Sunday, June 6, 2010

0 အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခမှာ ဆရာဦးဝင်းတင်နဲ့ interview ထဲကအချို့ကိုကောက်နုတ်တင်ပြလိုက်ပါတယ်။

မိုးမခ။ ။ မြန်မာပြည်ရဲ့ နူကလီယားစီမံကိန်းပေါက်ကြားခြင်း၊ တရုတ်ခေါင်းဆောင် လည်ပတ်ခြင်းနဲ့ အမေရိကန်ရဲ့ စေ့စပ်ရေးသမား ဂျင်ဝက်ခရီးစဉ် ဖျက်သိမ်းခြင်းတို့ ဖြစ်ပွားလာခဲ့ပါတယ်။ ဒါ့အပြင် လာမည့် ဇွန် ၁၉၊ ၂၀ ရက်သတ္တပတ်မှာ တိုင်းပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲတွေ နိုင်ငံတကာက တခဲနက် ကျင်းပကြဖို့လည်း တာစူပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အဲသည် အချက်အလက်တွေပေါ်မှာ အခြေခံပြီး ဦးဝင်းတင်နဲ့ မေးခွန်းများ မေးဖြစ်ပါတယ်။

အဲသည်မှာ စကားကို ပြန်ဆက်ကြရတာကတော့ အနုမြူကိစ္စ ဖြစ်ပါတယ်။

ဦးဝင်းတင်။ ။ “အဲသည်မှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝါဒအရ အခုလိုမျိုး အနုမြူကိစ္စပေါ်လာပြီ ဆိုရင် သူတို့ဖက်က ကိုယ်စားလှယ်တွေ၊ ကွန်ဂရက်တို့ ဆီးနိတ်တို့က အမတ်တွေက ရှေ့ဆက်တိုးလို့ မရတော့ဘူး လို့ နားလည်တယ်။ အဲသည်လို အနုမြူလက်နက်ကိုင်ချင်တဲ့ နိုင်ငံကို ဆက်ဆံတဲ့နေရာမယ် သူတို့ အမတ်တွေ၊ သံတမန်တွေက စကားတွေ၊ ကတိတွေ မကျွံသွားအောင်၊ မလွန်သွားအောင် ဂရုစိုက်ဖို့ လိုတဲ့အတွက် ဘယ်သူပဲ ဖြစ်ဖြစ် သံတမန်ခရီးစဉ်တွေကို ဖျက်သိမ်းပြီး ပြန်ကြရတယ်လို့ သဘောပေါက်တယ်။ သူတို့ဖက်က အဲသည်လိုနိုင်ငံမျိုးအပေါ် နိုင်ငံခြားရေးမူဝါဒ သီးခြား ပြန်စဉ်းစားရတော့မယ်လို့ ထင်တယ်။

တရုတ်နိုင်ငံအနေနဲ့ကလည်း မြောက်ကိုရီးယား အနုမြူကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခပ်ရမ်းရမ်း လုပ်လာတာကို အိမ်နီးချင်းတွေနဲ့ ဂျပန်တို့၊ တောင်ကိုရီးယားနဲ့ လိုက်ပြီး ဖြေရှင်းနေရတာကနေ၊ မြန်မာကလည်း အနုမြူကိစ္စ ဖြစ်လာရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာဖက်ကနေပြီး အာဆီယံတို့ အမေရိကန်တို့ကို လိုက်လံ ဖြေရှင်းရတဲ့ အမှုတွေက ရှေ့တန်းရောက်လာမယ် လို့ မြင်ပါတယ်။
အဲသည်လိုမျိုး အနုမြူကိစ္စ ရှေ့တန်းရောက်လာရင် အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပင်မနိုင်ငံရေးကိစ္စတွေ ဖြစ်တဲ့ ဒီမိုကရေစီအရေး၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေ အရေးနဲ့ အတိုက်အခံနိုင်ငံရေးကိစ္စတွေက နောက်တန်းကို ရောက်သွားပြီး မှေးမှိန်ကုန်ကြလိမ့်မယ် လို့ ပြောချင်ပါတယ်။”

မိုးမခ။ ။
အနုမြူအရေးက ရှေ့တန်းရောက်လာရင် မြန်မာပြည်ရဲ့ လက်ရှိ အများပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကိစ္စတွေက နောက်ရောက်သွားခဲ့ရင် ဒါဟာ စစ်အစိုးရ အကြိုက်လား၊ ဘယ်သူ့ အကြိုက် ဖြစ်သွားသလဲ ဆိုတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ငြိမ်းချမ်းရေးကို လိုလားသူ အစိုးရများ၊ အဖွဲ့အစည်းများအတွက် မြန်မာစစ်အစိုးရကို အရေးယူဆုံးမဖို့အတွက် အကြိုက်ကော မဖြစ်သွားနိုင်ဘူးလား။

ဦးဝင်းတင်။ ။“ ပြောရရင်တော့ ဒါဟာ စစ်အစိုးရရဲ့ အကြိုက် ဖြစ်သွားတယ်လို့ ဆိုနိုင်တယ်။ တိုင်းပြည်ရဲ့ အဓိက အရေးကိစ္စတွေဖြစ်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုရေးရေး ကျန်းမာရေး ပညာရေး အကြပ်အတည်း အခက်အခဲတွေက နိုင်ငံတကာရဲ့ အာရုံမှာ မှိန်သွားတာက အရင် ဖြစ်တယ်။
နောက်ပြီးတော့ အဲသည် အနုမြူကိစ္စဆိုတာကလည်း သမိုင်းအရကြည့်လိုက်ရင် ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဘယ်နိုင်ငံအစိုးရကမှ အခြားနိုင်ငံကို အနုမြူသုံးတိုက်တယ်ဆိုတာ မရှိဘူး။ အာဏာရှင်နိုင်ငံတွေက နိုင်ငံတကာအသိုင်းအ၀ိုင်းအပေါ်မှာ အင်အားပြ ခြိန်းခြောက်ရန် သုံးစွဲတဲ့ နိုင်ငံရေးလက်နက်တခု လို့ပဲ မြင်ပါတယ်။ အဲသည်အနုမြူဆိုတာကြီးကို ဟန်ရေး တပြပြလုပ်ပြီးတော့ နိုင်ငံတကာမှာ လူရာဝင်လာမယ်၊ တိုင်းသူပြည်သားတွေကို ပြန်ပေးဆွဲ ဓားစာခံထားပြီးတော့ ကမ္ဘာကြီးကို ဈေးဆစ်မယ်။ လူတွေ ဒုက္ခရောက်နေတာ၊ ငတ်ပြတ်နေတာတွေက အရေးမကြီးတော့ဘူး။ သူတို့လက်နက်ပြ ခြိန်းခြောက်တာတွေကို လိုက်လံဖြေရှင်းရတာတွေ ရှေ့တန်းရောက်လာတယ်။
ဒါကို ကျနော်ကတော့ အီရန်တို့ မြောက်ကိုရီးယားတို့ကို နမူနာကြည့်ရင် သိနိုင်တယ်။ ခြိမ်းခြောက်တဲ့ အဆင့်၊ ဈေးဆစ်နိုင်တဲ့ အဆင့်ဖြစ်နေတာကို တွေ့နိုင်တယ်။ နှစ်ပေါင်းများစွာ ကြာညောင်းအောင် အာဏာရှင်တွေက နေရာတွေ ရနေကြတယ်။ အီရန်က ရွေးကောက်ပွဲတို့၊ လူတွေ ဆန္ဒပြနေတာတွေက ရှေ့မရောက်လာတော့ဘူး။ မြောက်ကိုရီးယားမှာဆိုရင် ပြည်သူတွေ ငတ်ပြတ်နေတာ၊ တိုင်းပြည်က ထွက်ပြေးနေရတာတွေ လူတွေက မသိကြတော့ဘူး။ ပြည်သူတွေရဲ့ နိုင်ငံရေးက အမှောင်ကျသွားပြီးတော့ အာဏာရှင်နိုင်ငံရေးက ပိုမိုလင်းလက် တောက်ပပြီး မီးမောင်းထိုးခံလာရတော့မယ် လို့ ထင်ပါတယ်။”

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.