Wednesday, November 23, 2011

0 ဂီတသမား ကိုဝင်းမော် အကျဉ်းကျအနုပညာဖန်တီးရှင်ဆု( Freedom to Create Imprisoned Artist Prize) ရရှိ


ကျောက်ဖြူထောင်တွင် ထောင်ဒဏ်၁၇နှစ်ကျခံနေရသည့် တေးရေးနှင့် ဂီတာတီးသူ ကိုဝင်းမော်ကို အကျဉ်းကျအနုပညာဖန်တီးရှင်ဆု (Imprisoned Artist Prize) ကို FREEDOM TO CREATE အဖွဲ့ က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ တွင် နိုဝင်ဘာလ ၁၉ရက်နေ့ ချီးမြှင့်ခဲ့ သည်။ ကိုဝင်းမော်ကို ၂၀၀၇ ရွေဝါရောင်လှုပ်ရှားမှုအပြီး နိုဝင်ဘာလအတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ) မှ ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ်ဆက်သွယ်မှုဥပဒေ၊တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု စသည့် ဆွဲချက် များဖြင့် ထောင်ဒဏ်နှစ်ရှည် ထောင်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်က အလားတူ ဆုရရှိခဲ့ဖူးသော လူရွင်တော် ကိုဇာဂနာ ကလည်း ကိုဝင်းမော်အတွက် ဗွီဒီယို အမှာစကားပေးပို့ ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဗွီဒီယို အမှာစကားပေးပို့ ခဲ့သည်။

အခုလို ကိုဝင်းမော်ဆုရရှိ သည်ကို သိရှိရသည့် အတွက် ၀မ်းသာစရာ ဖြစ်သော်လည်း၊အနုပညာရှင်ကိုယ်တိုင်မှာ ထောင်ထဲတွင်ရှိနေ သဖြင့် ၀မ်းနည်းစရာဖြစ်ရကြောင်း၊ သာမန်လူများမတွေ့ မမြင်နိုင်သည့် ရှုထောင့်မှ နေပြီး အနုပညာရှင်များမှာ ကမ္ဘာကြီးကို ပိုမိုလှပစေရန် ဖန်တီးနေခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်၊ အတွေးအခေါ်တို့ ကြောင့် လူများကို ထောင်သွင်းအကျဉ်းချ သည့်အလုပ်မှာ ကျဉ်းမြောင်းသည့် အလုပ်ဖြစ်ကြောင်း၊ ကိုဝင်းမော်နဲ့ လည်းလူချင်းသိရှိပြီး အနုပညာအပေါ်ထားသည့် သူ့ ယုံကြည်ချက်ကို နှစ်သက်ကြောင်း၊ ယခုလို ကာလတွင် ဆုချီးမြင့်ပေးသည့် Freedom to create အဖွဲ့ ကို ကိုဝင်းမော် ကိုယ်တိုင် လာရောက်ပြီး ကျေးဇူးတင်စကားပြောနိုင်မည့် အချိန်ကာလမှာ မဝေးတော့ပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အမှာစကားထဲတွင် ထည့်ပြောသွားသည်။


Aung San Suu Kyi congratulates the 2011 Freedom to Create Imprisoned Artist Prize winner Win Maw


ကိုဇာဂနာ ကလည်း သူဆုရစဉ်က ခံစားမှုဖြင့် နှိုင်းယှဉ်ပြီး ကိုဝင်းမော် ဆုရရှိသည့် အတွက်ဝမ်းမြောက် ကြောင်း၊ ကိုဝင်းမော်မှာ ရွေဝါရောင်တော်လှန်ရေးအတွင်း ဒီဗွီဘီ သို့ သတင်းပေးပို့ မှုဖြင့် အကျဉ်းချခံနေရ သော်လည်း ထောင်တွင်းတွင် အနုပညာများဆက်လက်ဖန်တီးနိုင်နေဆဲဖြစ်ကြောင်း၊သူ မကြာခင် လက်မြောက်လာပြီး အနုပညာများကိုလွတ်လပ်စွာဖန်တီးသွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောခဲ့သည်။

ရွေသံစဉ်တေးဂီတအဖွဲ့ ထူထောင်သူ၊တေးရေးနှင့်လိဒ်ဂစ်တာတီးသူ ကိုဝင်းမော်မှာ အနုပညာသမား အဖြစ်သာ မက ရွေဝါရောင်သံဃာလှုပ်ရှားမှု တွင်လည်း ပြည်သူကြားမှ သတင်းသမားတယောက်အနေ ဖြင့် ဗီဒီယိုရုပ်ပုံများ ကို တက်ကြွလှုပ်ရှားသူများဖြင့် ပူးပေါင်းပြီး မီဒီယာသို့ ဖြန့် ဝေ နိုင်ခဲ့သဖြင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုကို ကမ္ဘာက ပိုမို သိရှိခဲ့ရခြင်းဖြစ်သည်။ ကိုဝင်းမော် ၏ ခံယူချက် နှင့် ဘ၀ တစိတ် တပိုင်းကို အော်စကာဆုပေးပွဲ နောက်ဆုံးအဆင့်သို့ ရောက်ခဲ့သည့် ဘားမားဗွီဂျေ မှတ်တမ်းရှပ်ရှင် ထဲတွင် တစိတ်တဒေသ ဖော်ကျူးထားသည်။

ဆုပေးပွဲကို ကိုဝင်းမော်နှင့် အတူလက်တွဲလုပ်ကိုင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကြီးက တက်ရောက်လက်ခံ ယူခဲ့ပြီး ကိုဝင်းမော်အား စစ်အစိုးရမှ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှု အတွင်း သတင်းများ ပေးပို့ ရာတွင်အဓိက ကြိုးကိုင်အဖြစ် စွပ်စွဲ ပြီး နှိပ်စက်ညှင်းပန်းခဲ့ကြောင်း၊ကိုဝင်းမော် မှာ ယုံကြည်ချက်အတိုင်း လုပ်နေသူသာ ဖြစ်ကြောင်း၊ယခုကဲ့သို့ ဆုရရှိခြင်းဖြင့် ကလေးများနှင့် အိမ်ထောင်တာဝန် ကို ထမ်းနေရသူ ဇနီးသည်အတွက် တဖက်တလမ်း အထောက်အကူဖြစ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ၂၀၁၁ ခုနှစ် ဆုပေးပွဲတွင် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာ မောင်ကိုလည်း Freedom to create leadership ဆု ကို ချီးမြင့်ခဲ့သည်။

FREEDOM TO CREATE ဆုသည် လူမူရေးအပြောင်းအလဲ၊ နိုင်ငံရေး အ ပြောင်းအလဲဖြစ် အောင် ကြိုးစားနေသည့် ကမ္ဘာအနှံ့ ကအနုပညာသမားများ၊လူမှုရေးလုပ်ဆောင်သူ များ အား ပေးအပ် ချီးမြှင့်သည့် ဆုဖြစ်သည်။

http://www.freedomtocreate.com/win-maw

Burma VJ Media Network

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.