Sunday, September 5, 2010

0 “စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည်”

“စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည်”

“မောင်ကျောင်းသား”

Your browser may not support display of this image.

( ငါတို့၏ဦးခေါင်းများသည်သွေးချင်းချင်းနီသည် သို့သော်ညွှတ်ကားမညွှတ်နိုင်ပြီ ) ၂ ဒီမိုကရေစီပညာရေးသွေးနဲ့အရင်းတည် ဒီမိုကရေစီတော်လှန်ရေး ပေါင်းကူးပေးမည် ၊ စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှာတို့တတွေကျောင်းတက်မည် ၊ မီး လောင်ပြင်တစပြင်မှာအတည် ထွန်းသစ်တဲ့တက္ကသိုလ်တို့ဆောက်မည်၊ညီညာ တိုက် ပွဲသို့ချီ ပြည်သာလက်တွဲဆောက်တည်(နီလဲပဲနီသည်ချွန်လဲပဲချွန်သည် ကျောင်းသား သမိုင်းသစ်တည်)၂ ၊ ဒီမိုကရေစီပညာရေး သွေးနဲ့အရင်းတည် ၊ ဒီမိုကရေစီ အောင်ပွဲ မုချရမည်….။

ကျွန်တော်ထောင်ထဲရောက်ခဲ့ရတဲ့အချိန်အတူနေခဲ့ရတဲ့ နောင်တော်ကျောင်းသားကြီးတွေဆိုပြခဲ့တဲ့သီချင်းတပုဒ်ရဲ့ စာသား အပိုင်းစတချို့ပါ ၊ စာသင်ခန်းထဲမှာပဲရှိနေရဦးမဲ့ အခြေခံပညာကျောင်းသားဘ၀ကနေ ပြည်သူတွေဆင်းရဲမွဲတေနေမှုတွေ အတွက် စစ်အာဏာရှင်တိုက်ဖျက်ရေးခရီးလမ်းပေါ်လျှောက်လှမ်းရင်း ထောင်ဆိုတဲ့ ဖိနှိပ်ချယ်ချယ်ရေးယန္တယားရဲ့အမြင့် ဆုံးနေရာကိုရောက်ခဲ့ရချိန်မှာ အဲဒီလိုသီချင်းတွေဟာ ကိုယ့်ကိုယ်ကိုယ်မာန်တင်းစေနိုင်ခဲ့ပါတယ် ။

ဒီသီချင်းလေးရဲ့အဓိပ္ပါယ်နဲ့လေးနက်မှုမျိုးကို ကျွန်တော်တို့ ၁၉၈၉ နှစ်ဆန်းပိုင်းလောက်ထဲကစဉ်းစားဆုံးဖြတ်ခဲ့ပြီးပါပြီ ၊ “ ကျောင်းတွေပြန်ဖွင့်ပြီ ”လို့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက သွေးစွန်းနေတဲ့လက်တွေကမ်းထားပြီး ကြိုဆိုသယောင်လုပ် ပြနေချိန်မှာ ကျွန်တော်တို့တိုက်ပွဲဝင်အခြေခံပညာကျောင်းသားတွေကြားမှာကို ကျောင်းပြန်တက်ရေးမတက်ရေး ဆွေးနွေး ဖြစ်ခဲ့ကြတာပါ ။

Your browser may not support display of this image. ဒီမိုကရေစီရရှိရေး-ဒို့အရေး ၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး-ဒို့အရေး ကြွေးကြော် တိုက်ပွဲ ၀င်ရင်း စစ်အာဏာရှင်လက် ပါးစေတွေရဲ့ရက်ရက်စက်စက်ပစ်ခတ်မှုကြောင့် ဦးနှောက် ဖတ်တွေဟိုတစသည်တစပြန့်ကြဲနေအောင် ဦးခေါင်းပွင့်ထွက် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေကရော အေးအေးချမ်းချမ်းစာမသင်ချင်ပဲနေပါ့မလား၊ စစ်အာဏာရှင်တွေ ရဲ့ အနိုင်အထက်ပြုမှုကို ရရာလက်နက်ဆွဲကိုင်ပြန်ခံချမယ်လို့ ကျောင်းသားတပ်မတော်ဖွဲ့ စည်းပြီး တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ၊ မိသားစုတွေနဲ့လဲတကွဲတပြားဖြစ်၊ ဒုက္ခမျိုးစုံခံနေကြတဲ့ ဆရာဝန်လောင်းဆေးတက္ကသိုလ်ကျောင်းသားတွေ ၊ အင်ဂျင်နီယာလောင်းစက်မှုတက္ကလိုလ် ကျောင်းသားတွေ ၊ တခြားတခြားသော ကိုယ်ကျိုးစွန့်အနစ်နာခံနေကြတဲ့ ကျောင်းသားတွေ ၊ အားလုံးအားလုံးကရော စာသင်ခန်းနဲ့မိဘအရိပ်အာဝါသအောက်မှာ နွေးနွေးထွေးထွေးမနေချင်ပဲနေမလား ၊ စစ်ထောက်လှမ်းရေးတွေရဲ့စစ်ကြော ရေးစခန်းတွေမှာ ညှင်းပန်းနှိပ်စက်မှုမျိုးစုံခံပြီး ၊ ကြမ်းခင်းဈေး အနည်းဆုံးသုံးနှစ်အမိန့်ချတဲ့ စစ်ခုံရုံးတွေကို ရဲရဲရင့်ရင့် ရင် ဆိုင်ပြီး ၊ အကျဉ်းထောင်တွေထဲကိုရောက်နေကြတဲ့ကျောင်းသားတွေကရော ကျောင်းမတက်ချင်ပဲနေပါ့မလား ၊ ကျွန်တော် တို့တွေက သူတို့သူတို့တွေကိုမငဲ့ပဲ စစ်အာဏာရှင်တွေရဲ့လောင်းရိပ်အောက်ကကျောင်းခန်းထဲ ဘယ်လိုခံစားမှုတွေနဲ့ ပြန် ၀င်ထိုင်ကြမလဲ ။

ကျွန်တော်တို့ အခြေခံပညာကျောင်းသားလေးတွေတောင် ရဲရင့်ခဲ့ကြတယ် ၊ နိုင်ငံရေးမတည်ငြိမ်ပဲ ၊ ပြည်တွင်းငြိမ်းချမ်းမှု မတည်ဆောက်နိုင်ပဲ အေးအေးချမ်းချမ်းပညာသင်နိုင်မှာမဟုတ်သလို ကျောင်းသားအခွင့်အရေးဆိုတာလဲဆုံးရှုံးနေဦးမှာပဲ၊ စစ်အာဏာရှင်တွေရဲ့ စေတနာမပါတဲ့ဟန်ပြပညာရေးမှာ ကျောင်းတက်ပြီးဘွဲ့တွေရလဲ ဘာမှလဲဖြစ်လာမှာမဟုတ်တဲ့အတူ ပြည်သူတွေအတွက်ဆုံးခန်းတိုင်တိုက်ပွဲဝင်မယ်၊သွေးညှီနံ့တွေလွှမ်းနေမဲ့ စစ်ဝါဒီတွေဖွင့်တဲ့ကျောင်းခန်းထဲ ငါတို့ပြန်မထိုင် တော့ဘူးလို့ အခြေခံပညာကျောင်းသားများသမဂ္ဂ(အကသ)မှာပါတဲ့သူတွေ အများစုဆုံးဖြတ်ခဲ့ကြပါတယ် ။

“၁၉၃၆ခုနှစ်မှာဖွဲ့စည်းတည်ထောင် ဂုဏ်ရောင်ဝင်းလက်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာ ၊ ဖေါက်ပြန်တဲ့အစိုးရအဆက်ဆက်ကို သမိုင်းစာမျက်နှာထက်မှာ ထင်ဟတ်ပေါ်လွင်နေအောင် တိုက်ပွဲဝင်ခဲ့ကြတယ် ၊ တိုက် ပွဲဝင်နေကြစဲပါ ၊ အာဇာနည်ထောင်သောင်းတို့ရဲ့နီမောင်းဝင်းလက်တဲ့သွေးစက်တွေဟာ သမိုင်းကျောက်စာတိုင်အဖြစ် မော်ကွန်းတွင်ရစ်မှာမုချပါပဲ ၊ ၁၉၈၈ခုနှစ်ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးအတွင်းမှာ သူရဲကောင်းပီသစွာကျဆုံးခဲ့ ရရှာသော အာဇာနည်ရဟန်းရှင်လူပြည်သူအပေါင်းတို့ကိုဂုဏ်ပြုသောအားဖြင့် မပြီးဆုံးသေးသည့်ဒီမိုကရေစီတော်လှန်ရေး ကြီးကို အောင်ပွဲရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုအဓိဌာန်ပြုရင်း” ကျွန်တော်တို့ ၊ ယုံကြည်ချက်အတိုင်း သာခရီးဆက်ခဲ့ကြပါတယ် ။

အဲဒီအချိန်ပေါ်ထွက်လာတဲ့“အကြောင်းကြောင်းကြောင့်ပါလို့ စိတ်မကောင်းစွာပြောရင်း စာသင်ခန်းအတွင်း ၀တ္တရားအရ ၀င်ထိုင် ဒါကိုငါတို့နားလည်ခွင့်လွှတ်နိုင်ပါတယ် ၊ ဒါပေမဲ့ ထုံးနံ့သင်းတဲ့ပန်းခင်းကိုဖြတ် ရည်းစားထားဘို့ကျောင်းပြန်တက် ကြမယ်ဆိုရင်တော့ ငါတို့ကခွင့်လွှတ်သည့်တိုင် ရာဇ၀င်ကခွင့်မလွှတ်သရွေ့ သူတို့ဟာ သမိုင်းမှာသစ္စာဖေါက်တွေဖြစ်သွား မှာပဲ ၊ ငါတို့ထဲကတချို့ဟာ ကိုယ့်အရိုးကိုယ်လှေနံအဖြစ်ထွင်းထု ကိုယ့်အသားကိုယ်လှေရွက်အဖြစ်စပ်ချုပ် ကိုယ့်ခြေလက် ကိုယ်လှော်တက်အဖြစ်အသုံးပြုလှော်ခတ်လို့ ကျောင်းတော်ကြီးနဲ့ငါတို့ကြား ခြားနေတဲ့သွေးပင်လယ်ကြီးကို ဖြတ်ကူးနေ ကြပြီ”ဆိုတဲ့ ရွှေဖုန်းလူရဲ့“ကျောင်းဖွင့်ချိန်”ကဗျာစာသားတွေက ကျွန်တော်တို့ကိုခိုင်မာအားတက်စေခဲ့သလို ကျောင်းသွား တက်ကြည့်ပြီးမှ ပြန်ထွက်လာခဲ့တဲ့သူငယ်ချင်းတယောက်ရဲ့“သူငယ်ချင်း..မင်းဟာ..ပကတိငြိမ်ဆိပ်..အိပ်မက်မရှိတဲ့ညတွေ ထဲမှာလှဲလျောင်း…မင်းအလောင်းမှာဒါဏ်ရာတွေနဲ့…မင်းထိုင်ခဲ့တဲ့….စာသင်ခန်းထဲကခုံကလေး…ငါငေးရင်းမျက်ရည်ကျ…. သိပ်သတိရနေတယ်သူငယ်ချင်း” ဆိုတဲ့ကဗျာလေးကလဲ ကျွန်တော်တို့ရင်ကိုထိရှ ၊ စစ်အာဏာရှင်တွေငြှိမ်းမရတော့တဲ့ ကျွန်တော်တို့နှလုံးသားထဲက မီးစတစ်စပါပဲ ။

ကျွန်တော်ထောင်ကလွတ်တော့လဲ စိတ်ပညာနဲ့ကတစ်ဘွဲ့၊ တိုင်းရင်းဆေးသိပ္ပံကသမားတော်ဘွဲ့ကတစ်ဘွဲ့၊ဘွဲ့နှစ်ခုတောင်ရ ထားတဲ့အမေက ရပ်ကွက်ထဲကအလုပ်သွားသူတွေရဲ့ ကျောင်းနေအရွယ်မဟုတ်သေးတဲ့ကလေးတွေကို အိမ်မှာထိမ်းပေး တဲ့အလုပ်လုပ်နေရသလို ၊ သခွားသီးစိတ်လေးတွေတုတ်ထိုး၊ အာလူးပြုတ်တုတ်ထိုး ၊ အချဉ်ရေနဲ့တို့စားရတာမျိုးလဲ ညနေ ပိုင်းမှာဈေးဘန်းလေးချရောင်းနေတာတွေ့ရတော့ အသုံးချခွင့်မရတဲ့အမေ့ပညာတွေအတွက်နှမျောမိပါတယ် ၊ အဲဒီလို ဘ၀တွေ ကိုယ့်အမေတစ်ယောက်ထဲမှမဟုတ်ပဲ ၊ စစ်အာဏာရှင်စနစ်ပျက်အောင်မတိုက်ဖျက်နိုင်ခင် မလွှဲမသွေမြင်တွေ့နေ ရဦးမှာပဲဆိုတဲ့အသိကို ထပ်လောင်းခိုင်မာစေခဲ့ပါတယ် ။

ကျောင်းသားဘ၀ကိုဆုံးရှုံး၊ လွတ်လပ်ပေါ့ပါးတဲ့လူငယ်ဘ၀ဆိုတာလဲပျောက်ခဲ့ရ၊ မိသားစုဘ၀ဆိုတာပါပျက်ဆီးခဲ့ရတဲ့ ကျွန် တော့်အတွက် “တော်လှန်ရေးသည်ငါတို့ကျောင်း၊တော်လှန်ရေးသည်ငါတို့တက္ကသိုလ်” ဆိုတဲ့ အတွေ့အကြုံတွေဆီကရတဲ့ ပညာတွေနဲ့ ဘ၀ကိုရပ်တည်ရပါတယ် ၊ အဖြူအစိမ်းကျောင်းသားလေးတွေကိုမြင်တိုင်း ၊တက္ကသိုလ်နယ်မြေတွေနားကနေ ဖြတ်သွားတိုင်း (ယောက်ကျားတန်မဲ့မျက်ရည်ဝဲရလောက်အောင်)နာကျင်ခံစားရပါတယ် ၊ ဒါပေမဲ့ နောင်တမဟုတ်ပါဘူး ၊ လူ့ဘာသာဘာဝ တမ်းတမိတာမျိုးသာပါ ။

ကိုယ့်ခံစားမှုနဲ့ကိုယ် တမင်မေ့ထားထားတဲ့ ( လူ့အခွင့်အရေးတရားတွေဟောခဲ့ဘူးရာ ၊ ကျောင်းသားသမဂ္ဂအဆောက် အဦးကြီးရှိခဲ့ဘူးရာ) ၊ ရန်ကုန်တက္ကသိုလ်ပရ၀ုဏ်ထဲကို မလွှဲသာမရှောင်သာလွန်းလို့ တခေါက်ရောက်ခဲ့ရချိန်တခနလေးမှာ တောင် ပျော်ပြုံးနေကြတဲ့ဘွဲ့ယူသူတွေရဲ့မျက်နှာကိုကြည့်ရင်း “သြော်..သူတို့ ဘာမှမသိကြသေးပါလား၊ဒီဘွဲ့လက်မှတ်တွေ ဟာ ဂုဏ်တုဂုဏ်ပြိုင်ဘို့ကလွဲပြီး သူတို့အတွက်ဘာမှအသုံးမ၀င်တာသိတဲ့နေ့ သူတို့ဘယ်လိုများခံစားရပါမလဲ” စဉ်းစားမိပါ တယ် ၊ နောက်ကလိုက်ပါလာကြတဲ့မိဘတွေကိုကြည့်ပြီး သားအတွက် ဘွဲ့နှင်းသဘင်ခန်းမထဲဝင်ရမဲ့အစား ထောင်ဝါဒါ တွေရဲ့အအော်ငေါက်ခံပြီး ထောင်ဝင်စာခန်းကိုပဲရောက်ခဲ့ရတဲ့အမေ့အတွက် စိတ်မကောင်းဖြစ်မိပါတယ် ၊ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးရင်း ဒီဝန်းထဲမှာနောင်တော်တွေရက်ရက်စက်စက်ပစ်သတ်ခံရဘူးတယ်ဆိုတာ သတိပြန်လည်သွားတော့ ကျောင်းဝန်းထဲမှာကိုဆက်မနေနိုင်တော့အောင်ပါပဲ ၊ အင်းလျားကန်ဘောင်ဘက် ဘူးသီးကြော်ဆိုင်ထိုင်ရင်းစောင့်မယ်လေ ဆိုပြီး ၀န်းအပြင်ထွက်ပြန်တော့လဲ ဒီနေရာကတံတားဖြူကနေတံတားနီခေါ်ရလောက်အောင် ဘက်နက်နဲ့ထိုး နံပါတ်တုတ် နဲ့ရိုက်ခံရတဲ့နေရာ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့သွေးစက်သမိုင်းကြောင်းက ဒီနေရာတွေကနိဒါန်းပျိုးခဲ့တာ စသဖြင့် ခံစားမိပြန်ပါတော့တယ်၊ ဘယ်သူနားလည်ပေးနိုင်ပါ့မလဲဗျာ။

အဲဒီနေ့က အမေ့ဆီတကူးတကန့်ကိုသွားရင်ဖွင့်ဖြစ်တယ် ၊ အမေကမျက်ရည်တ၀ဲဝဲအားပေးရှာပါတယ် ၊“ သြော်..သားရယ် မင်းလိုချင်ရင်ဘယ်လိုဘွဲ့မဆိုရနိုင်ခဲ့တာပဲ ၊ ဒီနေ့ခေတ်မှာ အဲဒီဘွဲ့တွေကအသုံးမတည့်ပါဘူးလို့ မင်းကိုယ်တိုင်ဆုံးဖြတ်ခဲ့ တာပဲလေ ၊ တွေးမနေစမ်းပါနဲ့ ၊ ကိုယ်မှန်တယ်ထင်ရာရဲရဲရင်ဆိုင်စမ်းပါ ၊ ခုမင်းရထားတဲ့ဘွဲ့ ကအကောင်းဆုံးပါ ငါ့သားရဲ့ .. ရှစ်ဆယ့်ရှစ်မျိုးဆက် ၊ တိုက်ပွဲဝင်ကျောင်းသား ၊ တော်လှန်ရေးသမားဆိုတဲ့ဘွဲ့တွေ ငါ့သား ရထားတာပဲ၊ ဒီ့ထက်ဘယ်ဘွဲ့က အမေ့ကိုပိုဂုဏ်ရှိစေမှာလဲ ၊ မင်းအဖေလဲ ဒါကိုပဲကျေနပ်နေတာပါ” တဲ့ ၊ ဆပ်ခွင့်မကြုံခဲ့တဲ့ အမေ့ကျေးဇူးတွေထဲမှာ အဲဒီ အားပေးစကားက အကြီးဆုံးများဖြစ်မလားတောင်ထင်မိပါရဲ့ဗျာ ။

ခုလဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ချိန်မှာအခြေခံပညာကျောင်းသားတွေဖြစ်တဲ့ ကျွန်တော်တို့အသက်က ၃၇-၃၈ တွေ ဖြစ်ကြပေမဲ့ ကျောင်းသားတစ်ယောက်အနေဖြင့်သာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေဆဲပါ ၊ စစ်အာဏာရှင် တွေကလိသလို ကျွန်တော်တို့အဖွဲ့မှာ ခေါင်းဖြူသွားကျိုးအဖိုးကြီးအရွယ်တွေလဲ ကျောင်းသားတွေအဖြစ်တကယ်ရှိနေတာ ပါ ၊ ကျောင်းသားကရိုးသားတယ် ၊ ပြည်သူကိုရှေ့ကအသေခံဦးဆောင်ရဲတဲ့သတ္တိရှိတယ် ၊ လူမျိုး,ဘာသာ,အယူဝါဒအစွဲ တွေကင်းတယ်၊အာဏာတွေနေရာတွေမမျှော်မှန်းဘူးဆိုတဲ့ အဲဒီလိုဂုဏ်တွေကိုလေးစားတန်ဘိုးထားတဲ့အတွက် “ အမိမြေ လွတ်မြောက်ဘို့အတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိုးတွေက အောက်ဆုံးအလွှာကရှိစေရမယ်” ဆိုတဲ့ ကျောင်းသားဆောင်ပုဒ်ကိုဆုတ်ကိုင်ပြီး တော်လှန်ရေးဆိုတဲ့ကျောင်း ၊ တော်လှန်ရေးဆိုတဲ့တက္ကသိုလ်ရဲ့ ကျောင်း သားတွေအဖြစ် ကျောင်းသားနာမည်ခံဆက်ရှိနေကြတာပဲဖြစ်ပါတယ် ။

ယုံကြည်ပါတယ် ၊ တော်လှန်ရေးဆိုတာ ဇာပန်းထိုးသလို ဧည့်သည်ထမင်းစားဖိတ်သလိုလွယ်တာမျိုးမဟုတ်ဆိုပေမဲ့လဲ ၊ တနေ့ကျွန်တော်တို့ပြည်သူတွေ အောင်ပွဲခံရမှာပါ ၊ ကျွန်တော်တို့အသက်တွေ လေးငါးခြောက်ဆယ်မှလဲ ဖြစ်ချင်ဖြစ်နိုင်ပါ တယ် ၊ ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူ့အင်အားတွေပေါင်းစည်းမိတဲ့တနေ့ ကျွန်တော်တို့အနိုင်တိုက်နိုင်မှာပါ ၊ ဘယ်လောက်ပဲ အိုမင်းမစွမ်းဖြစ်နေသည့်တိုင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ကိုယ်တိုင်ပြန်ဝင်ဆောက်မယ် ၊ စာသင်ခန်းထဲဝင်ထိုင် ပြီးဆုံးရှုံးခဲ့တဲ့ငယ်ဘ၀လေးပြန်လွမ်းမယ်မျှော်လင့်ရင်း အကျဉ်းခန်းထဲမှာနေစဉ်ကအားမာန်တင်းနိုင်ခဲ့တဲ့သီချင်းလေးပြန်ဆို ပြီး ဆက်လက်တိုက်ပွဲဝင်နေရဦးမဲ့ရှေ့ခရီးအတွက် တက်ကြွနေမိပါတယ် ၊ “စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ ခေတ်မှာတို့တတွေကျောင်းတက်မည်”……လို့ ။

Your browser may not support display of this image.

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား


forwardမေးလ်ဖြင့်ပေးပို့သော ကိုဒီမိုအားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.