Monday, June 7, 2010

0 မြန်မာနိုင်ငံမှ ကမ္ဘာ့ အဆိုးဆုံး အာဏာရှင်များ၏ ဆိုးသွမ်းမှုများ အပေါ် ကုလသမဂ္ဂ၏ “ရူးသွပ် မိုက်မဲမှု”

အဲယ်လဘတ် အိုင်းစတိုင်း၏ စကားကို ကိုးကား၍ ပြောရမည် ဆိုပါက ရူးသွပ် မိုက်မဲခြင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အကြောင်းအရာ တစ်ခုတည်းကို ထပ်ကာထပ်ကာ ပြုလုပ်၍ ခြားနားသော ရလဒ်များကို မျှော်လင့်နေခြင်းဟု ဆိုသည်။ မမျှော်လင့်စွာပင် “ရူးသွပ် မိုက်မဲမှု အပေါ် အိုင်းစတိုင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်” သည် လွန်ခဲ့သည့် ၁၇ နှစ်ခန့် အတွင်း မြန်မာနိုင်ငံမှ စိတ်မချမ်းမြေ့ဖွယ် အနေအထားကို ကုလသမဂ္ဂက ကိုင်တွယ်ပုံနှင့် အံဝင်ခွင်ကျ တိုက်ဆိုင်နေသည်။

မြန်မာနိုင်ငံ၌ ၁၉၉၁ ခုနှစ်က ဥပဒေကြောင်းအရ ရွေးချယ် တင်မြှောက်သော အစိုးရကို မြန်မာ စစ်ဖက် အစိုးရက အသိအမှတ် ပြုရန် ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း ကုလ အထွေထွေ ညီလာခံနှင့် လူ့အခွင့်အရေး ကော်မရှင်တို့က မြန်မာ အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများ ရပ်ဆိုင်းသွားစေရန် ရည်ရွယ်ကာ သီးခြား ဆုံးဖြတ်ချက် စုစုပေါင်း ၂၉ ခု ကို ထုတ်ပြန်ခဲ့သည်ကို စဉ်းစားကြည့်နိုင်သည်။ တစ်ဖက်ကို ကြည့်ပါက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် တစ်ခုခြင်းကို မြန်မာ ခေါင်းဆောင်ပိုင်းက လုံးဝ လျစ်လျူရှုခဲ့သည်ကို တွေ့ရသည်။

အထက်ပါ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအပြင် တိုင်းပြည်က လက်ခံ တင်မြှောက်ထားသည့် အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးစေရန် ကြိုးပမ်းသည့် အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က လွန်ခဲ့သည့် ၁၅ နှစ် အတွင်း ၁၂ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့သည်။ စိတ်မကောင်းဖွယ်ရာမှာ မြန်မာ စစ်ဖက် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တိုင် အကျယ်ချုပ် ဖမ်းဆီးထားဆဲ ဖြစ်သည်။

၂၀ဝ၅ ခုနှစ်တွင် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗဲကလက်ဟာဗယ် နှင့် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က ကုလလုံခြုံရေး ကောင်စီသို့ တင်ပြရန် အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစီရင်ခံစာကို ရေးသားခဲ့သည်။ ၂၀ဝ၅ ဟာဗယ်/တူးတူး အစီရင်ခံစာသည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်ဖက် အာဏာရှင်တို့၏ အကြောင်းကို ပြည့်စုံစွာ ဖော်ပြထားသည့် စွပ်စွဲချက် တစ်ခု ဖြစ်သည်။ မြန်မာ စစ်တပ်သည် ကလေးအရွယ် ယောကျာ်းလေးများကို ဖမ်းဆီး ခေါ်ဆောင်ကာ အသက် ၁၁ နှစ် အရွယ်တွင် လက်နက် ကိုင်တွယ် အသုံးပြုနည်း လေ့ကျင့် သင်တန်းပေးနေသည်ဟု အစီရင်ခံစာတွင် ဖော်ထုတ်ထားသည်။ ယခု ပုံစံအတိုင်း စစ်တပ်ထဲသို့ အတင်းအကြပ် ခေါ်ယူထားသော ကလေးပေါင်း ၇၀ယဝ၀ဝ နီးပါး ရှိသည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဦးဆောင် ဟီးရိုးအင်း ထုတ်လုပ်သူ ဖြစ်သလို မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှုတွင်လည်း ကြီးမားစွာ ပါဝင် ပတ်သက်နေသည်။

ထိန်းချုပ်မရ ပျံ့နှံ့နေသော မူးယစ်ဆေးနှင့် ကလေးသူငယ် အလွဲသုံးမှုများအပြင် ထောင်ပေါင်း များစွာသော မြန်မာ တိုင်းရင်းသား ကျေးရွာများကိုလည်း စစ်ဖက် အစိုးရက စနစ်တကျ ဖျက်ဆီးပစ်ခဲ့သည်။ မြန်မာ အစိုးရ၏ ရက်စက်မှုမှ လွတ်မြောက်ရန် အတွက် ဒုက္ခသည်ပေါင်း ၂၀ဝယဝ၀ဝ ကျော် ဇာတိကို စွန့်ခွာ ထွက်ပြေးသွားကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံ လူ့အခွင့်အရေးများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ နိုင်ငံရေး လွတ်လပ်ခွင့် (သို့) လွတ်လပ်စွာ ပြောဆိုခွင့်များ လုံးဝ မရှိပါ။ လူသတ်မှု၊ မုဒိန်းမှုနှင့် အဓမ္မ လုပ်သား ခေါ်ယူမှုများ နှင့်အတူ အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများမှာ ထုံးစံလိုပင် ရိုးနေပြီဟု ဆိုရမည်။

ဤမျှ မကသေးပါ။ အမှန်တကယ်အားဖြင့် အကျင့်ပျက် လာဘ်စားသော စစ်ဖက် အုပ်ချုပ်သူများက မြန်မာနိုင်ငံကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်အောင် ပြုလုပ်ရာတွင် အောင်မြင်သွားခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြားဝင် ဆောင်ရွက်ရန် အတွက် လိုအပ်သော သတ်မှတ်ချက် စံညွှန်းများ အားလုံးနှင့် ကိုက်ညီနေသည်ကို ၂၀ဝ၅ ခုနှစ် အစီရင်ခံစာအရ တွေ့ရှိခဲ့သည်။

သို့သော်လည်း ရုရှားနှင့် တရုတ် နှစ်နိုင်ငံသည် မြန်မာ အစိုးရကို အဓိက လက်နက် ထောက်ပံ့သူများ ဖြစ်နေခြင်းကြောင့် ဟာဗယ်/တူးတူး အစီရင်ခံစာကို ကုလသမဂ္ဂက သိသိသာသာ လျစ်လျူရှုခဲ့ခြင်းမှာ ငြင်းမရသည့် အမှန်တရားပင် ဖြစ်သည်။ အဆိုပါ ကုလလုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နှစ်နိုင်ငံက မြန်မာ အစိုးရထံမှ အနာဂတ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရရှိရန် အားကြိုးမာန်တက် ကြိုးစားနေကြခြင်းမှာ မြန်မာနိုင်ငံတွင် မက်လောက်စရာ ကြီးမားသော ဓာတ်ငွေ့ အရံသိုက်များ ရှိနေသောကြောင့် ဖြစ်သည်။

မြန်မာ့ စစ်တပ်သည် ၂၀ဝ၇ ခုနှစ်တွင် အပြစ်မဲ့ သံဃာတော်များအား သတ်ဖြတ်မှုကြောင့် နိုင်ငံတကာ သတင်း မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သံဃာတော်များက သည်းခံနိုင်ဖွယ် မရှိသော ပြည်တွင်း အခြေအနေများကို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သော်လည်း အစိုးရ ခေါင်းဆောင်ပိုင်းကမူ `၎င်းးတို့အတွက် နေပြည်တော်ဟု ခေါ်သော ကြီးကျယ် ခမ်းနားသည့် ကုန်းတွင်းပိတ် မြို့တော်သစ်ကို ဆက်လက် အကောင်အထည် ဖော်ခဲ့သည်။ အထက်ပါ မြန်မာနိုင်ငံမှ ဝမ်းနည်းဖွယ် ဖြစ်ရပ်များကို ကုလသမဂ္ဂက အလျင်အမြန် တုန့်ပြန်သည့် အနေဖြင့် အထူး ကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီကို ခန့်အပ်ကာ မြန်မာပြည်တွင်း အနေအထားကို တိုးတက်စေရန် စေလွှတ် ညှိနှိုင်းစေခဲ့သည်။ စစ်ဖက် အစိုးရနှင့် ဂမ်ဘာရီ အကြား တွေ့ဆုံမှု များစွာ ပြုလုပ်ခဲ့သော်လည်း (ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်၏ အဆိုအရ) ထင်ရှား သိသာသော ရလဒ် တစ်စုံတစ်ရာ ထွက်ပေါ်ခဲ့ခြင်း မရှိပါ။)

ယခုအခါ ကုလသမဂ္ဂ နှင့် မြန်မာ အစိုးရတို့၏ မစွံသော ဇာတ်လမ်းမှာ ပိုဆိုးလာသည့် ကြားမှ ရှေ့ဆက်လျက် ရှိသည်။ ၂၀ဝ၈ မေလတွင် မိုးဦး လေဦး ရေကြမ်း လေကြမ်း ဝင်ရောက်လာသော ဆိုက်ကလုန်း နာဂစ်စ်က နိုင်ငံကို များစွာ ဖျက်ဆီးပစ်ခဲ့ပြီး လူပေါင်း ၁၄၀ယဝ၀ဝ ခန့် ကြောက်ဖက်ဖွယ် သေဆုံးခဲ့ကြကာ သန်းနှင့်ချီသော ပြည်သူများ အစာငတ် ရေငတ် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂက မုန်တိုင်းဒဏ်ခံ သားကောင်များ အတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရန် ကြိုးစားခဲ့သော်လည်း လူကြောက်တတ်သော မြန်မာ အစိုးရက နိုင်ငံခြား စစ်တပ်များ ဝင်ရောက်လာမည်ကို ကြောက်ရွံ့သောကြောင့် ကယ်ဆယ်ရေး အကူအညီ အများစု ပြည်တွင်း ဝင်ရောက်ခွင့်ကို ငြင်းဆိုခဲ့သည်။

မြန်မာ အစိုးရက နိုင်ငံခြား ကယ်ဆယ်ရေး အစီအစဉ်များကို လက်ခံရန် အဆက်မပြတ် ငြင်းဆန်နေမှုကြောင့် နေပြည်တော်တွင် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ အစည်းအဝေး ပြုလုပ်ရသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ တွေ့ဆုံပြီး အချိန် အနည်းငယ် အတွင်းမှာပင် ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား ပျော့ပြောင်းမှု ရရှိရေးကို စွန့်လွှတ်လိုက်ရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးပြီး နာရီပေါင်း များစွာ အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် တစ်နှစ် ထပ်မံ၍ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားမည်ဟု မြန်မာ အစိုးရက ကြေညာခဲ့ခြင်းမှာ အမှန်တကယ်ပင် ဆန့်ကျင်ဘက် ပြောင်းပြန် ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။ သူမ လွတ်မြောက်ရေး အတွက် ကြိုးစားသည့် အနေဖြင့် အနည်းဆုံး သမိုင်းဝင် မအောင်မြင်သည့် တယ်လီဖုန်း ခေါ်ဆိုမှု တစ်ခုကိုမျှ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်က ပြုလုပ်တော့မည် မဟုတ်ပါ။

ထို့နောက်တွင် အစိုးရ အာဘော် သတင်းစာNew Light of Myanmarက မိမိတို့ နိုင်ငံ၏ ဆိုင်ကလုန်း မုန်တိုင်း အခက်အခဲ ကိစ္စများ ပြီးဆုံးသွားပြီဟု သုံးသပ် ရေးသားလိုက်ပြီး အစိုးရနှင့် ပြည်သူသည် မိဘနှင့် သားသမီးများပင် ဖြစ်သည်ဟု `၎င်းတို့က ကြေညာခဲ့သည်။ အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို ပြည်သူများ အားလုံးက ကျေနပ်ကြသည်ဟု ၎င်းင်းတို့က ဆိုသည်။ ဆိုက်ကလုန်း အပြီး လူပေါင်း သန်းနှင့်ချီ၍ ငတ်မွတ်ကာ နေစရာမရှိ ဖြစ်နေခြင်းကို အစိုးရက ကာကွယ် အကြောင်းပြရာတွင် နိုင်ငံတကာ ကယ်ဆယ်ရေး အထောက်အပံ့များ မလိုအပ်ပါကြောင်း၊ ယခုအချိန်မှာ မိုးရာသီ ဖြစ်၍ ပေါများလှသော “ဖား” များကို ရိုက်၍ မြန်မာပြည်သူများ စားသောက်နိုင်ပါကြောင်း စသဖြင့် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ လုပ်ငန်းစဉ် တစ်ခုပြီး တစ်ခု ဆောင်ရွက်ခဲ့သော်လည်း အကျင့်ပျက် ခြစားသော မြန်မာ ခေါင်းဆောင်ပိုင်းနှင့် ကုလသမဂ္ဂအကြား ယခင်အတိုင်း မစွံလှသော သံတမန် ထုတ်ဆီးတိုး ကစားပွဲ နှင့်အတူ မြန်မာနိုင်ငံ၏ ရက်စက် ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်ခြင်း မရှိသေးပါ။ သံတမန်ရေးရာ တိုးတက် ပြောင်းလဲခြင်း မရှိမှု၏နောက်တွင် ရလဒ်မဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို တစ်ခုပြီးတစ်ခု၊ တစ်နှစ်ပြီး တစ်နှစ် ဆက်၍ ဆက်၍ ချမှတ်ခဲ့သော်လည်း နိုင်ငံတွင်း ကြီးမားလှသော ပြဿနာပေါင်း များစွာ အတွက် အပေါင်းလက္ခဏာ ဆောင်သော သိသာ ထင်ရှားသည့် အကျိုးရလဒ် တစ်ခုတလေပင် ထွက်ပေါ်ခဲ့ခြင်း မရှိပါ။

သို့ဖြစ်ရာ ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်ကို “ရူးသွပ် မိုက်မဲမှု” ဟု အယ်လဘတ် အိုင်စတိုင်း၏ စကားအရ အဓိပ္ပာယ် ဖွင့်ဆိုရလိမ့်မည်။ ဤသည်မှာ လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံမှ ကမ္ဘာ့ အဆိုးဆုံး အာဏာရှင်များ၏ ဆိုးသွမ်းမှုများ အပေါ် ကုလသမဂ္ဂ၏ တုန့်ပြန် ဆောင်ရွက်မှုကို အတိအကျ ဖွင့်ဆိုပြနိုင်သည့် တစ်ခုတည်းသော အမှန်အကန် စကားလုံးသာ ဖြစ်သည်။

Zarni

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.