Friday, June 22, 2012

1 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် Oxfordတက္ကသိုလ်ဒေါက်တာ ဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှာပြောကြားသော မိန့်ခွန်းအပြည့်အစုံ(ဘာသာပြန်)


အင်္ဂလိပ်ဘာသာအပြည့်အစုံကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်...

ဒီနေ့ကတော့ကျမရဲ့ ဘ၀အစိတ်အပိုင်းများစွာ ပြန်ပေါင်းစပ်တဲ့နေ့ပါဘဲ............ ။ Oxford တက္ကသိုလ်ကြီးထဲက St.Hugh ကောလိပ်ကျောင်းသူဘ၀နှစ်တွေ....၊ Oxford မြို့လေးက Park Town ရပ်ကွက်မှာ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်အနေနဲ့ နေခဲ့ရတဲ့ နှစ်တွေ .......၊ Oxford တက္ကသိုလ်ကြီးက ကျမဘက်က မဆိုင်းမတွန့် ရပ်တည်ပေးခဲ့တဲ့အကျယ်ချုပ်ကျနှစ်တွေ အားလုံးပါဘဲ ။ အဆိုးဝါး အခက်ခဲဆုံး အချိန်တွေမှာ Oxford ရဲ့ အမှတ်ရစရာလေးတွေနဲ့ ကျမ အားတင်းခဲ့တယ် ။

ဒီအမှတ်တရတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ လိုအပ်တဲ့ အရေးပါလှတဲ့ စိတ်ဓါတ်ခွန်အားတွေပါဘဲ ........တကယ်တော့ ဒီအမှတ်တရတွေဟာ ရိုးရိုးစင်းစင်းလေးတွေပါဘဲ ။ သူငယ်ချင်းတွေနဲ့ ချာဝယ် Cherwell မြစ်ထဲ့ လှေစီးခဲ့ရတာတွေ ၊ စိန့်ဟူးကောလိပ်မြက်ခင်းပေါ်မှာ ထိုင်ပြီး စာဖတ်ခဲ့ရတာလေးတွေ ၊ ဒါမှမဟုတ်ရင်လည်း တက္ကသိုလ်စာကြည့်တိုက်မှာထိုင်ပြီး စာအုပ်ကို မကြည့်မိဘဲ ပြတင်းပေါက်က ငေးကြည့်မိတတ်တာတွေ .........။ ဒါတွေဟာ ရိုးစင်းပေမယ့် အရမ်းကိုလည်း တန်ဖိုးထားရတဲ့ အမှတ်တရတွေပါဘဲ ။ ဘာကြောင့်လဲဆိုတော့ ကျမပျော်ခဲ့ရတယ်လေ ။ ဒီလို ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ ဘ၀လေးကဘဲ မြန်မာပြည်က ပျော်ပျော်ရွှင်ရွှင်နေချင်ပေမယ့် ပျော်ရွှင်ခွင့်မရရှာတဲ့ လူငယ်တွေရဲ့ ဘ၀ကို နားလည်စေခဲ့တယ်။



အခုပြန်ပြီး Oxford တက္ကသိုလ်နဲ့ Oxford ကျောင်းသူကျောင်းသားတွေကို မြင်ရတော့ ကျမရဲ့ အပူအပင်ကင်းတဲ့ ပျော်စရာ ကျောင်းသူဘ၀ကို ပြန်မြင်နေရသလိုပါဘဲ ။ မနေ့ကဘဲ စိန့်ဟူးကောလိပ်ကို ရောက်ခဲ့လို့ကျောင်းသူကျောင်းသားတွေကို မြင်ခဲ့ရသေးတယ်။ ကျောင်းသားဘ၀မှာ ကျမတို့တွေဟာ ပျော်ရွှင်စိတ်ချမ်းသာခဲ့ရပါတယ် ။ အခုကျောင်းသူကျောင်းသားတွေလည်း ပျော်ရွှင်ကြတာပါဘဲလေ ။ သူတို့တွေမှာ ပျော်ရွှင်ဖို့၊ စိတ်ချမ်းသာရဖို့ အခွင့်အရေးရှိတာကိုး.......။

ပျော်ရွှင်စိတ်ချမ်းမြေ့တယ်ဆိုတာ ရိုးစင်းတဲ့ စကားပေမယ့် အရေးကြီးလှပါတယ်။ ဒီက ကျောင်းသူကျောင်းသားတွေရဲ့ မျက်နှာလေးတွေဟာ များသောအားဖြင့် ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းရှိကြတယ် ။ ( hidden agenda ဆိုတဲ့ လျှို့လျှို့ဝှက်ဝှက် စဉ်းစားနေရခြင်းတွေ မပွင့်လင်းတဲ့ အကြံအစည်တွေ ၊ ကြောက်ကြောက်လန့်လန့် တွေးနေမိတာတွေ မရှိဘူး ) ။ မနေ့က မြင်ခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေဟာလည်း ပွင့်ပွင့်လင်းလင်းပုံစံလေးတွေပါဘဲ ။ ကျမတို့ကျောင်းသူဘ၀တုန်းက လွတ်လပ် ပွင့်လင်းကြသလိုပေါ့ ။ ဒီလိုနေနိုင်ဖို့ ကျမတို့မှာ အခွင့်အရေးလည်း ရခဲ့တာကိုး ....။ ဘာကိုမှ မကြောက်ခဲ့ရဘူး ။ ဘယ်သူ့ကိုမှလည်း မကြောက်ခဲ့ရဘူး ။ ဒီတော့ ကျမတို့မှာ ကမ္ဘာကြီးကို ရှင်းရှင်း လင်းလင်း မြင်ဖို့ အခွင့်အရေး ရခဲ့တာ မဆန်းပါဘူး ...........။

* သေးသေးမွှားမွှားအဖြစ်အပျက်ကလေးတွေကို ကျမ မှတ်မိနေပါသေးတယ်။ မကြာခဏ သတိရမိတတ်တာက ကျမသူငယ်ချင်း Ann Pasternak-Slate နဲ့ Banbury လမ်းပေါ်မှာ ကားအတူစီးခဲ့တာတွေကိုပါ ။

( Ann Pasternak-Slate မှာ ကိုယ်တိုင်လည်း နာမည်ကြီးစာပေပညာရှင်နှင့်ဘာသာပြန်သူဖြစ်ပြီး အင်္ဂလိပ်လူမျိုးကဗျာဆရာ Craig Raine ရဲ့ ဇနီးလည်း ဖြစ်သည် ) ။

ကားပေါ်အတူထိုင်ရင်း Ann က ကျမတို့ ၂ ယောက်ရဲ့ ဂျင်းဘာင်းဘီဝတ် ဒူးဂေါင်းတွေကို ကြည့်ရင်း '' ဟင်း...ဒါမတရားဘူးနော်...ဒူးဂေါင်းချင်းတောင် မတူကြဘူး '' လို့ ပြောတတ်တယ် ။ ပြောလည်း ပြောချင်စရာဘဲ ။ ဘယ်လို မတူတာလည်း သေချာမသိပေမယ့် ဒူးတစ်စုံက ချွန်နေပြီး နောက်တစ်စုံက လုံးနေတာတော့ တွေ့တယ် ....( ရယ်သံများ ) ။ ဒါလေးတွေဟာ ကျောင်းသားဘ၀မှာ စိတ်ဝင်တစား သတိပြုမိစရာလေးတွေ၊ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောစရာလေးတွေ ဖြစ်နေတတ်တယ်။ ဟုတ်ပါ့နော် ။ ကျမတို့တွေ ဒူဂေါင်းတောင် မတူရဘူးရယ်လို့ ။
ဒီလိုဘဲ ကမ္ဘာလောကကြီးကလည်း အသွင်မတူတာတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမယ့် ကျမတို့ မကြောက်ခဲ့ပါဘူး ။ ကွဲပြားမှုတွေရှိတယ်ဆိုတာ ကျမတို့တွေ ရင့်ကျက်ခိုင်မာတယ် ဆိုတဲ့သဘော မဟုတ်လား ။ ဒီလိုနဲ့ဘဲ ဘ၀မှာ ဖြစ်လာမယ့် မတူညီတဲ့ပြသာနာတွေကို ရင်ဆိုင်ဖြေရှင်းတတ်ဖို့ ကျမတို့ သင်ယူလေ့လာခဲ့ကြတယ်။

ကျမလိုဘဲ ဒီနှစ်မှာ ဒေါက်တာဘွဲ့ရတဲ့ လူတစ်ယောက်ကတော့ စာရေးဆရာ John le Carré ပါဘဲ ။ သူ့ရဲ့ စာအုပ်တွေကလည်း အကျယ်ချုပ်ကျစဉ်ကာလအတွင်းမှာ ကျမကို အတော်အထောက်အပံ့ ဖြစ်ခဲ့ပါတယ် ။ စာအုပ်တွေဟာ ထွက်ပေါက်တစ်ခုဘဲ မဟုတ်လား ။ ကျမကတော့ ထွက်ပေါက်ဆိုတာ ထက် ကျမကမ္ဘာလေးထက် ပိုကျယ်ဝန်းတဲ့ ကမ္ဘာကြီးထဲကို သွားဖို့ ခရီးရှည်ကြီးလို့သာ ဆိုချင်ပါ တော့တယ်။ တိုင်းပြည် နိုင်ငံတွေအကြောင်းရေးထားလို့ချည်း ကျယ်ဝန်းတာမဟုတ်ဘဲ အတွေးအခေါ်တွေ စိတ်ကူးစိတ်သန်းတွေပေါ်လည်း အခြေခံထားတယ်လေ ။ ဒီခရီးတွေဟာ ကျမကို '' သြော် ငါဟာ လူ့လောကကြီးနဲ့ လုံးလုံးကြီး အဆက်ပြတ်နေတာ မဟုတ်သေးပါလား '' ဆိုတဲ့ ခံစားမှုကို ပေးခဲ့တယ် ။ ကျမဘယ်တော့မှ အထီးမကျန်ခဲ့ပါဘူး ။ ကျမနေတဲ့ နေရာလေးကနေ ဝေးလံခေါင်သီတဲ့ နေရာတွေကို သွားဖို့ နည်းတွေအများကြီး ရှိနေခဲ့ပါတယ်။

ဒါတွေ ဒါတွေ အားလုံးဟာ Oxford မှာ နေခဲ့ရတဲ့ ကာလတွေကြောင့် ၊ Oxford မှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေကြောင့် အဓိကပါဘဲ ။

Oxford ကနေ သင်ပေးလိုက်တာတွေထဲမှာ ကျမအတွက် အရေးအပါဆုံးကတော့ စာအုပ် အထူကြီးတွေဖတ်ပြီး လေ့လာလို့ ရခဲ့ရတာတွေမဟုတ်ဘဲ '' ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြီးအတွက် အကောင်းဆုံးစံ အရည်အသွေး တွေကို လေးစားလာတတ်ခြင်း '' ဆိုတာပါဘဲ ........... ။

ယဉ်ကျေးတဲ့ လူ့ဘောင်အတွက် အကောင်းဆုံးဆိုတာတွေဟာ Oxford တစ်ခုထဲမှာဘဲ ရှိနေတာ မဟုတ်ပါဘူး ။ အလားတူဘဲ မြန်မာပြည်မှာချည်းဘဲလည်း မရှိပါဘူး။ ယဉ်ကျေးတဲ့ လူဘောင်ရဲ့ အကောင်းဆုံးအရည်သွေးတွေဟာ ကမ္ဘာအရပ်ရပ် နေရာအနှံ့ကလာတာပါ၊ ဒါပေမယ့် ကျမအတွက်တော့ အဲဒီ အကောင်းဆုံးအရည်အသွေးတွေကို Oxford ဆိုတဲ့ နေရာတစ်ခုမှာ လေ့လာခွင့်ရခဲ့ပါတယ် ။ ဒီသင်ယူလေ့လာခဲ့တာကဘဲ လူ့အဖွဲ့အစည်းရဲ့ သိပ်မကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ရာမှာ အထောက်အကူပေးခဲ့တယ်လေ ။

အကောင်းဆုံးမဟုတ်ဘူး ဆိုတာတွေဟာ တစ်နေ့တော့ အကောင်းဆုံးဆိုတဲ့ အဆင့်ကို ရောက်လာနိုင်သေးတာဘဲ ။ ပြုပြင်တိုးတက်လို့ ရနိုင်တာဘဲ မဟုတ်လား ။ ဒီအချက်ကဘဲ ကျမကို ''လူသားမျိုးနွယ်ရဲ့ မွေးရာပါ ဥာဏ်ပညာ '' အပေါ်မှာ ယုံကြည်မှုကို ပေးစွမ်းခဲ့တယ်။ ဒီဥာဏ်ပညာဟာ လူတိုင်းမှာတော့ မပါဘူးပေါ့လေ ။ ဒါပေမယ့် တကမ္ဘာလုံးနဲ့ ခွဲဝေသုံးနိုင်လောက်အောင် ၊ တခြားလူများအတွက်ပါ မျှဝေသုံးလို့ရအောင်တော့ လူတော်တော်များများမှာ ပါ ပါတယ်။

မြန်မာပြည်နဲ့ ပတ်သက်ပြီး မကြာခဏ တွေးမိတဲ့ စိတ်မကောင်းစရာအကောင်းဆုံးတစ်ခုကတော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေမှာ တက္ကသိုလ်ကျောင်းဝင်းထဲက Campus Life ကို မရတာ ဆယ်စုနှစ်တွေကျော်ခဲ့ပြီဆိုတာပါဘဲ ။ တက္ကသိုလ်ရဲ့ Campus Life ဆိုတာ ကိုယ့်ဘ၀ကိုကိုယ် စိတ်ကြိုက် တည်ဆောက်နိုင်တဲ့ ဘ၀ ၊ ဒါမှ မဟုတ်ရင်လည်း ကမ္ဘာကြီးကို ခါးစောင်းတင်နိုင်တဲ့ဘ၀ကို ဆိုလိုတာပါ ။ ကျောင်းသူကျောင်းသားဘ၀ဆိုတာ ဒီလို လုပ်ဖို့ လွတ်လပ်မှု Freedom ဆိုတာလည်း ရှိတယ် ၊ လုပ်နိုင်တဲ့အခွင့်အရေးပေးတဲ့ Facilities ဆိုတာတွေလည်း ရှိတယ် မဟုတ်လား ။

မြန်မာပြည်က လူငယ်တွေကတော့ ဒီလိုလုပ်ဖို့ လွတ်လပ်ခြင်းမရှိတာ ဆယ်စုနှစ်တွေတောင် သုံးလေးခုနီးပါးလောက်ရှိပြီ ။ ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ထားဖို့ လိုတယ်ဆိုတာ ကြီးကြောင့် တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀ဆိုတာ တစစီ ပျက်စီးကြေမွခဲ့ရတယ် ။

* တကယ်တော့ ဒါမျိုးလုပ်တာက မဖြစ်နိုင် မထိရောက်ပါဘူး ...ကျောင်းသားတွေကို ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကြီးမှန်း လူတိုင်းသိနေတာဘဲလေ ။ ဒါကြောင့် ဒီသဲထဲရေသွန်ဖြစ်မယ့်၊ မလိုလားအပ်တဲ့ လုပ်ရပ်ကြီးအတွက် ကျမတို့တွေ အချိန်တွေ မကုန်သင့်တော့ပါဘူး ။ ကျမအနေနဲ့ မြန်မာပြည်က တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀ အဆင့်မှီမှီ ပီပီပြင်ပြင် ပြန်လည်ထွန်းကားလာတာကို မြင်ချင်ပါတယ်။ ကျမရဲ့ Oxford ကျောင်းတော်ကြီးက ဒီလို ပြန်ဖြစ်လာအောင် ကူညီပေးမယ်ဆိုရင် ကျမအရမ်းကို ကျေးဇူးတင်မိမှာပါ ။

'' ငါဟာ ကမ္ဘာလောကကြီးအတွက် အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ပေးနိုင်တယ် '' ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှု ၊ '' လောကကြီးကလည်း မိမိဆီက အကောင်းဆုံးကို မျှော်လင့်တယ် '' ဆိုတဲ့ ယုံကြည်မှု အပြည့်အ၀နဲ့လူငယ်ဘ၀ကို အစပြုနိုင်ဖို့ရာ '' ကမ္ဘာကြီးဟာ ကိုယ်နဲ့ အပြန်အလှန် ဆိုင်တယ် '' ဆိုတဲ့ ခံစားချက်ကလေးကို မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ခံစားစေချင်ပါတယ် ။

လူသားမျိုးနွယ်ကြီးကို တန်ဖိုးထားတတ်အောင် Oxford က ကျမကို သင်ပေးခဲ့ပါတယ်။ Oxford မှာတက်စဉ် ပထမ ( ၂ ) နှစ်လောက်အတွင်း ကျမက တစ်ဦးတည်းသော မြန်မာကျောင်းသူလေ ။ ကျမသူငယ်ချင်းတွေဟားလုံးက အင်္ဂလိပ်တွေ ချည်းမဟုတ်ဘဲ ဂါနာ၊ အိန္ဒိယ ၊ ထိုင်း ၊ သီရိလင်္ကာ နဲ့ တခြားနိုင်ငံတွေကလည်း ပါကြတယ်။

သူတို့နဲ့ ကွဲပြားတယ်လို့ဘဲ တခါမှ မခံစားမိခဲ့ပါဘူး ။ အားလုံးအတူတူဘဲ ..အားလုံး တက္ကသိုလ်တစ်ခုတည်းက ကျောင်းသူ၊ ကျောင်းသားတွေဘဲ ။ ဒီအချက်ကြောင့်ဘဲ ဘယ်အရာကမှ ကျမတို့ကို ခွဲခြားလို့မရသလို ခံစားရစေတယ်။ ဘာသာ၊ လူမျိုး ၊ နိုင်ငံသား ၊ ကုန်ကုန်ပြောရရင် ကျောင်းပညာဘယ်လောက်တော်သလဲ ဆိုတာကတောင် ကျမတို့ကို ကွဲပြားတယ်လို့ မခံစားရစေဘူး။

Oxford ဟာ တကယ့်ကို စိတ်ဓါတ်ပွင့်လင်းမှုရှိတဲ့ နေရာတစ်ခုပါဘဲ ။ ဘယ်သူကဘယ်သူ့ကိုမှ နင်နဲ့ ငါက မတူဘူး ဆိုပြီး ခွဲခြားဆက်ဆံတယ်ရယ်လို့ မရှိဘူး ။ သူများလောက်မတော်လို့ ခွဲခြားဆက်ဆံခံရတယ်လို့လည်း မရှိဘူး ။ လူတိုင်းလူတိုင်းမှာ သူ့ရဲ့ တန်ဖိုးနဲ့ သိက္ခာ ရှိတယ်လို့ သတ်မှတ်ထားတဲ့နေရာ တစ်ခုပါ ။

ဒါကြောင့်ဘဲ မြန်မာပြည်မှာ လူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေစဉ်အတွင်းမှာ '' သြော်..ငါ့တက္ကသိုလ်ကြီးက သဘောကျမယ့်ဟာတစ်ခုကို ငါလုပ်နေတာပါလား'' ရယ်လို့ ကျေနပ်ခံစားမိတယ်။ ကျမနောက်မှာ နှစ်ခြိုက်အားပေးမှု တစ်ခုရှိနေတယ်ဆိုတာ သိရတာ အင်မတန် အားတက်ရပါတယ်။

မြန်မာပြည်ဟာ အခုမှ ခရီးလမ်းတစ်ခုကို စတင်လျောက်လှမ်းရမှာပါ ။ အဲဒီလမ်းက အင်္ဂလန်က လမ်းတွေလိုတော့ ဘယ်ဟုတ်ပါ့မလဲ ။ မချောမွေ့ဘူး ။ ကောင်းကောင်းပြုပြင်ထိန်းသိမ်းထားတဲ့ လမ်းမျိုးမဟုတ်ဘူး။ အဲဒီလောက်ကောင်းတဲ့ လမ်းအဆင့်မျိုး မရောက်သေးပါဘူး ။ အခုမှ ကျမတို့ဖာသာ ကျမတို့ စဖောက်ရမယ့်လမ်း၊ ရှေ့ကို ဆက်သွားရင်းနဲ့ နည်းနည်းချင်း ဖောက်သွားရမယ့် လမ်းမျိုး ဆိုပါတော့ ။

ခုချိန်မှာ များစွာသောလူတွေက မြန်မာပြည်ကို အဆမတန် မျှော်လင့်နေကြတယ် ။ သူတို့တွေထင်တာက မြန်မာပြည်က ကျမတို့ရဲ့ လမ်းဟာ ကျမသွားခဲ့ဖူးတဲ့ London နဲ့ Oxford ဆက်ထားတဲ့ ဟိုင်းဝေးလမ်းမကြီးတစ်ခုလောက် ချောမွေ့နေတယ်လို့ ထင်နေပုံပါဘဲ ။ ကျမဖြင့် ချောလွန်း ဖြောင့်လွန်းလို့ အဲဒီ ဟိုင်းဝေးလမ်းတွေမှာ ကားတောင် မူးမိပါရဲ့ ။ ဒီလောက် ချောမွေ့ဖြောင့်တန်းလွန်း တာကို ကျမမှ ကျင့်သားမရတာကိုး ....။( ရယ်သံများ )

မြန်မာပြည်က ကျမတို့ရဲ့လမ်းကတော့ ခုမှ ကိုယ့်ဟာကို ဖောက်ရမှာပါ ။ ခက်ခက်ခဲခဲ ဖြည်းဖြည်းချင်းပေါ့ ။ ကျမတို့တွေက ဒီလို လမ်းဖောက်နေတုန်း လူကြီးမင်းတို့ကလည်း ကျမတို့နဲ့ အတူ အားပေးရပ်တည်ပေးလိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ် ။ အပြင်မှာ လက်တွေ့မရှိသေးပေမယ့် ကျမတို့ နှလုံးသားနဲ့ စိတ်ထဲမှာ ဒီလမ်းဟာ ရှိပြီးသားဆိုတာ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ သွားချင်တဲ့ နေရာကို ရောက်ဖို့ လူကြီးမင်းတို့ အကူအညီလည်း လိုဦးမှာပါ ။

* ဒါဖြင့် ကျမအနေနဲ့ မြန်မာပြည်ကို ဘယ်လမ်းမျိုး သွားစေချင်သလဲ ဆိုတာ မေးစရာရှိလာပါတယ် ။ ၂၄ နှစ်အတွင်း ကျမရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်က ဒီဥရောပခရီးမဟုတ်ဘဲ ထိုင်းကို သွားခဲ့တာပါ ။ ထိုင်းမှာ ရှန်ဂရီလာဆိုတဲ့ ဟိုတယ်မှာ တည်းခဲ့တော့ '' ပျောက်ဆုံးသွားတဲ့ မိုးကုတ်စက်ဝိုင်း '' ဆိုတဲ့ စာအုပ်ကို သတိရမိပါရဲ့ ။ အဲဒီထဲမှာ ရှန်ဂရီလာကို Oxford သေးသေးလေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားတာ သိကြမှာပါ ။ ( ရယ်သံများ ) ကျမလည်း မြန်မာပြည်ကို အောက်စဖို့ ရှန်ဂရီလာလေးတစ်ခုလို ဖြစ်စေချင်မိပါတယ်...........။

( ပျောက်ဆုံးသွားတဲ့ မိုးကုတ်စက်ဝိုင်း Lost Horizon ဆိုတဲ့ ၀တ္တုမှာ.......... စစ်တွေဖြစ်လွန်းလို့ ဒုက္ခတွေ ဝေနေတဲ့ ကမ္ဘာကြီးကို စိတ်ကုန်နေတဲ့ ဇာတ်လိုက်ဟာ တကယ့်မေတ္တာစစ်၊ မေတ္တာမှန်နဲ့ စိတ်၏ချမ်းသာခြင်းကို ရှန်ဂရီလာ ဆိုတဲ့ အရပ်မှာ ရှာတွေ့သွားပါသတဲ့ ။ အဲဒီအရပ်ဟာ ဒုက္ခမရှိ၊ လူမသေတဲ့ စိတ်ချမ်းသာဖွယ် ခိုလှုံရာအရပ် တစ်ခု ( တနည်းအားဖြင့် လောကနိဗာန်တစ်ခု ) ဖြစ်ပါသတဲ့ ။ အဲဒီ လောကနိဗာန်ဟာ တရုပ်ပြည် တိဘက်ဒေသမှ Kunlun တောင်တန်းများကြားမှာ ရှိတယ်လို့ ယူဆကြပြီး တိဘက်လို Shangri-La လို့ ခေါ်တယ်လို့ သိရပါတယ် ။ ၀တ္တုထဲမှာ စာရေးဆရာက ရှန်ဂရီလာကို Oxford မြို့သေးသေးလေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားတယ်လို့ ဆိုပါတယ် ။ အင်္ဂလိပ်စာရေးဆရာ James Hilton ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်း ၀တ္တု ပါ ..

ကျမလုပ်ချင်တာကတော့ ကြိုးစားမှု ၊ ဗဟုသုတနဲ့ ခေတ်မှီသုတေသနတွေကို အခြေခံပြီး လက်တွေ့ကျတာမျိုး လုပ်ချင်ပါတယ် ။ ဒီလို လုပ်ဖို့ရာမှာ မ,တည်ဖို့ ငွေ ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး ။ ဒီခေတ်မှာ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ဆိုရင် ငွေဆိုတာ လိုစမြဲမဟုတ်လား ။ ဒီလိုပြောရတာကတော့ မြန်မာပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံစေချင်လို့ပါ ။ ဒီလို ရင်းနှီးမြုပ်နှံတဲ့နေရာမှာလည်း မှန်မှန်ကန်ကန် တာဝန်ယူရဲတဲ့စိတ်နဲ့ လုပ်ဖို့လိုပါတယ် ။ လာပြီး ရင်းနှီးမြုပ်နှံသူတွေသာမက မြန်မာပြည်သူတွေပါ ဒီရင်းနှီးမြုပ်နှံမှုတွေကနေ အကျိုးရှိရမယ်ဆိုတာ မမေ့သင့်ပါဘူး ။

စီးပွားရေးလုပ်ငန်းတွေ ၊ လူသားအကျိုးပြု လုပ်ငန်းတွေအားလုံးဟာ ရင်းနှီးမြုပ်နှံမှုတွေတွေပါဘဲ ။ ဒီလိုရင်းနှီးမြုပ်နှံရာမှာ ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို ဦးစားပေးတဲ့ မြုပ်နှံမှုမျိုး ( democracy-friendly , human-rights-friendly ) ဖြစ်အောင် ကူညီပေးကြပါ ။ လူကြီးမင်းတို့တန်ဖိုးထားရပ်တည်ရတဲ့ စံတွေ တန်ဖိုးတွေ၊ လူကြီးမင်းတို့က ကျမကို Oxford မှာ သင်ပေးလိုက်တဲ့ စံတွေ တန်ဖိုးတွေ မြန်မာပြည်မှာ ရှိလာအောင် ဒီရင်းနှီးမြုပ်နှံမှုတွေက အကူအညီပေးမှာပါ ။

ဒီနေ့ကတော့ ကျမအတွက် အရမ်းကို စိတ်လှုပ်ရှားကြည်နူးရတဲ့နေ့ပါဘဲ ။ ဘာကြောင့်လည်း ဆိုတော့ အမြဲတမ်း ရှိနေတဲ့ ၊ ဘယ်တော့မှ ပျောက်မသွားတဲ့ အတိတ်ကို ပြန်တွေ့ခဲ့ရတယ် ။ အနာဂတ်ကို သွားဖို့ အဲဒီ ပျောက်မသွားတဲ့ အတိတ်ကနေ အကောင်းဆုံးစံ၊ အရည်အသွေးတွေကို ရွေးချယ်အသုံးချလို့ ရပါတယ် ။ စိန်ဟူးကောလိပ်မှာ နေတုန်းက ကာလတွေအားလုံးကို တခုမကျန် သတိရမိတယ် ။ အဆောက်အဦးသစ်တွေ ပေါ်လာပေမယ့် အသစ်တွေဟာ အဟောင်းတွေနဲ့ သဟဇာတဖြစ်ဖြစ် ရောယှက်ပေါင်းစပ်နေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒီလို အဆင်ပြေပြေ သဟဇာတဖြစ်ဖြစ် ရပ်တည်နေနိုင်မှုဟာ အနာဂတ်အတွက် အင်မတန်ကောင်းတဲ့ မြင်ကွင်းပါဘဲ ။

ကျမတက်ခဲ့တဲ့ ကောလိပ်ကို ပြန်လာရတာ သိပ်ဂုဏ်ယူမိပါတယ် ။ ကျမတို့ အဖွဲ့ကို ကျောင်းအုပ်ဆရာကြီး၊ သူ့မိသားစုနဲ့ ကျောင်းသူကျောင်းသားတွေက နွေးနွေးထွေးထွေး ကြိုဆိုလို့လည်း ပီတီဖြစ်မိပါတယ် ။ ကျောင်းသူကျောင်းသားတွေရဲ့ နွေးထွေးမှုဟာ တကယ်ဘဲ ၀မ်းသာကြည်နူးစရာပါ ။

ကျမ ဟိုးအရင်ကျောင်းသူဘ၀ကို ပြန်ရောက်သွားတယ်လို့ ခံစားရတယ် ။ သူတို့နဲ့ ကွဲပြားတယ်လိုကို တစက်မှ မခံစားရပါဘူး ။ တနည်းအားဖြင့် အခု ကျမဟာ ဟိုးအရင်က Oxford ကျောင်းသူ အောင်ဆန်းစုကြည်ပါဘဲ ။ ဒါပေမယ့် ကျမရင်ဆိုင်ခဲ့ရတဲ့ ဘ၀အတွေ့အကြုံအမျိုးမျိုးကြောင့် တနည်းအားဖြင့်လည်း အရင်က ကျမနဲ့ အခုကျမဟာ ကွဲပြားနေပြန်ပါတယ်..........။

ဒီအတွေ့အကြုံဟောင်းတွေကို အောက်စဖို့ဒ် မှာ အခု ကျမပြန်လည် ခံစားမိပါတယ်။ အတွေ့အကြုံသစ်တွေကို ပေးစွမ်းဖို့၊ သိုမှီးဖို့ ရာလည်း အောက်စဖို့ဒ်ဟာ ကျယ်ပြန့်ကြီးးမားပါပေတယ် ။

ပြောခဲ့သလိုဘဲ ကျမတို့လျှောက်လှမ်းရမယ့် ခရီးလမ်းဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့်အောက်စဖို့ဒ်က အတတ်နိုင်ဆုံး ကူညီပေးလိမ့်မယ်ဆိုတာ ကျမသိပါတယ်။ ကျမကို ရင်နှစ်သည်းချာတယောက်လို သဘောထားခဲ့တဲ့ Oxford ရဲ့ ကျေးဇူးကြောင့် ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အစွမ်းကုန်ဖြေရှင်းဖို့ အားအင်တွေ ရခဲ့ပါတယ် ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ် .........။
ဘာသာပြန်ပေးသော Spring Flowers အားကျေးဇူးတင်ရှိပါသည်..

1 comment:

  1. Thank you Spring Flowers, the translation is perfect man.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.