Friday, June 22, 2012

0 ဘင်္ဂလားဒေ့ရှ်၏ငြင်းပယ်ပိုင်ခွင့်

(19 June 2012 ရက်စွဲပါ New York Times တွင် Dan Morrism ရေးသားသော Bangladdesh's right to refusal ကိုဘာသာပြန်သည်။)

(ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာများ၏ ရပ်တည်ချက်ကို သိစေလို၍ ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများသည် အရိုင်းစိုင်းဆုံးလူများ ဖြစ်ပုံရသည်။ ၎င်းတို့သည် သေရမည်ကို ငြင်းဆန်လျက် ရှိသည်။

ရိုဟင်ဂျာများသည် မြန်မာဗုဒ္ဓဘာသာများ၊ ဘင်္ဂါလီလူမျိုးများနှင့် အာရပ်သင်္ဘောသားများမှ ဆင်းသက်လာသော မွတ်ဆလင်များဖြစ်ပြီး ၎င်းတို့၏ ဇာတိမြေတွင် ဥပဒေမလိုက်နာခြင်းများ၊ အများ၏ မနှစ်သက်မှုများ ရှိသည်။ ဒုက္ခသည်များအဖြစ်လည်း မည်သူမျှလက်မခံလိုကြပေ။

ပြီးခဲ့သည့်အပတ်ကတည်းက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကြောင့် လှေများ ဖြင့် ထွက်ပြေးလာကြသော ရိုဟင်ဂျာ(၈၀၀)ခန့်အား ပြန်လည်နှင်ထုတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာသုံးသိန်းခန့်ကို လက်သင့်မခံလိုပေ။ ယခု ထပ်မံရောက်လာသူများအား ခွင့်ပြုရန် ဝါရှင်တန်နှင့် အခြားအစိုးရများ၏ မေတ္တာရပ်ခံမှုကို လက်မခံခဲ့ပေ။

ဘင်္ဂလားဒေ့ရှ်က အဆိုပါ မျှော်လင့်ချက်ကင်းမဲ့နေသော မိသားစုများကို အကူအညီပေးရန် ငြင်းဆန်ခဲ့မှုသည် နိုင်ငံတကာ ကတိကဝတ်များကို ချိုးဖောက်သည့်သဘောရှိသည်။ ဘင်္ဂလားဒေ့ရှ်ကမူ ထိုသို့မဟုတ်ကြောင်း ငြင်းဆန်သည်။

ယနေ့အထိမူ ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်များအား ငြင်းဆိုမှုနှင့်ပတ်သက်၍ ဥပဒေနှင့်ကိုင်၍ အေးဆေးပြောဆိုလျက်ရှိသည်။ "ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်များနေရာပေးရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေ၊ ကွန်ဗင့်ရှင်း စသည်များကို လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေကို ခိုလှုံစရာပေးဖို့ တာဝန်မရှိပါဘူး"ဟု နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ပြီးခဲ့သည့်အပတ်က ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများ အကောင်းဆုံးလုပ်ကိုင်မှုမှာ ရက်စက်သောဖြစ်ရပ်များကို ကန့်ကွက်ဆန့်ကျင်ကြောင်း ပြောဆိုမှုပင်ဖြစ်မည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနှင့် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၇၈ နှင့် ၁၉၉၁ ခုနှစ်တို့တွင် ရိုဟင်ဂျာများ ရှင်းထုတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်က နေရာပေးထားခဲ့ဘူးကြောင်း၊ ၎င်းတို့၏ သန်း(၁၆၀)သောလူဦးရေတို့၏ လိုလားချက်များ ပြည့်မီရေးကိုပင် ရုန်းကန်နေရလျက်ရှိပြီး၊ နောက်ထပ်ရောက်လာမည့် ဒုက္ခသည်များ၏ အရေးကိုထည့်သွင်းမစဉ်းစားနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောသည်။

Moni ၏ကြေညာချက်သည် ကမ္ဘာတစ်လွှားတွင် ရိုဟင်ဂျာများ ဒုက္ခခံစားနေရသည့် ပုံရိပ်များ ပလူပျံနေချိန်တွင် သူတစ်ပါး၏ ဒုက္ခနှင့် ခံစားမှုများကို ဂရုမပြုပဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင်းတွင် အများ၏အမုန်းတရားကို များစွာကြုံတွေ့နေရသည်။ အခြားတိုင်းရင်းသားအုပ်စုများကို နိုင်ငံသား တစ်ပိုင်းပုံစံ ခွင့်ပြုသော်လည်း၊ လူဦးရေ(၈)သိန်းမျှရှိသော ရိုဟင်ဂျာများမှာ နိုင်ငံသားဖြစ်ခွင့်မရပဲ တရားဝင်နိုင်ငံမဲ့များ ဖြစ်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနယ်တွင် ရိုဟင်ဂျာသုံးသိန်းခန့် နေထိုင်လျက်ရှိရာ အနိမ့်ဆုံးအဆင့်ဖြင့်သာ ဆက်ဆံပြီး အခြေအနေမှာ အနည်းငယ်သာရုံသာရှိသည်။ လူသားချင်းစာနာသော အကူအညီများမရအောင် တားဆီးထားသည်။ အချို့မှာ အလွန်တရာပင်ပန်းပြီး လုပ်ခအနည်းငယ် သာရသော အလုပ်များရကြပြီး၊ ၎င်းတို့၏ မိန်းမများ၊ သမီးများမှာ သားကောင်များဖြစ်ကြရသည်။ မကြာသေးမီက စာရေးသူ၏မိတ်ဆွေ ဘင်္ဂလားဒေ့ရှ် သတင်းဆရာတစ်ဦးသည် ရိုဟင်ဂျာအမျိုးသမီးများကို အရေးယူခံရခြင်းမရှိပဲ အဓမ္မပြုကျင့်ကြောင်း စွပ်စွဲခံရသူ ဒေသခံကောင်စီလူကြီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ "သူက ငြင်းပါတယ်၊ ဒါပေမယ့် နောက်တော့ပြောတာက ဘယ်ဘင်္ဂလားဒေ့ရှ်လူမျိုးမဆို ရိုဟင်ဂျာအမျိုးသမီးတွေကို အဓမ္မပြုကျင့်ရင် ဘာမှဖြစ်စရာ အကြောင်းမရှိဘူး"ဟု ၎င်းက ပြောသည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ် အောက်တွင် ကာလကြာရှည်ဖိနှိပ်ခံခဲ့ရသော မြန်မာလူမျိုးများအနေဖြင့် ယခုကဲ့သို့သော လူမျိုးရေးခွဲခြားဆက်ဆံရေးမျိုးကို အချိန်အကြာကြီး မွေးမြူထားခြင်းမှာ စဉ်းစားလျှင်ပင် ရှက်ဖို့ကောင်းလှသည်။ အတိုက်အခံခေါင်းဆောင်နှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ပင်လျှင် ရိုဟင်ဂျာများကို ထောက်ခံရန် ရှောင်ရှားလျက်ရှိသည်။

၁၉၇၁ ခုနှစ်ကမှ လွတ်လပ်ရေးရပြီး ဒုက္ခသည်ပြဿနာများ ကြီးစွာခံစားရသော ဘင်္ဂလားဒေ့ရှ်သည် ကူညီရန် စိတ်အားထက်သန်မှုမရှိခြင်းမှာ ဖြစ်သင့်ပြီး သနားဖွယ်ကောင်းသည်။

သို့ဆိုလျှင် မည်သို့လုပ်ကြမည်နည်း။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် အခြေအနေများ ငြိမ်သက်သွားပါက ပြန်ပို့မည်ဟူသော ခိုင်မာသော နားလည်မှုယူ၍ ဒုက္ခသည်အသစ်များကို လက်ခံ သင့်သည်။ အကယ်၍ မြန်မာနိုင်ငံသည် ၎င်း၏လူများကို ပြန်လည် လက်မခံခဲ့ပါက ချမ်းသာသော တတိယနိုင်ငံတစ်ခုက ၎င်းတို့ကိုလက်သင့်ခံသင့်သည်။

ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ ကိုယ်ပိုင်ပြဿနာများနှင့် ပြည့်နှက်နေပြီးဖြစ်သည်။ အခြားတိုင်းပြည်တစ်ခု၏ အမုန်းတရားများကြောင့် ဖြစ်လာသော အကျိုးဆက်များအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေသင့်ပေ။

transparencymyanmar

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.