Friday, October 22, 2010

0 စစ်အာဏာရှင် အဘိဓာန်မှာ စာနာတယ် ဆိုတာ မရှိ

“---ရထားကလည်း တဂျိန်းဂျိန်းနဲ့မောင်း။ စစ်ကိုင်းတံတားပေါ်က ကားလမ်းမှာ ဒေါက်တာ ဇော်မြင့်မောင် ယောက်ဖ ခမျာ ကျနော်တို့ အချုပ်တွဲ ပြတင်းပေါက်နဲ့ မယှဉ် ယှဉ်မိအောင် ဆိုင်ကယ်ကို မောင်းရင်း ဇနီးမောင်နှံကို တွေ့ပေးရတယ်---”

အင်းစိန်ထောင်မှ မြစ်ကြီးနားထောင်သို့ ပြောင်းရွှေ့ ထိန်းသိမ်းခံရစဉ် အတွေ့အကြုံများကို နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမောင်မောင်ဝမ်းက ရေးသား ဖော်ပြထားသည်။

မြန်မာပြည် န၀တ-နအဖ စစ်အာဏာရှင် လက်အောက်မှာ ကျနော် ထောင် ၂ ကြိမ် ကျဖူးတယ်။ ပထမအကြိမ်က ၁၉၈၉ မှာ။ စုစုပေါင်း ၅ နှစ်ကျပြီး ၁၉၉၄ ထဲမှာ သရက် အကျဉ်းထောင်က ပြန်လွတ်ခဲ့တယ်။ ဒုတိယအကြိမ် ထောင်ကျတာ ၁၉၉၆ မေလ ထဲမှာ။ ကျနော့်ကို ၁၉၉၆ မေလ ထဲမှာ အင်းစိန်ထောင်တွင်းက အထူးတရားရုံးကနေ ထောင် ၁၀ နှစ် ချလိုက်တယ်။ အမှုကတော့ ပုဒ်မ ၅ (ည) ရယ်၊ တရားမ၀င် ကျောင်းသားသမဂ္ဂ ဖွဲ့စည်း တည်ထောင်မှုရယ်။

ဒုတိယအကြိမ် ထောင်ကျတာ တော်တော် ကံကောင်းတယ် ပြောရမလား မသိဘူး။ အင်မတန်မှ ဆိုးရွားလှတဲ့ စစ်ကြောရေးစခန်း ၀င်စရာ မလိုဘဲ၊ ဖမ်းပြီး ချက်ချင်း ဆိုသလို အထူးတရားရုံးတင်၊ ချက်ချင်း ထောင်ချ ခံခဲ့ရလို့ပါ။ ဘာအမှုနဲ့ တရားစွဲခံရမှန်းတောင် မသိဘူး။ နောက် တရားသူကြီးက စာဖတ်ပြမှ သြော် .. ဒီအမှုတွေနဲ့ စွဲတာပါလား ဆိုတာ သိရတော့တယ်။ ထောင်ကျပြီးသွားတော့ အင်းစိန်မှာ နေရတယ်။

အဲဒီလိုနဲ့ တစ်နှစ်လောက် နေအပြီးမှာတော့ ထောင်ပြောင်းခံရတယ်။ အဲဒီနေ့က အဖြစ်အပျက်တွေ မှတ်မိနေသေးတယ်။ ညဘက် ကတည်းက ထောင်ပြောင်းရှိတယ်၊ ကျနော်ပါတယ် လို့လည်း သတင်း ရထားတော့ ကြိုပြင်ထားတယ်။ ဒီလိုနဲ့ မနက် ၃နာရီလောက်ရှိမယ် ထင်တယ်၊ ထောင်ဝန်ထမ်းတွေ ရောက်လာပြီး လိုက်နှိုးသံတွေ ကြားရတော့တာပဲ။ တချို့ခမျာလည်း သူတို့ မပါလောက်ဘူး ထင်ကာ အေးအေး ဆေးဆေး နေနေရာက ကသီလင်တ နဲ့ တွေ့တဲ့ ပစ္စည်းတွေ ကောက်ထည့် လိုက်ခဲ့ရတော့တာပေါ့။ အခန်းထဲက ထွက်ထွက်ချင်းပဲ ကျနော်တို့ကို ခေါင်းစွပ်တွေ အုပ်ပြီး ထောင်ထဲက ကွက်လပ် တစ်ခုမှာ စုထိုင်ခိုင်းထားတယ်။ တစ်ယောက်ချင်း နာမည်ခေါ်၊ စစ်ပေါ့။

 ” ပိုက်တင် -အဖေနံမည် =“ဦးလှဘော်”

------- ရှိ ----------------------------

ထောင်ကျ နံပါတ်ပြော--------

၁၄၈၇ /စီ -----------------



ကျော်ခင်-------------

သန့်ဇင် ---------------

တစ်ယောက်ချင်းစီ နာမည်ခေါ် မေး။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ထားတော့ ဘာမှမမြင်ရဘူး။ ဘယ်သူတွေပါမှန်း နာမည်တွေ ခေါ်သံကြားမှ သိတော့တယ်။ ဒီလိုနဲ့ ထောင်မှုးတစ်ယောက်ရဲ့ ခပ်ငေါက်ငေါက် အသံက ဟိန်းထွက်လာတယ်။

ဟေ့ ..မင်းတို့ထဲမှာ ကျော်စိန် ခေါ် မှတ်ကြီး ( အဖေနာမည် - ဦးစံမြ ) ပါလား ---

တစ်ယောက်ဆီကမှ အသံထွက်မလာ။ ဒါနဲ့ အဲဒီလူကို ထောင်ဝင်ထမ်းတွေ တခါ သွားရှာပုံရတယ်။

ခဏလေးကြာတော့-

ဆရာ --ခေါ်ထုတ်တဲ့ အထဲမှာ ပါသွားပြီ။ အခု ဒီအုပ်စုထဲမှာပဲ။

ထောင်မှုး စိတ်တိုသွားပုံရတယ်။

ကိုယ့်နာမည်တောင် ကိုယ်မသိဘူးလားကွ ---- ဘယ်ကောင်လဲ ကျော်စိန် ခေါ် မှတ်ကြီး။

ကျနော်တို့ အုပ်စုဆီက တစ်ယောက်မှ အသံထွက်မလာဘူး။

ဒါနဲ့ ထောင်မှုးလည်း နောက်တစ်ခေါက် နာမည်တွေ ထပ်ခေါ်ပြီး၊ နာမည် အခေါ်ခံရတဲ့သူတွေက မတ်တပ်ရပ် နေပေးရတယ်။ တစ်ယောက်ပြီး တစ်ယောက် တန်းစီခေါ်ပေါ့။ နောက် တော့...

ဟေ့ကောင် ---မင်းနာမည်ဘယ်သူလဲ။

မှတ် --မှတ်--မှတ်ကြီးပါ....ထစ်ထစ်ငေါ့ငေါ့ ကတုန်ကရင် အသံတစ်ခု ထွက်လာတယ်။

ကိုယ့်နာမည်တောင် ကိုယ်မသိဘူးလားကွ .. ဆိုပြီး ဆောင့်ကန်သံ ကြားလိုက်ရပြီး..

အား--အား ကြောက်ပါတယ်ဗျ -- ကြောက်ပါတယ် ..ဆိုတဲ့ အသံကြီးက မနက်ခင်း အရုဏ်ထုကို ဖြိုခွဲပစ်လိုက်တယ်။ ကျနော် စိတ်တိုလိုက်တာ မပြောပါနဲ့တော့။ ဒီလူကလည်း ဘယ်လိုလူစားလဲ မသိဘူး။ နာမည် အထပ်ထပ် ခေါ်တာတောင် ကိုယ့်နာမည် ကိုယ်မသိရအောင် စိတ်မှ မှန်ရဲ့လားလို့ စိတ်ထဲ တွေးမိလိုက်တယ်။ မအေ၊ နှမ မိုးမွှန်အောင် ဆဲသံတွေကလည်း စုံနေတာပဲ။

ပြီးလည်းသွားရော ကျတော်တို့အားလုံး တစ်ယောက်နောက်ကို တစ်ယောက်က ကိုင်ရင်း တန်းစီပြီး ထွက်ခိုင်း။ နောက် ထောင်ရှေ့မှာ ရပ်ထားတဲ့ ကားပေါ် တင်ပြီး အင်းစိန်ထောင်မကြီးဆီ ပို့တယ်။ ထောင်မကြီး ရောက်တော့ ကျနော်တို့ကို တစ်ယောက်ချင်းစီ သံခြေကျဉ်း ခတ်တယ်။ ဒီကြားထဲ သံခြေကျဉ်း ရိုက်ရတာ အဆင်မပြေလို့ ဆိုပြီး စောစောက ကိုမှတ်ကြီး ခေါ် ကိုကျော်စိန် ဆိုတဲ့သူကို ဆဲသံတွေက ထပ်ပေါ်လာပြန်ရော။ ကျနော် တော်တော် စိတ်ညစ်သွားတယ်။ ဒီလူကြည့်ရတာ တမျိုးပဲ။ ဘာမှုနဲ့များ ပါလာတာလဲ မသိဘူး။ ကျနော့် စိတ်ထဲမှာတော့ ရာဇ၀တ်သားတွေကို ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်ပြောင်းထည့်တာ အတော် မကျေမနပ် ဖြစ်နေမိတယ်။

အဲဒီအသုတ် ထောင်ပြောင်းတုန်းက ကိုယ့်လိုလူတွေ တော်တော် များတယ်။ ထောင်ပြောင်းမှပဲ မတွေ့တာ ကြာပြီဖြစ်တဲ့ ကိုယ့်လူတွေကို တွေ့ရတော့တယ်။ ကျနော်တို့ကို အင်းစိန်ထောင်ကနေ အင်းစိန်ဘူတာကို ပို့။ အားလုံးကို အချုပ်တွဲပေါ်မှာ တင်ပြီး အဲဒီတွဲကို အင်းစိန်ဘူတာကနေ လူနည်းနည်း ပါးတဲ့နေရာထိ ဆွဲသွားပြီး အဲဒီမှာပဲ မထွက်မချင်း ရပ်ထားတယ်။ ကျနော်ကတော့ ထောင်ပြောင်းခံရတယ် ဆိုတာ စိတ်ထဲက ပျောက်သွားပြီး -ရထားပေါ်မှာ နှစ်များစွာ ကွဲကွာနေတဲ့ ကိုယ့်ရဲဘော်တွေနဲ့ စကားတွေ ပြောမကုန် ဆိုမခမ်းပေါ့။

အင်းစိန်ထောင်ထဲမှာ တစ်ထောင်ထဲသာ အတူတူနေရပေမယ့် တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာ မဟုတ်ဘူးလေ။ ကျနော်တို့ အုပ်စုကြီး ထောင်ပြောင်းတာဟာ ထောင်ပြောင်းတာနဲ့ မတူဘဲ -ပျော်ပွဲစားခရီး ထွက်လာသလိုပဲ ရထားပေါ်မှာ သီချင်းတွေဆိုကြ၊ စကားတွေ ပြောကြ၊ မတွေ့တာ မမြင်ရတာ ကြာပြီဖြစ်တဲ့ ပြင်ပမြင်ကွင်းတွေကို အားပါးတရ ကြည့်ရနဲ့ ပြန်စဉ်းစားရင် အမှတ်တရ အဖြစ်အပျက်တွေပါ။

တောင်ငူရောက်တော့ တောင်ငူထောင် ပြောင်းရမယ့် သူတွေ ချထားခဲ့တယ်။ နောက်တစ်နေ့ မန္တလေးဘူတာ ရောက်တယ်။ မန္တလေးဘူတာမှာတော့ မြင်ကွင်းက မကောင်းဘူး။ ကျနော်တို့ကို လုံထိန်း ရဲတပ်ရင်းက ရဲတွေနဲ့ ၀ိုင်းထားတယ်။ ဘူတာတစ်ဘက်မှာ အချုပ်ကား ရပ်ထားတယ်။ ဘူတာကနေ အဲဒီအချုပ်ကားရောက်သည်အထိ တစ်ဘက်တစ်ချက်မှာ ရဲတွေက သေနတ်တွေကို အသင့် အနေအထားနဲ့ ကိုင်ထားရင်း ကျနော်တို့က အလယ်ကနေ လျှောက်သွားရတာပေါ့၊ အရာရှိ လုပ်တဲ့သူကဆို ပစ္စတိုသေနတ် တရမ်းရမ်းနဲ့။ ဟို အမိန့်ပေးလိုက် ဒီ အမိန့်ပေးလိုက်နဲ့။ ပုံမှန်ဆို လူထုက သိမှာ မဟုတ်ပါဘူး။ အဲသလို လုပ်လိုက်ခါမှ လူတွေက စိတ်ဝင်စားသွားပုံ ရတယ်။ ၀ိုင်းလာပြီး စပ်စုကြတယ်။ ကျနော်က “ကျနော်တို့ ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေပါလို့” ပြောလိုက်တော့ အရာရှိ လုပ်တဲ့သူက လာတဲ့ပြီး ဟိန်းလိုက် ဟောက်လိုက်တာ မပြောပါနဲ့တော့။ လူတွေက တစ်စတစ်စ စိတ်ဝင်စားပြီး များလာတော့ ကျနော်တို့ကို ဇွတ်အတင်း အချုပ်ကားပေါ် တင်ပြီး မောင်းထွက်ခိုင်းတော့တာပဲ။

နောက်တော့ မန္တလေး ထောင်အသစ်ကို ရောက်တယ်။ ကျနော်တို့ ပါလာတဲ့ ပစ္စည်းတွေကို စစ်ဆေးပြီး စားစရာတောင် ချန်မထားဘူး အကုန် သိမ်းပစ်လိုက်တယ်။ ကျနော်တို့အားလုံး ဒေါသတွေ ထွက်လိုက်တာ မပြောပါနဲ့တော့။ ဦးဝင်းထိန် (NLD ပါတီက ဗိုလ်ကြီးဟောင်းဝင်းထိန်) နဲ့ဆို စကားများတဲ့ အထိ ဖြစ်ကြတယ်။ အစက ကျနော်တို့ကို ဘယ်ထောင်ပို့လို့ ပို့မှန်းမသိဘူး။ မန္တလေးထောင်ရောက်မှ ကျနော်တို့ ခရီး ဆက်ရဦးမယ်။ ဦးဝင်းထိန်အပါဝင် တစ်အုပ်စုကို မြင်းခြံထောင် နဲ့ ကျနော်တို့ကို မြစ်ကြီးနားထောင် ပို့မယ်ဆိုတာ အဲဒီအခါမှ သိရတော့တယ်။

ကျနော်တို့ကို နောက်၂ ရက်လောက် အကြာမှာ မန္တလေးထောင်ကနေ မြစ်ကြီးနားထောင်ကို ပို့တယ်။ ဒေါက်တာဇော်မြင့်မောင် (အမရပူရ NLD လွှတ်တော် ကိုယ်စားလှယ်)လည်း ပါတယ်။ အဲဒီခရီးစဉ်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ပုံရိပ်လေးတွေ နှလုံးသားထဲမှာ ထင်ကျန်ရစ်ဆဲပါ။ ထောင်ပြောင်းမယ့် သတင်းကို ဒေါက်တာဇော်မြင့်မောင်က သူ့မိသားစုဆီကို သတင်း လျှို့ဝှက် ပို့လိုက်တော့ -သူ့မိသားစုတွေက ဘူတာကနေ စောင့်နေတယ်။ ဒါပေမယ့် ပါလာတဲ့ လုံခြုံရေး အရာရှိက မိသားစုတွေနဲ့ တွေ့ခွင့် ကောင်းကောင်း မပေးလို့ အဆင်မပြေ ဖြစ်ခဲ့ရတယ်။ ကျနော်တို့ အချုပ်တွဲကို ဘူတာနဲ့ ခပ်ဝေးဝေးဆီ ပို့ထားလိုက်တယ်။ နောက် ရထား ထွက်လာတော့ ဒေါက်တာဇော်မြင့်မောင် မိန်းမက သူ့အစ်ကိုနဲ့ ဆိုင်ကယ်စီး လိုက်လာတယ်။ သူ့အစ်ကိုက ရှေ့က ဆိုင်ကယ်မောင်း- သူက နောက်က တင်ပါးလွှဲ ထိုင်လိုက်လာရင်း သာမန်ဆို သိပ် အထူးအဆန်းကြီး မဟုတ်ပါဘူး၊ ဒါပေမယ့် ဖြစ်ချင်တော့ စစ်ကိုင်း တံတားကြီးပေါ်မှာ နောက်မှာ စစ်ကိုင်းတောင်ကြီးက မို့မို့။ စေတီပုထိုးတွေက ကြည်ညိုစရာ မြင်ကွင်း။ ရထားကလည်း တဂျိန်းဂျိန်းနဲ့မောင်း။ စစ်ကိုင်းတံတားပေါ်က ကားလမ်းမှာ ဒေါက်တာ ဇော်မြင့်မောင် ယောက်ဖ ခမျာ ကျနော်တို့ အချုပ်တွဲ ပြတင်းပေါက်နဲ့ မယှဉ် ယှဉ်မိအောင် ဆိုင်ကယ်ကို မောင်းရင်း ဇနီးမောင်နှံကို တွေ့ပေးရတယ်။ စကားလည်း သိပ် သဲသဲကွဲကွဲ ပြောမရပါဘူး။ စစ်ကိုင်း ရွာထောင်ဘူတာမှာ နာရီဝက်လောက်နားမယ်လို့ ကြားတယ်။ အဲဒီကနေ စောင့်ပေးပါ ဆိုပြီး အော်ပြောရတယ်။ တကယ့် ရုပ်ရှင်ထဲက မြင်ကွင်းထက်တောင် ပိုတယ် လို့ ပြောချင်တယ်။ စစ်ကိုင်းရွာထောင်မှာ မိသားစုတွေနဲ့ နာရီဝက်လောက် တွေ့ခွင့် ရလိုက်ပါတယ်။

ရွှေဘို ဘူတာ ရောက်တော့ ရထားပေါ်က လုံခြုံရေးတွေက အကြံအဖန် လုပ်တယ်။ ဘူတာက တက်လာတဲ့ ခရီးသည် အချို့ကို ပုံမှန်ရထားခထက် လျှော့ပြီး ကျနော်တို့ အချုပ်တွဲပေါ်က စင်္ကြန်ပတ်လမ်းပေါ်မှာ တင်ခေါ်လာတယ်။ အဲဒီတော့လည်း ကျနော်တို့အတွက် စကားပြောဖော်တွေ ရလာတာပေါ့။ ကျနော်တို့က အချုပ်ခန်းထဲမှာ သူတို့က အပြင်က။ အချိန်ကာလ သိပ်မကြာခင်မှာပဲ အမျိုးသမီး တစ်ယောက်နဲ့ ကျတော်တို့ထဲက ကိုပိုက်တင် ဆိုသူနဲ့ အဖွဲ့ကျသွားတယ်။ ကျနော်တို့ကို နိုင်ငံရေး အကျဉ်းသားတွေ ဆိုတာ သိသွားတယ်။ သူက ကျောင်းဆရာမ ( ကျနော် နာမည် မေ့သွားတာ ခွင့်လွှတ်ပါ။) ကျောင်းအားရက်မှာ လယ်ယာသုံးပစ္စည်း အချို့ကို ရွှေဘိုကနေ မြစ်ကြီးနား တက်ရောင်းပြီး အပိုဝင်ငွေ ရှာနေရတာ။ ကျနော်တို့ကို လမ်းတလျှောက် ကူညီလိုက်တာ၊ မြတ်မယ့်ငွေ ကုန်တဲ့ အပြင် အိတ်ထဲကပါ ပါသွားရှာတယ်။ ဒီလို ပြည်သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။

 မြစ်ကြီးနားထောင် ရောက်တော့ တော်တော် မှောင်နေပြီ၊ ကျနော်တို့ကို ဆောက်ပြီးလို့ သိပ်မကြာသေးတဲ့ တိုက်အသစ်မှာ ထားတယ်။ ရင်ခွဲတိုက် သေးသေးလေး။ မျက်နှာချင်းဆိုင် စုစုပေါင်း ၁၀ ခန်း ရှိတယ်။ မြစ်ကြီးနားထောင်မှာ လူရွှင်တော် ကိုပါပါလေးတို့ အုပ်စုက ကျနော်တို့ထက် အစောပိုင်း ကတည်းက ရောက်နေပြီးသား။ အဲဒီအချိန်က နိုင်ငံရေး အကျဉ်းသား ဆိုလို့ စုစုပေါင်း ၁၇ ဦးလောက်ပဲ ရှိမယ် ထင်တယ်။ မြစ်ကြီးနားထောင်မှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ ပြဿနာကတော့ ထောင်ဝင်စာ အခက်အခဲပါပဲ။ ခရီးက အရမ်း ဝေးလွန်းတော့ မိသားစုတွေက တော်ရုံ မလာနိုင်ကြဘူး။ အဲဒီတော့ ကျနော်တို့မှာ အစားအသောက် အရမ်း ခက်ခဲတယ်။ တော်တော် အခက်ခဲနဲ့ကို ရင်ဆိုင်ခဲ့ရတာပါ။

ကျနော်တို့နဲ့အတူ မြစ်ကြီးနားထောင်ကို ကိုမှတ်ကြီး (ခေါ်) ကိုကျော်စိန် ဆိုသူပါ ပါလာခဲ့တယ်လေ။ အစက သူ့ကို ကျနော်ထင်တာ တခြား ရာဇ၀တ်မှုလို့ ထင်ခဲ့တာ။ နောက်မှ သိလာခဲ့ရတာ သူလည်း ကျနော်တို့လို ပုဒ်မ ၅ (ည)ပဲဗျ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ၅(ည)။ အထူးပြုပြီးပြောရတာက တခြား နိုင်ငံရေး မဟုတ်တဲ့ ပုဒ်မ ၅(ည)ဆိုတာရှိသေးတယ်- ဒါကြောင့် ခွဲပြောရတာ။ သူက ရန်ကုန်၊ စမ်းချောင်း၊ မုန့်လက်ဆောင်ကုန်း ဆိုတာမှာ နေတယ်။ မိဘတွေ မရှိတော့ဘူး။ ဘယ်လို ပြောရမလဲ သူ့ပုံစံက တမျိုးပဲ။ လုံးလုံး စိတ်ရောဂါလည်း မဟုတ်၊ လုံးလုံး လွတ်နေတာလည်း မဟုတ် (နည်းနည်းတော့ ရှိပုံရတယ်) ဒါပေမယ့် သူက အေးအေးဆေးဆေးသမား။ အပြင်မှာ အရက် အရမ်း သောက်တယ်လို့ ပြောတယ်။ အခုလည်း အမူးလွန်ပြီး ထောင်ကျလာတာ။

ဖြစ်ပုံက ဒီလို။ စမ်းချောင်းမှာ ၉၆ ကျောင်းသား လှုပ်ရှားမှု အပြီး လိုက်ဖမ်းတယ်။ ဒီလို လိုက်ဖမ်းချိန်မှာ လူထုက ရဲတွေ စစ်သားတွေကို ရရာလက်နက် (လောက်လေးတို့ ဂျင်ဂလိတို့ )နဲ့ ချောင်းမြောင်း ခုခံကြလို့ -တွေ့ရာလူကို မုန်းတီး မှုနဲ့ အဓမ္မ ဖမ်းဆီးနေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ကိုကျော်စိန်က အရက်မူးပြီး လမ်းဘေး အိပ်ပျော်နေတုန်း ကားပေါ်ပစ်တင် ဖမ်းခေါ်ခံခဲ့ရတာပါပဲ။ ( တရားခံ ရှာတဲ့ သဘောပေါ့ )။

နောက်တော့ စစ်ကြောရေးစခန်း ခေါ်သွားပြီး စစ်တယ်..တဲ့။ သူပြောပြလို့ သိရတာပါ။ နိုင်ငံရေး လုပ်လားလို့ မေးတော့ -မလုပ်ဘူးလို့ ဖြေတိုင်း သူ့ကို ရိုက်တော့တာပဲ တဲ့။ (တကယ်တော့ သူ့ ခမျာ နိုင်ငံရေး ဆိုတာကို ဘာမှန်း မသိတာပါ။) ပါတီဝင်ဖြစ်ခဲ့လားလို့ မေးတော့ သူ ဘာသိမှာလဲ။ မဟုတ်ပါဘူး ဖြေလိုက် ..အရိုက်ခံရလိုက်နဲ့။ နောက်တော့ ကြောက်လာတယ်။ လုံထိန်းတွေကို ခဲနဲ့ပေါက်တဲ့ထဲ သူပါ ပါတယ်ဆို စွပ်စွဲတယ်။ ဘယ်သူပါသေးလဲ ဆိုပြီး ဆက် စစ်တော့ သူက အရိုက်ခံရမှာ ကြောက်တာနဲ့ (တကယ်ဆို စစ်ကြောတဲ့လူတွေ သိသိကြီးနဲ့ တရားခံရှာချင်လို့ လုပ်ကြံတာပါ။) သူ့ယောက်ဖ အေးမြင့်လည်း ပါ ပါတယ်ဆို ပြောလိုက်တယ်။

အေးမြင့်ပါ အဖမ်းခံရပြီး ထောင် (၇)နှစ်စီ ချလိုက်တယ်။ အေးမြင့်ဆို ဘာမှန်းကို မသိဘဲ ထောင်ကျလာတာ။ ကိုကျော်စိန်နဲ့ ထောင်ပြောင်း ရထားပေါ်မှာ တွေ့တော့ စကားတွေ များကြရော။ ကိုကျော်စိန်က “ ငါလည်း ထပ် အရိုက်ခံရမှာ ကြောက်တာနဲ့ မင်းနာမည်ပြောလိုက်တာ” တဲ့။ တကယ်တော့ အေးမြင့်က ကိုကျော်စိန်တို့ မိသားစုကို ဒိုင်ခံ စီးပွား ရှာပေးနေသူ တစ်ယောက်ပါ။ သူပါ ထောင်ချခံလိုက်ရတော့ မိသားစုဝင်များ ခမျာ အရမ်း ဒုက္ခရောက်သွားရှာတာပေါ့။ အေးမြင့်က ငိုသံပါကြီးနဲ့ "ကျော်စိန်ရာ ..ငါ့ကိုမှ ကွက်သတိရ ရသလားကွာ .." တဲ့။

ထောင်ထဲမှာ နိုင်ငံရေးနှစ်ပတ်လည် အခမ်းအနားတွေ လုပ်ပြီဆို အများနည်းတူ ကိုကျော်စိန်က ပါဝင်လေ့ ရှိတယ်။ ( ခံယူချက်-ယုံကြည်ချက် ဆိုတာ နားမလည်ပါဘူး။ အများနဲ့ အလိုက်သင့်တော့ နေတတ်တယ်)။

ထောင်ထဲမှာ နေသွားတဲ့ ကာလ တလျှောက်လုံး သူ့ကို ကြည့်ရတာ ဘာအပူမှ မရှိဘူး။ စကားလည်း သိပ်မပြောဘူး။ သူ့ဘ၀က ဆေးလိပ်တစ်တို ရှိရင် ပြည့်စုံနေတာပဲ။ ဆေးလိပ် ပြတ်သွားပြီ ဆိုရင်တော့ အသည်းအသန် လိုက်ရှာတတ်တယ်။ တစ်နေ့ အခမ်းအနားတစ်ခု အပြီးမှာ ကျနော်က နောက်ပြီး ကိုကျော်စိန်ကို စကား ပြောခိုင်းတယ်။ သူ့အသံဝါကြီးနဲ့ ထတဲ့ပြီး.. သူ့တိုက်ခန်းထဲက လှမ်းအော်ပြောလိုက်တယ်။ “ကျနော်လည်း ဒီနေ့ကစပြီး သန်းငွေကို အပြင်းအထန် တော်လှန်တော့မယ်.. ဒါပါပဲ..” တဲ့။

“ကိုကျော်စိန် ..သန်းငွေ ဆိုတာ ဘယ်သူလဲ” လို့ ကျနော်က မေးလိုက်တော့ “မြေနီကုန်း ရဲစခန်းက နယ်ထိန်းလေ..” တဲ့။ ကျနော်တို့ ရယ်လိုက်ရတာ။

နောက်တော့ ကိုကျော်စိန်ကို ပြစ်မှု ထပ်ကျူးလွန်ရင် ကျန်နေတဲ့ ထောင်ကြွေးပြစ်ဒဏ်တွေပါ ထပ်ပေါင်းပြီး ကျခံရမယ်။ အခုတော့ လျှော့ရက်နဲ့ လွှတ်ပေးတာပါ ဆိုတဲ့ ခံဝန်ချက် လုပ်ရတဲ့ ပုဒ်မ ၄၀၁ နဲ့ ထောင်က လွှတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူ ထောင်ထဲမှာနေခဲ့တာ ၅နှစ်လောက်တော့ ရှိရော့မယ်။ (၇နှစ် ကျတာဆိုတော့ ၂နှစ် လျှော့လွှတ် လိုက်တာပေါ့။) သူ့ကို လွှတ်မယ့်နေ့က ဘာ စိတ်လှုပ်ရှားမှုမှ မရှိဘူး။ လွှတ်ဖို့ ခေါ်သွားခါနီးတောင် ကျနော်တို့ကို ဘာပြောလဲ ဆိုတော့-

“ကျနော် ထောင်ရှေ့ ခဏ လိုက်သွားလိုက်ဦးမယ်..” တဲ့။

ကျနော်က လှမ်းနောက်ပြီး “ပြီးရင် ပြန်လာမှာလား” ဆိုတော့ အခြေအနေ အရပဲ”..တဲ့။ အဲဒီလို လူပါ။

ကျနော်တို့ တော်လှန်ရေးမှာ ယုံကြည်ချက်ကြောင့် အသက်တောင် ပေးဆပ်သွားတဲ့သူတွေ - ဘ၀တွေ ပေးဆပ်သွားတဲ့သူတွေ အများကြီးပါ။ တစ်ဘက်က ကြည့်မယ် ဆိုရင်လည်း ဖြေသာပါတယ်။ ယုံကြည်မှု တစ်ခုအတွက် ပေးဆပ်ရမယ် ဆိုတဲ့ အတွေးပါ။ သို့သော်လည်း ယုံကြည်ချက် ဆိုတာ ဘာမှန်းမသိ။ နိုင်ငံရေး ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့ ကိုကျော်စိန်တို့လို( စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့) လူမျိုးကို နိုင်ငံရေးပုဒ်မကြီး တပ်ပြီး ထောင်နှစ်ရှည်လများ ချလိုက်တာဟာ မစာနာမှု တစ်ခုပါ။

ကျနော်တို့ ထောင်ချခံခဲ့ရတယ် ဆိုတာဟာ ကိုယ်လုပ်လို့ ကိုယ်ခံရတာ သိပ်ပြီးတော့ မဆန်းပါဘူး။ မှုလည်း မမှုပါဘူး။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့သူကို ဘာမှ ပတ်သက်ခြင်းမရှိဘဲ ထောင်ချရုံသာမက သူ့ပါးစပ်က ထွက်တဲ့ စကားကိုတောင် အတည်မဟုတ်မှန်း သိရက်နဲ့ အတည်ယူပြီး နောက်ထပ်တစ်ယောက် (ယောက်ဖ အေးမြင့်) ကိုပါ ထောင်ချတယ် ဆိုတာ တော်တော့်ကို ရက်စက်တဲ့ ကိစ္စပါ။

သူတို့အလှည့်ကျရင် အလွန်မှ ကြောက်တတ်ပါတယ်။ နာမည်ကျော် ပန်းချီဆရာမ ချောအိသိန်းက ကျနော့်ကို တခါက ပြောခဲ့ဖူးပါတယ်။ သူနဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ သမီး(အေးအေးသစ်ရွှေ)နဲ့က ရန်ကုန်တက္ကသိုလ်၊ ဥပဒေမှာ ကျောင်းတက်တုန်းက သူငယ်ချင်းတွေပါ။ ၈၈ဖြစ်တော့ ဦးသန်းရွှေတို့ မိသားစုတွေမှာ လုံခြုံရေးအပြည့်နဲ့ နေ နေတဲ့ အချိန်မှာတောင် “ကြွေးကြော်သံတွေကြားလေ.. ကြောက်လို့ တုန်နေတာပဲ ..” လို့ အေးအေးသစ်ရွှေက ချောအိသိန်းကို ပြောခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒေါသ ကြီးတတ်သူဟာ အကြောက်လည်း သိပ်ကြီးတတ်တယ် ဆိုတဲ့ ဗုဒ္ဓ အဆုံးအမကို သွားအောက်မေ့မိပါတော့တယ်။

အာဏာရှင် တော်တော်များများရဲ့ဖြစ်စဉ်များကို လေ့လာကြည့်မယ် ဆိုရင် တော်တော်များများဟာ အပြုံးနဲ့ ရက်စက်တတ်ပြီး.. အကြောက်တရားနဲ့ ကျဆုံးမှုကို ရင်ဆိုင်လေ့ရှိတယ် ဆိုတာ သိရပါတယ်။

"စစ်အာဏာရှင် အဘိဓာန်မှာ စာနာတယ် ဆိုတာ မရှိ။ ”



မူရင်း - ဟစ်တိုင် အင်တာနက် စာမျက်နှာ http://hittai.net

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.