍ တရားမျှတကာ အေးချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဆိုသို့ ချီတက်ရန် အတွက် ကျရာ အခန်းဂဏ္ဍကနေ ပါဝင်ပြီး တိုက်ပွဲကို ၀င် ရောက် ဆင်နွှဲပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.