Friday, June 11, 2010

0 ကိုလိုနီခေတ်ဥပဒေပါ နူန်းထားဖြင့် လယ်သမားများကို လျော်ကြေးပေးဆိုတဲ့ RFA မှသတင်းကို ခံစားမိသမျှ


စစ်တပ်က ၅ နှစ်နီးပါး သိမ်းယူထားတဲ့ မကွေးတိုင်းထဲက လယ်မြေတွေအတွက် လျော်ကြေးအဖြစ် တဧကကို ၁၂ ကျပ်နှုန်း တောင်သူလယ်သမားတွေကို ပြန်ပေးလို့ လယ်သမားတွေက မကျေနပ်ဖြစ် နေတယ်လို့ RFAက သတင်းရရှိပါတယ်။

မကွေးတိုင်း နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စုက ဒေသခံ လယ်သမားတွေရဲ့ လယ်မြေဧကပေါင်း ၄ ထောင်ကျော် ၅ ထောင်နီးပါးကို ၂၀ဝ၅ ခုနှစ်က ပင်မ စစ်လက်နက်တပ်က သိမ်းဆည်းခဲ့တာပါ။ အဲဒီသိမ်းဆည်းထားတဲ့ လယ်မြေတွေကို စစ်တပ်ကပဲ တခြားဒေသက လယ်သမားတွေကို တဧက ၃ သောင်းနှုန်းနဲ့ အငှားချခဲ့တယ်လို့ လယ်သိမ်းခံထားရသူ တဦးက ပြောပါတယ်။ အဲဒီလယ်မြေတွေအတွက် ပြီးခဲ့တဲ့ ဇွန်လ ၆ ရက် နေ့မှာ စစ်တပ်နဲ့ကျေးရွာ ရယက အာဏာပိုင်တွေက လယ်သမားတွေကို ခေါ်တွေ့ပြီး လျော်ကြေးပေးတာလို့ လယ်သမားတဦးက RFAကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီမှာ စာရွက်ကလေးတွေ ပို့တယ်ဗျ။ ၁၂ ကျပ် ငွေကြေးကို လက်ခံဖို့။ နောက်ပြီးတော့ ကျွန်တော်တို့ လက်မှတ်ကို ထိုးပေးဖို့ပေါ့လေ။ ပင်မ စစ်လက်နက်ပစ္စည်း ထိန်းသိမ်းရေးတပ်ကပေါ့လေ၊ ဗိုလ်ကြီး စိုးဝေမြင့်၊ ကိုယ်ပိုင်နံပါတ် ၄၄၄၄၈ ကနေပြီးတော့ ယင်းငွေပေးတာကို လက်ခံရရှိပါကြောင်း ဆိုပြီးတော့ အဲဒီ အဓိပ္ပာယ်လေးနဲ့ ကျွန်တော်တို့ဆီကို အဲဒီ စာရွက်ကလေးတွေ ရောက်လာတယ်။ ကျွန်တော်တို့က အဲဒီအထဲကို မထိုးရင်တဲ့ သူတို့က ဒီလျော်ကြေးငွေကို လက်မခံနိုင်တဲ့အကြောင်းပေါ့လေ၊ ကျွန်တော်တို့ဖက်ကနေ ရှင်းလင်းချက်ပေါ့၊ စာလေးရေးပြီးတော့တဲ့၊ လက်မှတ်ထိုးပြီးတော့ ပေးရမယ်တဲ့။ အဲဒါကိုတဲ့၊ သူတို့က သူတို့ထက် ကြီးတဲ့ အကြီးအကဲတွေဆီကို တင်မယ်တဲ့ အဲလိုပြောတယ်ခင်ဗျ။ “

အခု ထုတ်ပေးတဲ့ လျော်ကြေးငွေက ဗြိတိသျှ ကိုလိုနီခေတ်က ထုတ်ပြန်ထားတဲ့ ဥပဒေအရ ထုတ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ လယ်သမားတွေက ဒီလျော်ကြေးငွေ ၁၂ ကျပ်ကို လက်မခံလို့ ရယကရဲ့ ခြိမ်းခြောက်တာ ခံရတယ်လို့လည်း အဲဒီ လယ်သမားက ပြောပါတယ်။

အဲဒီမှာ ကျွန်တော်တို့လည်း အခြိမ်းခြောက်ခံရတယ်၊ ကျွန်တော်တို့က ၁၂ ကျပ် လျော်ကြေးလည်း လက်မှတ်မထိုးနိုင်ဘူး၊ အကြောင်းပြချက် ဟိုဟာထဲကိုလည်း လက်မှတ်ထိုးမပေးနိုင်ဘူး၊ အဲဒီ လက်မှတ်ထိုးမပေးနိုင်ရင်တဲ့ ရွာမွန် ဥက္ကဌ ဦးနေလင်းထက်ကပေါ့လေ၊ ရတယ်တဲ့၊ ဒီမှာ အသိသက်သေတွေ ရှိတယ်တဲ့။ ပခုံးပေါ်မှာ အပွင့်ကြီးတွေ တင်ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း ပြီးတော့ သူရေးပြီးတော့ ကျွန်တော်တို့ ဒီလူတွေ ဒီလူတွေ အသိသက်သေ ရှိတယ်၊ ဒါ မင်းတို့ လက်မခံတာပေါ့လေ၊ အဲဒီပုံစံမျိုးနဲ့လည်း ကျွန်တော်တို့ကို ခြောက်ပါတယ်ခင်ဗျ။}

အသိမ်းခံထားရတဲ့ လယ်မြေတွေမှာ ကျူးကျော်ဝင်ရောက်ရင် ပုဒ်မ ၁၄၄ နဲ့ အရေးယူမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း စစ်တပ်က စိုက်ထူထားတယ်လို့ စောစောက လယ်သမားက ပြောပါတယ်။

လယ်သမားတွေကတော့ တရားမျှတမှု ရဖို့ ILOအလုပ်သမားအဖွဲ့ကိုတိုင်ကြားဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

-------------------------- ။ ---------------

ဒီသတင်း
ကိုဖတ်ပြီးတော့ မြန်မာပြည်မှာ ဥပဒေဆိုတာ အာဏာရှိသူတွေ အလွဲသုံးစားလုပ်ဖို့အတွက် ဆိုတာထက် မပိုတော့ဘူး။ မြန်မာပြည်က တရားရုံးဆိုတဲ့နေရာတွေမှာ ILO ရုံးခန်းတွေထားလိုက်ရင် ပိုမကောင်းဘူးလားလို့။
ဘယ်နှယ့် ကိုလိုနီခေတ်ကနှုန်းထားနဲ့ လယ်တဧက ၁၂ကျပ်ဆိုတော့ အခုဆန်တဗူးတောင် ၁၂ကျပ်နဲ့ ဝယ်လို့ရလို့လား။ အသိခေါက်ခက် အဝင်နက်တွေ လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းတွေချည်းပဲ။ အခွင့်အာဏာဆိုတာတွေဟာ အခုလို လူဆိုးလူညစ်ပတ်တွေလက်ထဲ ရောက်သွားတော့ ဖြစ်ချင်တိုင်း ဖြစ်ပျက်နေကြပြီ။ အခြေခံ ဥပဒေထဲက တောင်သူလယ်သမား အခွင့်အရေးဆိုတာတွေကို သတင်းစာထဲမှာ တယောက်တလှည့် ပြောသလိုမျိုးပုံစံနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ခုကို ဖတ်ဖူးတယ်။ အပျံစားတွေပဲ ပြောထားလိုက်ကြတာ။ ကိုယ်ရွှေကိုယ်မျိုးတွေအခုလယ်တဧကကို ၁၂ကျပ်နဲ့ ဈေးဖြတ်တာကိုရော မရေးတတ်ကြတော့ဘူးလား။

နောက်တခုက လူတွေလည်း အမှားတွေနဲ့ ယဉ်ပါးလာသလိုလို ဖြစ်နေကြတယ်။ အာဏာရှိတဲ့သူတွေ အမှားတွေလုပ်ရင် ဒါကထုံးစံလိုဖြစ်နေတာပဲ၊ ကိုယ်ကပြောရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူးဆိုတဲ့ ပုံစံဝင်နေကြတယ်။ ကိုယ်ကိုယ်တိုင်တောင် တခါတလေ နည်းလမ်းမကျတာတွေ ပြောချင်ပေမယ့် ဒါတွေက ထုံးစံတွေပဲ လူတွေသိနေပြီးသားပဲ ကိုယ်ဝင်ပြောလည်း ပြောတာပဲ ရှိမယ်ဆိုပြီး ဖြစ်နေတတ်တယ်။ ဥပက္ခာပြုတတ်လာတယ်။ တကယ်တော့ အဲလိုဖြစ်တာ မကောင်းဘူး။ လူလူသူသူ အခွင့်အရေးရှိတဲ့ နိုင်ငံတွေမှာ အခုလိုလုပ်ကြည့်ပါလား၊ ဆူပွက်သွားမှာပေါ့။

ပြည်သူတယောက်ရဲ့ အခွင့်အရေးကို အာဏာရှိတဲ့သူက ချိုးဖေါက်တယ်ဆိုရင် ပြည်သူအားလုံးအပေါ် ချိုးဖေါက်တာနဲ့ အတူတူပဲ။ ကိုယ့်နဲ့မဆိုင်သလို နေလို့မသင့်ဘူး။ အားလုံးက မဆိုင်သလိုနေတတ်ခဲ့ကြလို့ပဲ
ကျွန်တော်တို့တွေဟာ တဖြေးဖြေးနဲ့ တရစ်ခြင်းကြပ်တာကို ခံခဲ့ရတယ်။ တရစ်ကြပ်လိုက်တယ် နေသာသေးတယ်၊
နောက်တရစ်ပြီး တရစ်ဆက်ကြပ်လာတယ်။ အခု တဖြေးဖြေးနဲ့ လူဟာလူနဲ့ မတူသလိုဖြစ်လာတဲ့ အထိရောက်လာတဲ့ အကြောင်းက အဲဒီလို လိုက်လျောတတ်ခဲ့ကြလို့ပဲ။
အဲဒီအတွက် အခု မတရားပြုကျင့်တဲ့ အပြုအမူကို စာရေးပြီး ဆန့်ကျင်တယ်။ မတရားပြုကျင့်ခံရတဲ့ လယ်သမားတွေဖက်ကနေ ကူညီပေးတဲ့ ရှေ့နေဦးအေးမြင့်အဖွဲ့နဲ့ သူတို့တွေရဲ့ ကြိုးစားတဲ့ လုပ်ရပ်တွေအတွက် ဒီကနေ အလေးပြုတယ်။ စိတ်ဓါတ်အားဖြင့်ပူးပေါင်းတယ်။ ဒီထက်ပိုပြီး ပူးပေါင်းနိုင်မယ့် အခွင့်အရေးတွေ ရှိလာရင် ပူးပေါင်းချင်တယ်။

မြန်မာပြည်က တရားသူကြီး ဆိုတဲ့သူတွေနဲ့ တရားရေးဝန်ထမ်းတွေကို စကားလက်ဆောင်ပါးချင်တာကတော့ ခင်ဗျားတို့တွေဟာတရားမျှတမှုရှိအောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် ထမင်းစားဖို့ တခြားအသက်မွေးဝမ်းကြောင်းတခုခုကို ပြုကျင့်တာက ခင်ဗျားတို့ရဲ့ ထမင်းတနပ်အတွက် ပိုပြီးသမ္မာအာဇီဝကျပါမယ် ဆိုတဲ့စကားပါပဲ။ ဒါမှမဟုတ်ဘူးဆိုရင် ခင်ဗျားတို့ တရားရုံးတွေမှာ ပြည်သူတွေအားလုံး တရားဥပဒေရဲ့ အကာအကွယ်ကို ခံယူခွင့်ရှိနိုင်အောင် ဖန်တီးပေးနိုင်ဖို့ ခင်ဗျားတို့ရဲ့ တာဝန်ကို ကျေအောင်ထမ်းဆောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ILO ခေတ်စားလာတာဟာ တရားရုံးက အာနိသင်မရှိလို့ပဲလို့ ကျွန်တော် ယုံကြည်နေတယ်။ မတရားတဲ့ဖက်မှာတော့ ထင်သာမြင်သာတဲ့ အာနိသင်တွေ ရှိနေတယ်လို့လည်း ခံစားရတယ်။

နီးရာဓါးကြောက်ရတိုင်း ကိုယ်တိုင်က ဓါးသွားလို တဖက်သားအပေါ် ထက်မြနေမယ်ဆိုရင်တော့ ကိုယ်ဟာ တရားတဲ့ဝန်ကို ထမ်းဆောင်မယ့် ဝန်ထမ်းလား မတရားတဲ့ဝန်ကို ထမ်းဆောင်မယ့် ဝန်ထမ်းလားဆိုတာ ညအိပ်ယာဝင်ခါနီးတိုင်း တွေးတောဆင်ခြင်ပေးပါ။

ဒါကို တရားတဲ့ဖက်ကနေ တော်လှန်တဲ့စိတ်နဲ့ အလုပ်လုပ်တယ်လို့ ခံယူပြီး အခုပို့စ်ကိုရေးတယ်။ ဘာကြောင့်ဆို ဘုရားဟောထားတာမှာ ကံဆိုတဲ့အလုပ်က ၃ခုပဲရှိတယ်။ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုပြီးတော့ရှိတယ်။
အခုက အသံမကြားရတာပဲရှိမယ်။ ကျွန်တော်ကတော့ မတရားတာတွေအတွက် ဆန့်ကျင်တဲ့ အလုပ်ကို ကံ၂မျိုးနဲ့ လုပ်လိုက်ပြီးပြီလို့ ခံယူတယ်။ ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ ဆိုတာထက် ကိုယ်ကိုယ်တိုင်က မတရားဝါဒီတွေအသုံးချမယ့် ပုဆိန်ရိုးအဖြစ်မခံဖို့ပဲ ပိုအရေးကြီးတယ်။

အာဏာရှင်တို့ရဲ့ မတရားမှု့တွေကို ကိုယ်ပိုင်အသိဖြင့် ဆန့်ကျင်သွားမည်။
မည်သူ့ကိုမျှ မလှုံ့ဆော်ပါ။

မဟူရာ အားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.