Monday, August 1, 2011

0 အက်ဖ်အီးစီ လခစားများ ငွေလဲနှုန်း ကျဆင်းမှုဒဏ် ခံနေရ

ချင်းမိုင်၊ သြဂုတ် ၁၊ ၂၀၁၁ (YPI) - အက်ဖ်အီးစီနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း ကျဆင်းနေသည်မှာ ၅ လကျော်လာသည့် အတွက် အက်ဖ်အီးစီဖြင့် လခရရှိနေသည့် ၀န်ထမ်းများ အထိနာနေကြောင်း၊ အချို့မှာ အလုပ်ပြောင်းရွှေ့သည်အထိ ဖြစ်လာကြသည်။

ပြီးခဲ့သည့် ၅ လ အတွင်း အက်ဖ်အီးစီဈေးနှုန်း ၂၀ ရာနှုန်းကျော် ကျဆင်းလာခဲ့ရာတွင် နှစ်ဆန်းပိုင်းက တစ်ယူနစ်လျင် ကျပ် ၉၁၀ ရှိခဲ့သည့် အက်ဖ်အီးစီမှာ ယနေ့ ၇၂၀ ကျပ်ထိ ကျဆင်းနေသည်။

ထို့အတွက် အက်ဖ်အီးစီ ဖြင့် လခရရှိနေကြသော ၀န်းထမ်းတစ်ချို့၏ မြန်မာကျပ်နှင့် ညီမျှသည့် ၀င်ငွေ ကျုံ့ဝင်လာပြီး အလုပ်ပြောင်းရွေ့မှု ပြုလုပ်လာကြသည်။

အက်ဖ်အီးစီဖြင့် လစာပေးသည့် မြန်မာတိုင်းမ် ဂျာနယ်မှ ၀န်ထမ်းအချို့လည်း မကြာမီသီတင်းပတ်များ အတွင်း အလုပ်ပြောင်းရွေ့ရန် စီစဉ်နေကြသည်ဟု ၄င်းတို့၏ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးကပြောသည်။

“ ကျွန်တော် တို့ဆီမှာ ဒီလကုန်ရင် သတင်းထောက် နှစ်ယောက်ထွက်ဖို့ ရှိတယ် အက်ဖ်အီးစီနဲ့ ပေးတယ် ဆိုပေမယ့် မြန်မာကျပ်ငွေနဲ့ တွက်ရင် အရမ်းနည်းတယ်လေ။ အရင်ကရုံးက အက်ဖ်အီးစီတစ်ယူနစ်ကို ကျပ် ၉၀၀ နဲ့ ပုံသေသတ်မှတ်ပေးတယ် အခုတော့ အပြင် ပေါက်ဈေး အတိုင်းပဲပေးတော့ အဆင်မပြေဘူး” ဟု မြန်မာတိုင်းမ် အကြီးတန်း သတင်းထောက်တစ်ဦးက ပြောသည်။

အဆိုပါ ဂျာနယ်တိုက်ရှိ ၀န်ထမ်းများအား အက်ဖ်အီးစီ ပြင်ပပေါက်ဈေး မည်မျှပင် ရှိစေကာမူ အက်ဖ်အီးစီ တစ်ယူနစ်လျင် ကျပ် ၉၀၀ နှုန်းဖြင့် ယခင်က သတ်မှတ်ပေးခဲ့သော်လည်း ယခုနောက်ပိုင်း ပြင်ပပေါက်ဈေး အတိုင်း ပေးသည့်အတွက် ယခုလတွင် တစ်ယူနစ် ၇၅၀ ကျပ်နှုန်းဖြင့်သာ ရမည့် အခြေအနေဖြစ်သည်ဟု အဆိုပါ ဂျာနယ်တိုက်မှ ၀န်ထမ်း တစ်ဦးက ရှင်းပြသည်။

အက်ဖ်အီးစီ တန်ဖိုးကျဆင်းသည့် အဖြစ်ကြောင့် အနောက်နိုင်ငံသံရုံးတစ်ရုံးမှ မြန်မာ ၀န်ထမ်းအချို့လည်း ပြီးခဲ့သည့်လကုန်တွင် အလုပ်ထွက်ခဲ့သည်ဟု သံရုံးတစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်က အက်ဖ်အီးစီ ဖြင့် လခရသည့် နိုင်ငံခြားသံရုံး ဒေသခံ ၀န်ထမ်းများအား လစာကောင်းသူများ အဖြစ် သတ်မှတ်ခဲ့ကြသည်။

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများမှ ၀န်ထမ်း အများစုမှာ လစာကို မြန်မာကျပ်ငွေဖြင့် ရရှိကြသော်လည်း နိုင်ငံခြား သံရုံး၊ နိုင်ငံတကာ အန်ဂျီအိုနှင့် အနည်းငယ်မျှသော ပုဂ္ဂလိက ကုမ္ပဏီ တို့က လစာကို အက်ဖ်အီးစီဖြင့် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံခြားငွေဖြစ်သည့် ဒေါ်လာကို တရားဝင် ကိုင်တွယ်သုံးစွဲခွင့်မရှိပဲ၊ နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာ၊ ပို့ကုန်ရငွေတို့အား အစိုးရ ဘဏ်က အက်ဖ်အီးစီဖြင့် လဲလှယ်ကာ ထုတ်ပေးလေ့ရှိသည်။

ကုန်ခဲ့သည့် နှစ်ဝက်ကျော် ကာလအတွင်း အက်အီးစီဈေး ဈေးကျဆင်းခြင်းကို ကျားကန်ပေးရန် ရည်ရွယ်၍ နိုင်ငံတကာ အန်ဂျီအိုနှင့် အချို့ကုမ္ပဏီများတွင် လစာပေးသည့်အခါ အက်ဖ်အီးစီကို ပြင်ပပေါက်ဈေးဖြင့် မဟုတ်ဘဲ နှုန်းတစ်ခု သတ်မှတ်ပြီးပေးခြင်းများလည်း ရှိသည်။

ရန်ကုန် အခြေစိုက် ဆွစ်ဇာလန် အန်ဂျီအိုမှ တာဝန်ရှိသူတစ်ဦး က “အန်တီတို့ အန်ဂျီအိုကတော့ ၂၀၁၁ ဇန္န၀ါရီ လကစပြီး အက်ဖ်အီးစီတွေ ဈေးကျတော့ လစာကို ၁၅ ရာခိုင်နှုန်းတိုးပေးတယ်။ အခုစောင့်ကြည့်တာ အဲဒါကလည်း အဆင်မပြေတော့ ဒီလကစပြီး တစ်ယူနစ်ကို ၁၀၀၀ ကျပ်နဲ့ တွက်ပေးတယ်။ ဒါကြောင့်ဝန်ထမ်း အပြောင်းအရွေ့တော့ မဖြစ်ဘူး အဆင်ပြေတယ်”ဟု ပြောသည်။

ယခုအခါ အစိုးရမှလည်း တရားဝင်သတ်မှတ်ထားသော တစ်ဒေါ်လာ ၆ ကျပ်ဈေးနှုန်းကို ပြောင်းလဲရန် အတွက် လေ့လာမှု၊ အကြို မေးမြန်းမှုများ ပြုလုပ်နေသည်ဟု ပြည်တွင်းသတင်းစာများနှင့် ဂျာနယ်များတွင် သတင်းများရေးသားဖေါ်ပြကြသည်။

အစိုးရအနေဖြင့် တရားဝင်လဲလှယ်နှုန်းကို ပြောင်းလဲ သတ်မှတ်ပါက ဒေါ်လာနှင့် အက်ဖ်အီးစီ စား ၀န်ထမ်းများ အတွက်လည်း အကျိုးသက်ရောက်မှုရှိလာနိုင်မည် ဟု အဆိုပါ ဆွစ်ဇာလန် အန်ဂျီအို အမှုထမ်းက ဆိုသည်။

“အခုကအစိုးရက ပြောင်းမယ်လို့တော့ ပြောတယ် ဘယ်လိုနှုန်းနဲ့ ပြောင်းမယ်ဆိုတာမသိသေးဘူး။အခု ကျမတို့ အက်ဖ်အီးစီတစ်ယူနစ် ၁၀၀၀ ကျပ် သတ်မှတ်ချက်ကို လာမယ့် ဒီဇင်ဘာလအထိ ပေးမယ်လို့ သတ်မှတ်ထားတယ်။ နိုင်ငံတော်က ဒီကြားထဲ တစ်ခုခုဖြေရှင်းပေးရင် အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်” ဟု ၄င်းကဆက်ပြောသည်။
Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.