Monday, August 1, 2011

0 ခေတ်သစ်မြိုင်ထနှစ်ပါးသွား (ဆောင်းပါးရှင်-အောင်မျိုးထွန်း)

ပြီးခဲတဲ့ အာဇာနည်နေ့ က ထုတ်ဝေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်နဲ့  ၁၉၈၉ ခုနှစ်က
ထုတ်ဝေခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အာဇာနည်နေ့ ကြေညာချက် နှစ်ခုကို လွန်ခဲ့တဲ့တစ်ပတ်က
ကျွန်တော် ယှဉ်ဖတ်ကြည့်နေရင်း အတွေးတစ်စ ရခဲ့မိတယ်။ ဒီတစ်ခါ ကမ္ဘာကျော်မျက်လည့်ဆရာ
ဒေးဗစ်ကော်ဖာဖီးရဲ့ ရထားကြီးတစ်စင်းလုံးကို ဖျောက်ပစ်လိုက်နိုင်တဲ့ ပြကွက်မျိုး မဟုတ်ပါရစေနဲ့ လို့ 
ကျွန်တော်တို့ ရဲ့ ဆုတောင်းမှုများကို နားလည်ပေးနိုင်ကြမယ်ထင်ပါရဲ့ ။ မီးစတစ်ဘက်၊ ရေမှုတ်တစ်ဘက်
ဆိုတဲ့ ရှေးဆိုရိုးလေးကို ဖြတ်ကနဲ ၀င်လာမိလို့ ပါ။

ဒု-သမ္မတကြီးက သာမန်ပြည်သူတစ်ယောက်လို သဘောထားပါတယ်လို့  ဆီနိတ်တာဂျွန်မက်ကိန်းကို ပြောချလိုက်တော့ ကျွန်တော်တို့ ဒေါသတွေ တလိပ်လိပ်တက်လို့ မှ ဘာမှမကြာလိုက်၊ ပြီးခဲ့တဲ့ အာဇာနည်နေ့  နေ့ ခင်းဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံဆက်ဆံပြလိုက်တဲ့ ပုံစံကို တွေ့ လိုက်ရပြန်တော့ ရှေ့ ရေးအတွက်အားတက်ရပြန်ပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးသမားမရှိ လို့  သမ္မတအကြံပေးအဖွဲ့ ဝင်တွေ လက်လွတ်စပယ်မှတ်ချက်ပေးတဲ့အခါ ပွတ်လောရိုက်ခဲ့ကြပြီး အခုတော့ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို အဲဒီအဖွဲ့ဝင်အချို့ ခြေပုန်းခုတ် ၀င်ထွက်မှုတွေ ရှိနေပြန်တယ်လို့  သတင်းတချို့ ကြားရပြန်ပါတယ်။ ပြည်ထဲရေးဝန်ကြီးရဲ့  ခြိမ်းခြောက်တားမြစ်စာ ပို့ ပြီး သိပ်မကြာခင် ပြည်ထောင်စုဝန်ကြီးတစ်ပါးနဲ့  ရယ်ရွှမ်းပတ်ရွှမ်းတွေ့ ဆုံ၊ နှစ်ဘက်သဘောတူ ကြေညာချက် ထုတ်ပြန်လိုက်တဲ့အခါ ကျွန်တော်တို့  ဟာခနဲဟင်ခနဲဖြစ်ကြရပြန်ပါတယ်။

ပုဂံဒေသနဲ့ အင်ကြင်းတောကို ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်သွားပြီး ပုဂံမိတ်ဆွေများအဖွဲ့ လိုမျိုးဖွဲ့ ဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပြီးမကြာခင် ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးလည်း အဲဒီဒေသကို အပြေးရောက်သွားပြီး မည်သည့်အဖွဲ့ အစည်း၊ မည်သည့်လူပုဂ္ဂိုလ်နဲ့ မဆို ပုဂံဒေသကိစ္စအတွက် ပူးပေါင်း လုပ်ဆောင်နိုင်ပါတယ်လို့ သတင်းစာထဲ ထည့်ရတဲ့အဆင့် ရောက်ခဲ့ပါတယ်။

ကချင်၊ ရှမ်း၊ ကရင် စတဲ့ လူမျိုးစုလက်နက်ကိုင်တွေနဲ့  ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးပွားတွေ ပြေငြိမ်းဖို့ ရန်ဒေါ်အောင်ဆန်းစုကြည်ဘက်က ကိုယ်စွမ်းရှိသရွေ့  ကြားဝင်စေ့စပ်ပေးလိုပါတယ်လို့  ပန်ကြားလိုက်တဲ့အပေါ်သမ္မတအကြံပေးတစ်ယောက်က ဒါဟာ ဒေါ်အောင်ဆန်းစုကြည်စုနဲ့ ဦးအောင်ကြည် စကားပြောကြခြင်းရဲ့ နောက်တွဲအကျိုးဆက်လို့  ပြည်ပသတင်းဌာနတစ်ခုကို မက်ဆေ့ပေးလိုက်တာ ဖတ်ရပြန်တော့ စပ်သလိုချိုသလိုဖြစ်ခဲ့ပြန်ပါတယ်။ မစ္စတာဘန်ကီမွန်းနဲ့  ၀န်ကြီးဦးဝဏ္ဏမောင်လွင်တို့ နှစ်ယောက် နိုင်ငံရေးအကျဉ်းသားများ မလွဲမသွေလွှတ်ပေးဖို့ တယ်လီဖုန်းနဲ့ ပြောကြဆိုကြ။

ဒါတွေဟာ ခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်ပြေးနေတဲ့ နိုင်ငံရေးအဖြစ်အပျက်တွေပါ။ သတင်းတစ်ခုအဆိုအရ မကြာခင် နေပြည်တော်မှာ တခမ်းတနားပြုလုပ်မယ့် လူမှုရေးဖိုရမ်ကြီးတစ်ခုအတွက် အထူးဧည့်သည်တော်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားတယ်လို့  သိုးသိုးသဲ့သဲ့ ကြားရ ပြန်ပါ တယ်။ မှန် မမှန်ဆိုတာစောင့်ကြည့်ရဦးမှာပေါ့။ ယေဘူယျသုံးသပ်ရရင်တော့ “မင်္ဂလာသတင်းများ” လို့ အားလုံးသောအကဲခတ်တွေကမှတ်ချက်ပေးကြပါတယ်။ တို့ နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး တကယ် ဖြစ်လာတော့မှာလို့  အကောင်းဘက်ကရှုမြင်နေကြပြီး အမှောင်ခေတ် နိတ္ထိတံပြီရယ်လို့  မှတ်ယူနေကြ ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ သတိမြဲမြဲ ကပ်ထားရမှာက ဒေါ်အောင်ဆန်းစုကြည်လား၊ NLD လား ဆိုတဲ့ မေးခွန်းလေးတစ်ခုအကြောင်းပါ။ ၂၀၁၀ ရွေးကောက်ပွဲမလုပ်ခင်ကတည်းက တိုးတိုးတိတ်တိတ် စ ထွက်လာတဲ့မေးခွန်းပါ။ အားလုံးမမေ့လောက်သေးတဲ့ အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်။ NLD ကို ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှာပြန်ပြီး မှတ်ပုံတင်- မတင် ကိစ္စကို ပါတီအမှုဆောင်တွေ မဲခွဲဆုံးဖြတ်ရတော့မယ့် ရက်သတ္တပတ်က မြင်ကွင်းတွေဟာ မဟောင်းသေးပါဘူး။ ဘယ်လိုဖြစ်စဉ်တွေနဲ့  ပြီးဆုံးသွားခဲ့သလဲ။ အဲဒီ အချိန်တုန်း က NLDပါတီ မှတ်ပုံတင်ပြီး၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်လာမှာကို နအဖ အစိုးရက မလိုလားခဲ့ဘူးဆိုတာကို တချို့ တွေ သိခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အခန်းကဏ္ဍက ကြီးမားလွန်းတဲ့အပြင် ကြံ့ဖွံ့ အစိုးရအနေနဲ့ လူထုရဲ့ နှစ်ခြိုက်မှု မရရှိတာကို ကုစားနိုင်ဖို့  ဒေါ်အောင်ဆန်းစုကြည်ကို အသုံးလိုနေတာ အမှန်ပါဘဲ။ အစိုးရရဲ့ လိုအပ်ချက်ထဲမှာ NLD ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ရှိနေပုံမရပါဘူး။ ဦးအောင်ကြည်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို ခေါ်တွေ့ တာရယ်၊ သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဆီပေးပို့ တဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်တစ်လုံးထဲ ထည့်သွင်းထားတာတွေဟာ ရှေ့ မှာ ဘယ်လိုအခင်းအကျင်းတွေ ဆက်တိုက်လာတော့မယ်ဆိုတာကို ခန့် မှန်းဖို့ သိပ်မခက်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က အဓိကပေးဖို့ တစ်ခုက လွှတ်တော် ရွေးကောက်ပွဲ တွေမှာ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ပြီး နိုင်ငံရေးဆက်လုပ်ဖို့ ဖြစ်ပြီး ဒီဘက်အနေနဲ့  နိုင်ငံရေးအကျဉ်းသားတွေ ထွက်လာဖို့ ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကို ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခွင့်အတွက် လိုက်လျောပေးဖို့ ပါ။

ကြံ့ဖွံ့ အစိုးရရဲ့ ခြောက်အိပ်မက်တွေ အများကြီးထဲမှာ NLD ဆိုတာကြီးက ရှေ့ ဆုံးမှာရှိနေပါတယ်။ NLD အသံကြားလိုက်တာနဲ့  ၉၀ ရွေးကောက်ပွဲရလဒ်ကို မြင်လာ၊ မတော်မတရားတာတွေက အသစ်ဖြစ်ဖြစ်လာတာကိုလုံးလုံးလက်ခံချင်ပုံမရပါဘူး။ ဒါ့ကြောင့်ဘဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌသစ်က ပါတီ ၃၇ ပါတီကို နေပြည်တော်မှာတွေ့ ကြတုန်း ၉၀ ရလဒ်နဲ့ အာဏာမလွှဲပေးတာဟာ စစ်တပ်ကို ရန်ရှာတုန့် ပြန်မှာကြောင့်ဆိုပြီး စွပ်စွဲဝေဖန်သွားတာဖြစ်ပုံရပါတယ်။ ဦးဥာဏ်ဝင်းလည်း ဒါကို ပြန်ချေပပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ 

ပါတီမှတ်ပုံတင်မယ်ဆိုရင်တောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာမည်ကို သုံးခွင့်ရဖို့  အတော်ကလေးညှိ ယူရ ဦးမယ့်သဘောပါ။ ကြံ့ဖွံ့ ပါတီအနေနဲ့  သေတဖန်သက်တဆုံးအုပ်ချုပ်သွားဖို့ ပြင်ဆင်ထားတယ်ဆိုတော့
NLD နာမည်ကို စိုးရိမ်အထိတ်တလန့်အဖြစ်ဆုံးနဲ့ သူတို့ နဲ့ ပခုံးချင်းယှဉ်နိုင်မယ့် အင်အားကြီးပါတီအဖြစ် NLD
ကိုဘဲ နာမည်အရရော အင်အားအရရော ကြောက်လန့် နေတာဖြစ်ပါတယ်။ ဒီတော့ ပထမဆုံး နာမည်ကို ရှင်းထုတ်လိုတဲ့သဘောဖြစ်ပါလိမ့်မယ်။ ပြီးမှ အင်အားကို စနစ်တကျသတ်ရိုက်ဖြိုခွင်းပြီး ထာဝရအာဏာရ ကြံ့ဖွံ့ ပါတီဖြစ်စေရန်လို့ ဗျူဟာချထားတဲ့ပုံပါ။

ဒါတွေက ကျွန်တော်စဉ်းစားလို့ ရတဲ့ လက်ရှိအစိုးရရဲ့ အတိုက်အခံအုပ်စုအပေါ် ကိုင်တွယ်နေတဲ့ လက်တံခြေတံများဖြစ်ပြီး ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ ပြီးတော့ ကျွန်တော်တို့ လို Pro ဒေါ်အောင်ဆန်းစုကြည် ပရိသတ်တွေအနေနဲ့  ဘယ်ကွေ့ ကို ဘယ်တက်နဲ့ ဘယ်လိုလှော်ဖို့ ကျွန်တော်တို့ တွေဘက်ကဘာများပြင်ဆင်ထားရမလဲ ဆိုတာကို မဖြစ်မနေတွေးထားရပါတော့မယ်။

ကျွန်တော်တို့ ဟာ မဆလ ပါတီကို မကြိုက်ဘူး၊ ငြိမ်-ပိ အာဏာသိမ်းစစ်အစိုးရကို မကြိုက်ဘူး၊ ဦးသန်းရွှေအုပ်ချုပ်သွားတဲ့ နအဖ အစိုးရကို မကြိုက်ဘူး။ ဒီအခြေခံပေါ်မှာ တစိုက်မတ်မတ် တောက်လျောက်ရပ်တည်လာခဲ့ကြပါတယ်။ အဲဒီအစိုးရ သုံးဆက်ရဲ့ နောက်တွဲလို့  ခေါ်ရမယ့် ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့ အစိုးရကိုလည်းမကြိုက်ဘူး။ ကျွန်တော်တို့ မဲထည့်ခဲ့တာ NLD၊ ကျွန်တော်တို့  လိုလိုလားလား အသည်းထဲက ပုံအောခဲ့တာဒေါ်အောင်ဆန်းစုကြည်။ ကျွန်တော်တို့ အကြွင်းမဲ့ယုံကြည်တာ ဒေါ်အောင်ဆန်းစုကြည်။ ကျွန်တော်တို့ သည်ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းပြည်ကို ဦးဆောင်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအခုလို အောက်ကျနောက်ကျဖြစ်နေမှာ မဟုတ်ဘူးလို့  မှတ်ထင်ယုံကြည်ထားကြတယ်မဟုတ်လား။

သူ့ အဖေဗိုလ်ချုပ်လိုဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မျက်နှာတစ်ခုသာကြည့်မယ်၊ ပြည်သူလူထု
အကျိုးတစ်ခုကိုသာ ရှေ့ တန်းတင်မယ်လို့  ကျွန်တော်တို့ အားကိုးယုံကြည်ထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လား၊ NLD လား ဆိုတဲ့အမေးကို အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်လို့ 
ပြန်ဖြေနေတဲ့အချိန်မှာ ကျွန်တော်တို့ မှာရော ဘယ်လိုဆန္ဒမျိုး ရှိကြပါသလဲ။ ကျွန်တော်တို့ ဆန္ဒတွေကို
ဒေါ်အောင်ဆန်းစုကြည် လက်ခံနားလည်ပေးဖို့ မလိုအပ်ဘူးလား။

အောင်မျိုးထွန်း

၁- ၈- ၂၀၁၁

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.