Friday, October 15, 2010

0 “တည့်တည့်ပြောမှ ရိပ်မိတော့မယ်”

ကိုယ့်ကိုယ်ကို ဒီမိုကရေစီအင်အားစုပါလို့ ကင်ပွန်းတပ်ပြီး စစ်အာဏာရှင်တည်မြဲရေးအတွက် သိဒ္ဓိတင်ပေး နေကြသူတွေကို ရည်ရွယ်ပါတယ်။

အတ္တနှင့်မာနကို ခ၀ါချပြီး တကယ့်ပြည်သူ့အရေး၊ ပြည်ထောင်စုအရေးအတွက် ပြည်သူ့ရင်ခွင်ကို အချိန်မီ ပြန်လာစေဖို့လဲ မျှော်လင့်ပါတယ်။

အတွေးအခေါ် ဘေးချော်ပြီး မသူတော်နဲ့ပေါင်းလို့ လူကောင်းကိုရန်ရှာ မှားတော့မဲ့ အဖြစ်အတွက်လည်း အထူး စိုးရိမ်မိတယ်ဗျာ။

ဝင်ပြိုင်မယ်တကဲကဲလုပ်နေတဲ့ ရွေးကောက်ပွဲဆိုတဲ့ ရက်ကြီးက နီးလာပြီမဟုတ်လား။

နေမြင့်လေ အရူးရင့်လေ ဖြစ်နေမယ်ဆိုရင် လူကြီးမင်းတို့ကြောင့် သံဃာစင်ပါမှောက်တော့မယ်။ တကယ်ပဲ ပြည်သူ့အတွက်၊ ဒီမိုကရေစီရေးအတွက်လို့ ရိုးရိုးသားသား ယုံကြည်တာမှန်ရင် ကိုယ်လျှောက်နေတဲ့ လမ်းကို ပြန်ပြီ သုံးသပ်ဆင်ခြင်ဝေဖန်ပါဦး။ ဒီအလုပ်ဟာ လူသာမန်တွေအတွက် ခက်ခဲတဲ့ အလုပ်ပါ။ ဒါပေမယ့် လူကြီးမင်းတို့ဟာ ခေါင်းဆောင်နေရာမှာ ခေါင်းဆောင်နဲ့ ထိုက်တန်အောင် ကျင့်သုံးဖို့ဆိုရင်တော့ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ရပါမယ်။

လာမယ့်ရွေးကောက်ပွဲဆိုတာ ဘယ်လိုနိုင်ငံရေး အခင်းအကျင်းတွေရဲ့အောက်မှာ လုပ်နေတယ်ဆိုတာ လူကြီးမင်းတို့ သိဖို့ကောင်းပြီ။ ပြည်သူလူထုတွေ သာမန်လူတွေတောင် သိနေကြပါပြီ။ နိုင်ငံတကာ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းကရော၊ ပြည်သူ့အတွက်သာ မျက်နှာမူပြီး ကိုယ့်ရဲ့ လုံခြုံဘေးကင်းရေးကို စွန့်စားရပ်တည်နေတဲ့ သူတွေရော ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြတာ တွေ့ရပါတယ်ဗျာ။

2010 ရွေးကောက်ပွဲဆိုတာရဲ့ အခင်းအကျင်းကို စိစစ်ကြည့်ပါ…

စစ်အာဏာရှင် သက်ဆိုးရှည်ရေး အာမခံမဲ့ 2008 ဖွဲ့စည်းပုံဆိုတာကို တဖက်သတ် စိတ်ကြိုက်ရေးဆွဲခဲ့တယ်။ ဥပဒေပါ အချက်အလက်တွေကို ပြည်သူကို ချမပြပဲ နာဂစ်ကာလမှာ “မဲပေးကြ- မဲပေးကြ” ဆိုတာနဲ့ မဟားတရားလုပ်ခဲ့တယ်။ ဒီဖွဲ့စည်းပုံ ဥပဒေအရ ပြည်သူ့တပ်မတော်ကြီးတစ်ခုလုံးကို ပြည်သူ့ဆီက ခွဲထုတ်ပြီး “ကာကွယ်ရေးဦးစီးချုပ်” ဆိုတဲ့ ရာထူးရထားတဲ့ သူတစ်ဦးတည်းက ပုဂ္ဂလိက ပိုင် သိမ်းထားခွင့်ကို ယူတယ်။ ပြည်သူ့လွှတ်တော်ကတောင် တို့လို့ ထိလို့ မရတဲ့ နေရာမှာ နေတယ်။ ကိုယ့်ဟာကိုယ် အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုနိုင်တဲ့ အကြောင်းပြချက် တွေနဲ့ နိုင်ငံတော်အာဏာကို သိမ်းပိုင်ခွင့်ကိုလဲ ယူထားတယ်။ ကျားကုတ်ကျားခဲ ရွေးကောက်တင်မြှောက် ဖွဲ့စည်းထားတဲ့ လွှတ်တော် ကို တချက်လွှတ်အာဏာနဲ့ အလွယ်ကလေး ဖျက်သိမ်းခွင့်တွေလဲ ယူထားလိုက်သေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကက်ဘိနက် ကို အရွေးချယ်ခံမဟုတ်ပဲ စစ်တပ်က တက်လာသူ ဖြစ်ခွင့်ရှိတဲ့ သမ္မတဆီမှာဘဲရှိတယ်။ ရှိစုမဲ့စုနဲ့ ငါးသိန်းပေးပြီး ၀င်အရွေးခံကြမယ့် ကိုယ်စားလှယ်တော် အမတ်မင်းများ လက်မှာ မရှိပါဘူး။

ရွေးကောက်ပွဲအတွက် သူတို့ ထုတ်ပြန်လိုက်တဲ့ ပါတီမှတ်ပုံတင် ဥပဒေဆိုတာကရော ဘာအခင်းအကျင်းလဲ။ လွှတ်တော်ထဲမှာ တမတ်သား ခွဲတမ်းယူထားပြီးတဲ့အပြင် လွန်ခဲ့တဲ့ (၁၇)နှစ် ကတည်းက လူမှုရေးအဖွဲ့ပါဆိုပြီး အခွင့်အရေး၊ ဓနဥစ္စာနဲ့ အကြမ်းဖက် နှိပ်ကွပ်ရာမှာ ကောင်းကောင်းအသုံးချခဲ့တဲ့ ကြံ့ဖွံ့ ကို အခုတော့ ပါတီပါလို့ပြောင်းပြီး အာဏာကို လက်ကိုင်ယူထားတဲ့ ဘောင်းဘီဝတ်တွေက ဘောင်းဘီတွေ ချွတ်တဲ့ပြီး ၀င်ပြိုင်မဲ့ ကြံ့ဖွံ့ပါတီကို အလဲထိုးယှဉ်ပြိုင်နိုင်မယ်လို့ ထင်ရတဲ့ ပြည်သူလိုလား အင်အားကောင်း အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေကို လုံးဝ တွန်းဖယ်လမ်းရှင်းပေးလိုက်တယ်။

ရွေးကောက်ပွဲဥပဒေဆိုတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် 2008 ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက် ပါမယ်ဆိုတဲ့ ၀န်ခံကတိကို ကြိုတင်လက်မှတ်ထိုးခိုင်းပြီး ချည်နှောင်ထားလိုက်တယ်။

ကော်မရှင်ဥပဒေနဲ့ ပါတီတွေကို အမြဲတမ်း စောင့်ကြပ်နှိပ်ကွပ်ဖို့ ပါတီပုလိပ် ရာထူးအဖြစ် ကော်မရှင်ကို ခန့်တယ်။ အမှုအခင်းစီရင်ခွင့် အမြင့်ဆုံးအာဏာတွေကို ပေးလိုက်တယ်။ အဲဒီကော်မရှင်ဆိုသူတွေကိုတော့ နအဖက သူ့စိတ်ကြိုက် ရွေးချယ်ထားခဲ့တယ်။ သူလုပ်ချင်တာ လုပ်ခွင့်ပြုပြီး တခြားဒီမိုကရေစီအင်အားစုတွေကို နှိပ်ကွပ်ဟန့်တားရာမှာ စိတ်ကြိုက် သုံးမယ့် ယန္တယားပဲ။ ဒါကြောင့်လဲ ၀န်ကြီးချုပ်က ပါတီထောင်သူ ဖြစ်လို့ရလာတယ်။ ဒီကော်မရှင်က နည်းဥပဒေ အမျိုးမျိုးနဲ့ ကြံ့ဖွံ့ကလွဲလို့ ဒီမိုကရေစီအဖွဲ့လို့ အမည်တပ်တဲ့ အတိုက်အခံ မှန်သမျှကို ကန့်သတ်တယ်၊ ပိတ်ပင်တယ်။ ၁၅ မိနစ်စာ လူထုကို ချပြခွင့်မှာတောင် ဆင်ဆာဖြတ်ပြီး မှ ရတယ်။ တိုတောင်းတဲ့ မဲဆွယ်ရေးကာလအတွင်းမှာ ဆွေးနွေးဟောပြောဖို့ ကိုတောင် (၇)ရက် ကြိုတင်ပြရတယ်။ ကန့်သတ် တားမြစ်ချက်တွေလဲ အစုံပဲ။

ကဲ… ဒီတော့…

2008 ဖွဲ့စည်းပုံနဲ့ စစ်အာဏာရှင် တည်မြဲရေးကို အခိုင်အမာတည်ဆောက်တယ်။

ရွေးကောက်ပွဲဥပဒေနဲ့ 2008 ကို အတည်ပြုဖို့ ကာကွယ်စောင့်ရှောက်ဖို့ လုပ်တယ်။

မှတ်ပုံတင် ဥပဒေနဲ့ အားကောင်းတဲ့ ယှဉ်ပြိုင်ဘက်တွေကို ပ ထုတ်တယ်။

ပြည်သူလိုလားတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ခေါင်းဆောင်တွေကို ဖယ်ထုတ်တယ်။

ကော်မရှင် ဥပဒေနဲ့ ၀င်ပြိုင်မဲ့ ယှဉ်ပြိုင်ဘက်တွေကို ချည့်နဲ့အောင်၊ ပါတီတွေကို အချိန်မရွေး ပယ်ဖျက်ခွင့်ရစေမဲ့

ကော်မရှင်ကို ပါတီပုလိပ်အဖြစ်ခန့်တယ်၊ ရွေးကောက်ပွဲအတွက် ဒိုင်လုပ်ခိုင်းတယ်။

ကော်မရှင်အဖွဲ့ဆိုတာကြတော့ နအဖ စိတ်ကြိုက် ဘောင်းတော်ငြိမ့် စိတ်တော်သိမဲ့ လူတွေကို ခန့်ထား လိုက်ပြန်တယ်။

ဒီလိုအခင်းအကျင်းအောက်က ရွေးကောက်ပွဲဟာ ပါတီစုံရွေးကောက်ပွဲမဟုတ်တော့ဘူး။ သေသေချာချာ စိစစ်ကြည့် ပါ။ အားလုံးဟာ 2008 ကို အတည်ပြုပေး ကာကွယ်ပေးရမယ့် အလုပ်သာ အဓိကပဲ။ ပါတီစုံ (Multi Party System) မဟုတ်ဘူး တပုံစံတည်းသော ကိန်းများ ပါတီစနစ် (Single type Plurality System) ပါပဲ။ ၀င်ပြိုင်မယ့် အဖွဲ့တွေဟာ “ဆင်တူရောင်ကွဲမျှသာပါပဲ” ဘယ်လိုမှ ဒီမိုကရေစီကို ဦးတည်လို့ မရနိုင်ပါဘူး။

ကိန်းဂဏန်းတွေနဲ့ တွက်ကြည့်ရင် ပိုရှင်းပါတယ်။

အခုရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် (၃၃၀)၊ အမျိုးသားလွှတ်တော်အတွက် (၁၆၈)၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် (၆၆၀)၊ စုစုပေါင်း ကိုယ်စားလှယ် (၁၁၅၈)ဦး ပြိုင်ရမယ်လို့ အစီရင်ခံစာ တစ်စောင်က ဆိုပါတယ်။ ( နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကတော့ စုစုပေါင်း ၁၁၇၁ နေရာလို့ UN မှာ ပြောပါတယ်။) အဲဒီမှာ နအဖရဲ့ ကြံ့ဖွံ့က အကုန်ဝင်တယ်။ မဆလ တဖြစ်လဲ တစည ဆိုတဲ့ ၁၉၉၀ ပြည့်တုန်းက ပြည်သူလူထုက ပယ်ချခံခဲ့ရတဲ့ “အပယ်ခံ”ပါတီက (၉၀၀)ကျော်ဝင်တယ်။

ကျုပ်တို့ကတော့ ဒီမိုကရေစီပါပဲလို့ ကြွေးကြော်တဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလတွေ ၀င်ပြိုင်နိုင်မယ့် အင်အား အားလုံး ပေါင်းရင်တောင် ကြံ့ဖွံ့ရဲ့ တ၀က်မရှိဘူး။

အစီရင်ခံစာ တစ်ခုရဲ့ ဖော်ပြချက်အရဆိုရင် ၀င်ပြိုင်တဲ့ ပါတီ (၃၂)ခုက တ၀က်ကျော်ကျော်ဟာ အမတ် (၁၁)ဦးနဲ့ (၁၁)ဦးရဲ့အောက်သာ စာရင်းသွင်းနိုင်ခဲ့တယ်။ ရာခိုင်နှုန်းအရဆိုရင် (၁%)ထက် နည်းသေးတယ်။ (၁၀%)ကျော် ၀င်ပြိုင်နိုင်တာ ပါတီ (၄)ခုပဲရှိတယ်လို့ ဆိုပါတယ်။ ကြံ့ဖွံ့ကတော့ အပြည့်ပေါ့။ စုစုပေါင်း(၃၇)ပါတီဟာကိုး..။

အဖြေက ထွက်နေပြီးသားပါ။ ရှင်းနေပါတယ်။

လွှတ်တော်ထဲဝင်ပြီး ဖွဲ့စည်းပုံ ဥပဒေကို တဖြည်းဖြည်းပြင်ယူမယ်လို့ စိတ်ကူးယဉ်နေတာတွေ နိုးထဖို့ကောင်းပြီ။

လွှတ်တော်ထဲက ကိုယ်စားလှယ်တွေအားလုံးရဲ့ (၂၀%)ရှိမှ ဖွဲ့စည်းပုံ ပြင်ဖို့ အဆိုတင်သွင်းခွင့်ရှိတာပါ။ ဒါတောင် ပြင်မယ်/မပြင်ဘူး အဆင့်မဟုတ်ဘူး။ “တင်သွင်းရုံ” အဆင့်ပဲရှိတာပါ။

အခုဝင်ပြိုင်ကြမယ့် အတိုက်အခံပါဆိုသူတွေ အားလုံး နိုင်ခဲ့ရင်တောင် (၂၀%) မပြည့်ပါဘူး။

ဒီကြားထဲက – ပြည်သူကို ပြောပြီးဖြစ်လို့်ဆိုပြီး လွှတ်တော်ထဲ မှာ မကောင်းတတ်လို့ ပြင်ဆင်ဖို့ ပြောရင်တောင် အဲဒိလို ပြောပြီးတာနဲ့ ပြောတဲ့ပါတီကို ပယ်ဖျက်နိုင်ဖို့ ကော်မရှင်က အသင့်စောင့်နေလေရဲ့..။ ၀န်ခံကတိ ဖောက်ဖျက် လို့လေ။.

ဒါနဲ့တောင် -

တကယ်လဲ လုပ်နိုင်ခြေမရှိဘဲနဲ့ “ကျုပ်တို့က ပြည်သူ့အတွက် ဒီမိုကရေစီတိုက်ပွဲ ၀င်နေတာပါ” လို့ ဆက်ပြော နေရင်တော့ ပြည်သူကို လိမ်တာပဲ။

ဒီမိုကရေစီတိုက်ပွဲဟာ နအဖရဲ့ “ရွေးကောက်ပွဲ” ထဲမှာ မရှိပါဘူး။

အောက်တိုဘာ ၂ ရက်နေ့က ရွေးကောက်ပွဲဝင်မယ့် ပါတီ (၆)ခုက “ဒီမိုကရေစီ မိတ်ဆွေပါတီများ” ဆိုတာဖွဲ့ပြီး -

“ဒီမိုကရေစီ မိတ်ဆွေပါတီတွေကို မဲပေးခြင်းအားဖြင့်သာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ (၆) ပါတီလုံး ၀င်ပြိုင်နိုင်မယ့် ကိုယ်စားလှယ်အရေအတွက်က (၄၀၀) တောင် မပြည့်ရှာဘူးလို့ သိရတယ်။

ပြန်လဲ တွက်ကြည့်ကြပါဦး ။ ဘာကို ဘယ်လိုပြောင်းအောင်လုပ်မှာပါလဲ။

နအဖ လိုချင်တာနဲ့တော့ ကွက်တိပဲ။

သူတို့ ထူထောင်ထားတဲ့ ကြံ့ဖွံ့ကသာ သေချာပေါက်နိုင်ရမယ်။ ဒါပေမယ့် ရွေးကောက်ပွဲအတည်ဖြစ်ပါတယ်လို့ ပြောဖို့အတွက်တော့ အဲဒီလို မိုက်မိုက်မဲမဲဝင်ပြီး အရှုံးခံပေးမယ့် လူတွေတော့ လိုတယ်။ ဒီလိုလူတွေအတွက် တဖက်လှည့်နဲ့ ထောက်ပံ့ကြေး ဆုကြေးတွေတောင် ပေးပါလိမ့်ဦးမယ်။ ဘယ်လောက်ရပြီးကြပြီလဲလို့တောင် မေးလိုက်ချင်ပါရဲ့။

အခုပဲကြည့်လေ-

နအဖရဲ့ နိုင်ငံခြားရေးဝန်ကြီးက UN မှာ လေသံတောင် လွှင့်ထုတ်လိုက်နိုင်တယ်။

“ရွေးကောက်ပွဲမှာ တိုင်းရင်းသား ကိုယ်စားပြုထားသည့် ပါတီများအပြင် ပါတီ(၃၇)ခုမှ ကိုယ်စားလှယ်လောင်း (၃၀၀၀)ကျော် ၀င်ပြိုင်ကြမယ်၊ မဲဆွယ်စည်းရုံးရေးတွေ စတင်လုပ်နေပြီ၊ ရွေးကောက်ပွဲမှာ အားလုံးပါဝင်သည်မှာ ထင်ရှားနေကြောင်း …. ” တဲ့ ။

ကောင်းရော..။ အဲဒါ လူကြီးမင်းတို့ရဲ့ကျေးဇူးပေါ့ ။ လူကြီးမင်းတို့က သိဒ္ဓိတင်ပေးလိုက်တာကိုး။

ဒီရွေးကောက်ပွဲ အခင်းအကျင်းက ဘာနဲ့တူနေသလဲဆိုရင် -

ဒိုင်လုပ်တဲ့လူက သူ ဆုပေးချင်တဲ့လက်ဝှေ့သမားကို ကြိုတင်သတ်မှတ်ထားပြီး လက်ဝှေ့ပွဲမှာ သူ့လူက အနိုင် ထိုးသတ်နိုင်မယ့် ဘက်မညီတဲ့ “လက်သင်ထိုး” တွေနဲ့ ပွဲစပ်ပေးပြီး ပြိုင်ဘက်ကို ကိုယ့်လူက မလဲမချင်း ထိုးခိုင်း သတ်ခိုင်း နေတဲ့ ပွဲကြီး ဖြစ်နေတယ်။

ဒါကို သိမြင်နားလည်တဲ့သူက – ဒီပွဲဟာ မတရားဘူး။ တဖက်သတ်အနိုင်ကျင့်နေတဲ့ “လုပ်ပွဲကြီး ” ဖြစ်တယ်။ “သပိတ်မှောက်ကြ” ဆိုပြီး ပွဲမဖြစ်အောင်လုပ်တယ်။ ဘာကြောင့်လဲ?။ ဒီလို တဖက်သတ် အနိုင်ကျင့်ခံနေရမယ့်အဖြစ်ကို မကြည့်ရက်လို့၊ စာနာလို့၊ ၀င်ပြီး ယှဉ်ပြိုင်တဲ့သူတွေ နစ်နာလို့။

ကျွန်တော်နားလည်သလောက်တော့ ဒီနေ့ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတာ ဒီသဘောပဲ။ ဒါကြောင့်လဲ မျိုးဆက်သစ် လူငယ်အင်အားစုတွေပါ ၀န်းရံလာကြပြီး နိုင်ငံတကာကလည်း အလေးအနက် ထားလာတာ ပဲဖြစ်တယ်။

တကယ်ပဲ ရိုးသားစွာနဲ့ ဒီမိုကရေစီရေးကို ဆောင်ရွက်မယ်ဆိုရင် အဖြေမဟုတ်တဲ့ ရွေးကောက်ပွဲကို သိဒ္ဓိတင်ပေးဖို့ မဟုတ်ဘူး။

ရွေးကောက်ပွဲလမ်းကြောင်းဟာ စစ်အာဏာရှင် တည်မြဲရေးပဲ။ ဒီမိုကရေစီအတွက်၊ ပြည်ထောင်စုအတွက် အဖြေမဟုတ်ဘူး။

တကယ့်အဖြေက ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့၊ အမျိုးသား ရင်ကြားစေ့ရေး စကားဝိုင်း ပေါ်ထွန်းဖို့ ။

ရွေးကောက်ပွဲကို သိဒ္ဓိတင်ပေးလိုက်ရင် လူကြီးမင်းတို့ ရှုံးပြီး ။ တိုင်းပြည်လဲ နွံနစ်ပြီ။ စစ်အာဏာရှင်အောက်ကို ပြည်သူလူထုကို တွန်းပို့ပေးလိုက်သလို ဖြစ်တော့ မယ်။

လူကြီးမင်းတို့ ရွေးကောက်ပွဲက ထွက်လိုက်ပါ။ ပြည်သူလူထုနဲ့ အတူ ရပ်လိုက်ပါ။ ဒီလိုသာ ညီညွတ်လိုက်ရင် အဓိပ္ပါယ်ရှိတဲ့ အခင်းအကျင်းတွေ ပေါ်ပေါက်လာမှာ မလွဲပါဘူး။ အခုထိတော့ အချိန်မနှောင်းသေးပါဘူး ။

အရပ်ထဲမှာ- လူထုကြားထဲမှာ- အခုတလော စကားတစ်ခွန်းပေါ်နေတယ် ဗျား..

အဲဒါကတော့ ရင်းနှီးတဲ့ လူတစ်ယောက်ယောက်ကို တွေ့ရင် …………….

“အရွေးခံမှာလား?.. ”

အရွေးခံရင်တော့ ..

“အရံခွေး” ပဲဖြစ်မယ်.. တဲ့..။

အောင်သန်းကျော်

http://allburmamonksalliance.com/

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.