Saturday, June 23, 2012

0 ဆရာလူထုစိန်ဝင်း နောက်ဆုံးရေးခဲ့သော ဆောင်းပါး (၆-၆-၂၀၁၂) “ပြန်လာပြီဗျို့”



မြို့ကြီးသားတွေ နားဝင်ချိုအောင် ကိုရီးယားကားတွေထဲက တစ်နေ့လုံးအိမ်ပြင်ထွက်ပြီး အလုပ်သွား၊ ကျောင်းသွားလုပ်ကြတဲ့သူတွေ အိမ်ပြန်ရောက်ကြတဲ့အခါ အိမ်ထဲရောက်တာနဲ့ လူတွေ့တွေ့၊ မတွေ့ တွေ့ ‘ပြန်လာပါပြီ’ လို့ နှုတ်ဆက် လေ့ရှိကြတယ်။ အဲဒီလိုနှုတ်ဆက်ဖို့ ပါးစပ်ကရွတ်ကြည့်တယ်။ ပါးစပ်ဖျားက ၀တ္တရားအရထွက်လာတဲ့ အသံမို့ ပေါ့ရွှတ်ရွှတ်နဲ့ အားမရှိဘူး။ အဲဒါကြောင့် အညာသားပီပီ အားရှိပါးရှိ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ‘ပြန်လာပြီဗျို့’ လို့ပဲ ပွဲဦးထွက် နှုတ်ဆက်လိုက်ပါရစေ။

ကိုကိုးကျွန်းက ပြန်ရောက်စ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ‘အလံမလှဲစတမ်း’ ဆိုတဲ့စာအုပ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခွင့်ရတော့ ‘၀င်းဇော် ပြန်လာပြီ။ ချောအိမာန် ပြန်လာပြီ’ လို့ သတင်းစာမှာ ကြော်ငြာခဲ့တယ်။ နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ထုတ်ဝေခွင့်မရခဲ့တဲ့ ‘အလံမလှဲစတမ်း’ တတိယအကြိမ် ပြန်လည် ထုတ်ဝေခွင့်ရတာနဲ့ မရှေးမနှောင်း လူထုစိန်ဝင်းလည်း နာလန်ထူစပြုလာပြီမို့ တိုက်ဆိုင်စွာ ‘ပြန်လာပြီဗျို့’ လို့ နှုတ်ဆက်လိုက်ရတာ ဖြစ်ပါတယ်။

စောင့်မျှော်အားပေး မေတ္တာထားကြတဲ့ စာဖတ်သူများအပေါ် တာဝန်မကျေဖြစ်ခဲ့ရတာ ဒီတစ်ခါ အကြာဆုံးပါပဲ။ မတ်လနောက်ဆုံးပတ်က စပြီးမိုးကမရွာ၊ အပူကလွန်ကဲ၊ မီးကဖြတ်ဆိုတော့ မရှူသာမကယ်သာ အလူးအလဲခံရပြီး အိပ်ရာထဲ လဲပါတော့တယ်။ အပတ်စဉ်လာကြည့်ပေးနေကျ ဆရာဝန်လေး ဒေါက်တာတင်စံဦး နဲ့ပဲ ခါတိုင်းလိုပြန်ကောင်းသွားမယ် ထင်တာ။ ကောင်းမလာဘူး။ ဧပြီ ၁ ရက် ရွေးကောက်ပွဲ ၀န်းကျင်မှာတော့ လူကတုံးပဲ။ ဘာမှမသိဘူး။ သင်္ကြန်ကျတော့ ဆရာလေးက နှစ်စဉ်သွားနေ ကျ ရှမ်းပြည်နယ်က ကျေးရွာတွေကို အခမဲ့ဆေးကု ထွက်သွားတယ်။ ဒီမှာ ကယ်တင်ရှင်အဖြစ် ရောက်လာတာက ‘အလဲဗင်းမီဒီယာဂရုပ်’ (EMG) ရဲ့ ဒေါက်တာသိန်းမြင့်ဖြစ်တယ်။ ဆရာ က သင်္ကြန်တွင်းကြီးတောင် ရောက်အောင်လာပြီး စောင့်ရှောက်ကုသပေး ရှာတယ်။ ကျေးဇူးအင်မတန်တင်မိပါတယ်။ အဲဒီနောက် နိုင်ငံခြားရောက် သမီးသမားတော်လေးက ထုံးစံအတိုင်း ဖုန်းဆက်ပြီး ကျန်းမာရေးအကြောင်း မေးတော့ အိမ်ကသမီးက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ အဝေးက လူက မမြင်ရတော့ ပိုစိတ်ပူပြီး ရန်ကုန်ကသူ့မိတ်ဆွေ သမားတော်တစ်ယောက်ကို လွှတ်ပေးပြီး ကြည့်စေတယ်။ ဓာတ်မှန်ရိုက်တာ၊ သွေးစစ်၊ သလိပ်စစ်တာ အားလုံးကိုအီးမေးလ် နဲ့ သူ့ဆီပို့ခိုင်းတယ်။ စစ်ချက်တွေ ကိုကြည့်ပြီးတော့ ရန်ကုန်က သူ့မိတ်ဆွေဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး သောက်ဆေး၊ ထိုးဆေး၊ ရှူဆေး တွေပေးကြမယ်။ မနက်၊ ည ဆေး ထိုးဖို့လည်း ပူစရာမလိုဘူး။ ရန်ကုန် က သမားတော်ရဲ့အဆက်နဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးအဖွဲ့ HMS က ဆရာဝန်လေးတစ်ယောက် နဲ့ ဆရာမနှစ်ယောက်က နေ့စဉ် မပျက်မကွက် လာလုပ်ပေးကြတယ်။ ဒီကြားထဲအဖျားတက်လို့ နှလုံးခုန်နှုန်း ၁၄၀ ရောက်နေလို့ ဖုန်းဆက်ခေါ် လိုက်ရင်လည်း ဖုန်းထဲက ဘာဆေး ဘာဆေးတိုက်ထားပါလို့ ညွှန်ကြားပြီး ခဏကြာတော့ လူကိုယ်တိုင်လာရောက် ကြည့်ရှုပေးကြတယ်။ သူတို့လေးတွေလည်း ကျေးဇူးတင်ရပါတယ်။

အရင်နွေတွေလို ခဏပဲထင်ခဲ့ပေမယ့် ဒီတစ်ခေါက် တော်တော်ကြာသွားတယ်။ သုံးလလုံးလုံး ဘုန်းဘုန်း လဲနေတော့တာပဲ။ ကိုယ့်အစာတောင် ကိုယ်မစားနိုင်လို့ ခွံကျွေးရတယ်။ အစာစားရတာကလည်း ဒုက္ခတော်တော်ကြီးတယ်။ အောက်ဆီဂျင်နဲ့ နှလုံးခုန်နှုန်းပြကိရိယာကို လက်မှာစွပ်ထားပြီး အရိပ်တကြည့်ကြည့် စားရတာ အစာတစ်လုတ်ဝါးလိုက်မြိုလိုက် တာနဲ့ နှလုံးက ဒိုင်းဒိုင်းနဲ့ခုန်တက် သွားတယ်။ အစာတစ်လုတ်ကို နှလုံး က ခြောက်မှတ်၊ ခုနစ်မှတ်တက်သွားတာ။ နေကပြင်းပြင်း၊ မီးကမလာတဲ့ အချိန်မျိုးဆိုရင် စိုးရိမ်မှတ် ၁၄၀ လောက်အထိတောင် ရောက်သွား တတ်တယ်။ သိပ်သတိထားပြီး စားရသောက်ရလို့ ထမင်းဖြစ်စေ၊ ဆန်ပြုတ် ဖြစ်စေ ၁၅ ဇွန်းစားရင် အချိန် တစ်နာရီကြာတယ်။

လွန်ခဲ့တဲ့သုံး၊ လေးနှစ်က အထူးကုဆေးရုံကြီးတစ်ခုမှာ ဆေးစစ်ဖို့လုပ်နေတုန်း ရုတ်တရက်အဆုတ်ထဲက လေအိတ်ပေါက်သွားလို့ အသက်ရှူမရတော့ဘဲ သေမလိုဖြစ်ခဲ့ဖူးတယ်။ ဆေးရုံမှာဖြစ်တာမို့ မသေတာ။ ဆရာဝန်တွေက ချက်ချင်းခွဲပြီး အဆုတ်ထဲ က လေတွေကို ထုတ်ပစ်လိုက်တယ်။ နောက်တော့ အဆုတ်ထဲထိ ပိုက်ထိုး ထည့်ပြီး အထဲက အရိအရွဲတွေကုန်အောင် ထုတ်ပစ်ဖို့ ပုလင်းတန်းလန်း နဲ့ နှစ်ပတ်လောက် ဆေးရုံမှာနေခဲ့ရတယ်။ ဒါတောင် စာရေးပျက်တာ တစ်လလောက်ပဲ။ ဒီတစ်ကြိမ်တော့ ရာသီပြောင်း ဖြစ်နေကျ အာဂန္တုဖျားပဲ၊ ခဏနေကောင်းသွားမှာပဲ ထင်ခဲ့ပေမယ့် သုံးလလောက်ကြာသွား တယ်။ တော်တော်လည်း ခံလိုက်ရတယ်။

ဒီကာလတစ်လျှောက်လုံး မေတ္တာ စေတနာထားကြတဲ့ စာဖတ်ပရိသတ်များက တစ်နေ့တစ်နေ့ ဆယ့်လေး၊ ငါးဦးထက်မနည်း ဖုန်းဆက်မေးကြ မေတ္တာပို့ကြတယ်။ နှစ်ရက်ခြားတစ်ခါ မှန်မှန်ဆက်ပြီး အကြိမ်ပေါင်း နှစ်ဆယ်၊ အစိတ် မေးသူလည်း ရှိတယ်။ ဒီလိုမေတ္တာတွေကြောင့် အားတင်းပြီး နာလန်မြန်မြန်ထအောင် ကြိုးစားရတယ်။ လုပ်စရာတွေက အများကြီးရှိသေးတယ်။ စာဖတ်ပရိသတ်အပေါ် တာဝန်မကျေသေးဘူး။ သူတို့ရင်ထဲ က အသံတွေကို နားထောင်ပြီး သူတို့ ပြောချင်တာတွေကို တိုင်းသိပြည်သိ ပြောပေးရဦးမယ်။

အဲဒီလိုဆိုတော့ ‘ကမ္ဘာတုန်အောင် ကုန်းအော်ရလွန်းလို့ အမောဆို့ပြီးဖျားတာ’ လို့ ကရုဏာဒေါသော နဲ့ မှတ်ချက်ချခဲ့တဲ့ မန္တလေးကတူမ ချောက ဘာပြောဦးမလဲ မသိဘူး။

မှတ်ချက် - ဤဆောင်းပါးအား အဆုံးသတ်အထိ ရေးသွားနိုင်ခြင်း မရှိခဲ့ပါ။

Eleven media group

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.