Monday, October 11, 2010

0 တအိမ်လုံး တရွာလုံး တပြည်လုံး မဲမပေးဘဲနေမယ်

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲလုပ်တော့မယ်။

ပြည်သူလူထုက ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိဘူး။ အယုံအကြည်မရှိတာက ဒီရွေးကောက်ပွဲကိုမှ မဟုတ်ပါ။ ရွေးကောက်ပွဲရဲ့ အခြေခံလာရင်း၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စတင်ရေးဆွဲကတည်းက အယုံအကြည်မရှိခဲ့တာ။ ပြည်သူတွေနားလည်ထားတာက ၁၉၉၀ ခုရွေးကောက်ပွဲအနိုင်ရပါတီက အစိုးရဖွဲ့ အဲဒီအစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ တိုင်းပြည်ရဲ့ဖွဲ့စည်းပုံကို ရေးဆွဲရမှာက ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေပါဝင်တဲ့ လွှတ်တော်က ရေးဆွဲရမှာ။ လွတ်တော်ထဲမှာ အများစုက အဖွဲ့ချုပ်ဝင်တွေ။ သူတို့ချည်း ရေးဆွဲရမှာလဲ မဟုတ်ဘူး။ အနိုင်ရ အမတ်တွေထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ပါတီကလည်း ပါတယ်။ တိုင်းရင်သားအမတ်တွေပါတယ်။ တသီးပုဂ္ဂလိက အမတ်တွေပါတယ်။ သူတို့သာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခွင့်ရှိတယ်။ ၁၉၉၀ ခု ရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံလွှတ်တော်အမတ်တွေ ပါဝင်တဲ့ လွှတ်တော်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အများပြည်သူလူထု ရှင်းလင်းစွာ နားလည်အောင် ချပြရမယ်။ ပြီးတော့ ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြု၊ ပြီးတော့မှ လက်ရှိအနိုင်ရပါတီအစိုးရက ဖွဲ့စည်းပုံဥပဒေနဲ့အညီ ရွေးကောက်ပွဲ ပြန်လုပ်ပေး။ ဒီလိုနားလည်ထားတာ။

အခုတော့ ဒီလိုမဟုတ်ဘူး။

ပြည်သူတွေ စိတ်ပါဝင်စားစွာ မဲပေးခဲ့ကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲကို စစ်အစိုးရက ဖျက်ဆီးဖြစ်တယ်။ အများစုအနိုင်ရပါတီက အမတ်တွေကို ဖမ်းဆီးထောင်ချ၊ လူထုစိတ်ပါဝင်စားစွာ မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲရလဒ်အားလုံးကို ဖျက်ဆီးပြီး ညောင်နှစ်ပင်ညီလာခံ လုပ်တယ်။ ညောင်နှစ်ပင်လုပ်တုံးက ပြည်သူကြားမှာ ရေပန်းစားတဲ့ စကားလုံးက ညောင်နှစ်ပင် လိမ်နေသည်တဲ့

လူထုကိုယ်စားလှယ်စစ်စစ် တယောက်တလေမှ မပါဘဲ လုပ်တဲ့ညောင်နှစ်ပင်ညီလာခံမှာ ဘယ်သူတွေပါခဲ့သလဲ။ လူထုနားလည်သိရှိနေတာက လုပ်စားကိုင်စား အခွင့်အရေးသမားတွေ၊ ဟေးလေးဝါးလေး လူလိမ်လူညာတွေ၊ ဒီထက်ပိုပြောရရင် ညီလာခံညနေ့တိုင်း ညီလာခံပြီးတာနဲ့ ဘီယာသောက်၊ ကာရာအိုကေ မိုက်ခွက်လုရင်း ရန်ဖြစ်တတ်ကြသူတွေ၊ အပြင်လောကမှာ ဟိုတယ်-မိုတယ် ထောင်ပြီး ပြည့်တန်ဆာ မွေးစားသူတွေတောင် ပါတယ်။တိုင်းရင်းသားဆိုရင်လည်း တိုင်းရင်းသား အစစ်မဟုတ်ဘူး။ စစ်ဗိုလ်တွေ တိုင်းရင်းသား ၀တ်စုံဝတ်ပြီး တိုင်းရင်းသား အယောင်ဆောင်တက်လာတဲ့ ညီလာခံ။ ပြီးတော့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေ အလိုကျ စစ်တပ်အဓိက ဖွဲ့စည်းပုံ၊ သူတို့ထင်တိုင်းလုပ်လို့ရအောင် ရေးထားတဲ့ ဖွဲ့စည်းပုံ၊ ဒီလိုဘဲ ရိုးရိုးရှင်းရှင်း နားလည်ကြတယ်။

ဒါကြောင့် လူထုက ၂၀၀၈ ဖွဲ့စည်းပုံကို အယုံအကြည်မရှိသလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မယုံကြည်ဘူး။ သဘောမကျဘူး။ သူတို့လူတွေ စစ်အစိုးရလူတွေဘဲ ၀င်ပြိုင်မှာ၊ ပြည်သူလူထု အကျိုးစီးပွားကို အမှန်တကယ် လုပ်ပေးမဲ့ သူတွေက ထောင်တွေထဲမှာ၊ ပြည်ပမှာ၊ အခုလမ်းသလားနေတဲ့ ခွပ်ဒေါင်းအဖွဲ့ကလည်း ခွပ်ဒေါင်းအတု၊ ခမောက်ကလည်း ခမောက်အတု၊ သူတို့ရယ် သူတို့ ဖန်တည်းထားတဲ့ အတုတွေရယ်ဘဲပါတဲ့ ရွေးကောက်ပွဲ အတု။

ဒါကြောင့် မဲရုံလည်း မသွားချင်ဘူး။ မဲလည်း မပေးချင်ဘူး။

လူထုနဲ့ အတူရှိပြီး လူထုစိတ်ခံစားချက်ကို နားလည်တဲ့ ဒေါအောင်ဆန်းစုကြည်နဲ့ အတိုက်အခံစစ်စစ်တွေက ရွေးကောက်ပွဲကို မဲမပေးဘို့ နှိုးဆော်တယ်။ စစ်အစိုးရ ရွေးကောက်ပွဲရက်ကြေငြာပြီး ရက်ပိုင်းအတွင်း မဲမပေးရေး နှိုးဆော်စာတွေ တပြည်လုံးလိုလိုမှာ ပြန့်သွားတယ်။

လူထုက ၀မ်းသာတယ်။ မဲမပေးရေး ပညာပေးလှုံ့ဆော်စာတွေကြောင့် သူတို့သိချင်တာ သိလိုက်ရပြီ။

မဲမပေးချင်ဘူး။ မဲမပေးဘဲ နေလို့ရသလား။ ရတယ်။

မဲမပေးဘဲ နေရင် ဘာဖြစ်မလဲ။

ဘာမှမဖြစ်ဘူး။ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲလည်း နေပိုင်ခွင့်ရှိတယ်။

ဒါဟာ လူတိုင်းလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဘဲ။

ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်တဲ့ အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း အိမ်ထောင်သားမွေးပြုခွင့် ရှိတယ်။ မပြုဘဲလဲ လူပျိုကြီး၊ အပျိုကြီးလုပ်ချင်ရင်လည်း လုပ်လို့ရသလိုပါဘဲ။

ဈေးဆိုင်တွေမှာ ပစ္စည်းတွေ ရောင်းချင်တာ ရောင်း။ ကိုယ်ကြိုက်မှ ၀ယ်မယ်။ ကိုယ်မကြိုက်ရင် မ၀ယ်ဘူး။

အပုတ်အပဲ့ရောင်းရန်၊ ပစ္စည်းအစစ်မရောင်းဘဲ အတုတွေရောင်းရင် မ၀ယ်ဘဲနေနိုင်သလို ရွေးကောက်ပွဲဆို တာလည်း အစိုးရလုပ်တိုင်း မဲပေးစရာ မလိုဘူး။

ကိုယ့်ပြည်သူတွေ အကျိုးမရှိဘူးထင်ရင် ကိုယ်မကြိုက်ရင် မဲမပေးဘဲနေလို့ရတယ်။ သူတို့က ဇွတ်အတင်းမဲပေးခိုင်းရင်ကော။

ဇွတ်အတင်း မဲပေးခိုင်းရင် ဇွတ်အတင်း မဲပေးခိုင်းတဲ့သူဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက်ရာ ရောက်တယ်။

အဲဒီလို ရပ်ကွက်ထဲမှာ ဇွတ်လာပြီး မဲပေးခိုင်းရင် ကျွန်တော် ကျွန်မတို့ ဇွတ်အတင်း မဲပေးခိုင်းပါတယ်လို့ေ၇ွးကောက်ပွဲကော်မရှင်ကို တိုင်၊ ဒါမှမဟုတ် ရဲကိုတိုင်၊ သူတို့က အရေးမယူရင် နေရာတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ ရှိတယ်။ သူတို့ကို တိုင်၊ မီဒီယာတွေက အော်၊ မတရားတာကို မတရားဘူး ပြော။

ဒါကိုသိလိုက်ရတဲ့ လူထုထဲက လူတိုင်းက ပြုံးပျော်သွားတယ်။ မျက်နှာက ကြည်တောက်သွားတယ်။

အဓိက သိချင်တာကတော့ မဲမပေးဘဲနေလို့ ရ/မရပါဘဲ။

ကိုယ်က မဲမပေးဘဲ နေရင်လည်း သူတို့က သူတို့ထင်သလို လုပ်ပြီး အနိုင်ယူသွားမှာ။ လူထုအသံ နောက်တခု။ ယူချင်ယူလေ။ ကိုယ်က သွားပေးရင် သူတို့တရားဝင်ရသွားမယ်။ ကိုယ်က မပေးဘဲ ယူသွားရင် သူတို့ သူခိုးဘဲ။ လူလိမ္ဘဲ။

အင်း….. ဟုတ်တယ်။ မှန်တယ်။

သူတို့က လက်နက်နဲ့ လူတွေဆိုတော့ မဲမပေးဘဲ နေယုံနဲ့ ထူးပါ့မလား။

ဒီမေးခွန်းကလဲ လူထုသိချင်တာ တခုပါဘဲ။

ထူးတာပေါ။ သူတို့က အရိုင်းတွေ၊ ပြည်သူလူထုက ပညာရှိ သူတော်ကောင်းတွေ၊ အရိုင်းတွေကို ပညာရှိ သူတော်ကောင်းတွေက ပညာရှိနည်းနဲ့ ၀ိုင်းတိုက်ရမယ်။ ရပ်ထဲရွာထဲမှာ လူဆိုးလူရမ်းကားတွေကို အရပ်က ပညာရှိနည်းနဲ့ မပေါင်းမသင်း။ သူ့အိမ်အလှူအတန်းလုပ်လည်း ကိုယ်မသွား၊ ကိုယ့်အိမ်အလှူအတန်းလုပ်လည်း သူ့ မဖိတ်၊ သူဘာရောင်းရောင်းလဲ မ၀ယ်။ လမ်းတွေ့ရင်လဲ ပြုံးမပြ၊ နှုတ်မဆက်၊ မပတ်သက်အောင်နေ။ ဒီလိုဘဲ စစ်အစိုးရ ဘာလုပ်လုပ်၊ သူတို့က ဒီလိုဆို လူထုက ဟိုလို၊ သူတို့က ဟိုလိုဆို လူထုက ဒီလို။ အားမပေးဘဲ မပတ်သက်ဘဲ နေကြမယ်။ ဒေါအောင်ဆန်းစုကြည်တို့ ကိုမင်းကိုနိုင်တို့ အရှင်ဂန္ဘိရတို့ကို လွှတ်မပေး မခြင်း၊ တိုင်းရင်းသားခေါင်းဆောင်တွေကို လွှတ်မပေး မခြင်း၊ အတိုက်အခံအားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေရေး မလုပ်မခြင်း၊ ကိုယ်လိုချင်တာ မရမခြင်း။ သူတို့ဘက်က မလျှော့ မခြင်း။ သူတို့နဲ့ မပတ်သက်အောင်နေမယ်။

ဒီရွေးကောက်ပွဲမှာလဲ ပြည်သူတွေအားလုံး မဲမပေးဘဲ နေကြမယ်။

ဟုတ်တယ်။ ကောင်းတယ်။

လူထုရဲ့ တက်ကြွ အားရှိတဲ့ အသံ။

သူတို့ရဲ့ ၂၀၁၀ ရွေး ကောက်ပွဲကို မဲမပေးဘဲ နေမယ်။

တအိမ်လုံး၊ တရွာလုံး၊ တပြည်လုံး။

မမခင်
(၇၊ ၁၀၊ ၂၀၁၀)(ရိုးမ(၃)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.