Saturday, September 11, 2010

0 ပဲခူးမှ အရပ်သားလူငယ်များကို စစ်တပ်မှ ပစ်သတ်မှုအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာ

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာကို ဖော်ပြလိုက်ပါသည်။
နအဖခေါင်းဆောင်များ သိစေရန်
အမှန်တရားနှင့် တရားမျှတမှုကို လိုလားသော တပ်မတော်သားများ သိစေရန်
မတရား ဖိနှိပ်ခံနေရသော ပြည်သူလူထုတရပ်လုံး သိစေရန် တတ်နိုင်သမျှ လက်ဆင့်ကမ်း ဖြန့်ချိပေးစေလိုပါသည်။
ဤစာကို ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ယနေ့ (၁ဝ-၉-၂ဝ၁ဝ)နေ့ ညနေ (၃) နာရီခွဲခန့်တွင် တိုကျိုရှိ မြန်မာသံရုံး၏ စာတိုက်ပုံးထဲသို့ ထည့်၍ မြန်မာသံအမတ်ကြီး မှတဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးအပ်လိုက်ပါသည်။
ပြည်သူတရပ်လုံး နိုင်ငံရေး နိုးကြားလာအောင် ကြိုးပမ်းကြပါစို့။

....................................

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဥက္ကဌ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ

မြန်မာနိုင်ငံ။

စက်တင်ဘာ ၁ဝ ရက်၊ ၂ဝ၁ဝ ခုနှစ်

  1. အကြောင်းအရာ ။ ။ ပဲခူးမြို့တွင် တပ်မတော်သားအချို့က ဥပဒေမဲ့ ရက်စက်ကြမ်းတမ်းစွာ ပစ်ခတ် သတ်ဖြတ်မှုကြောင့် အရပ်သား လူငယ်နှစ်ဦး သေဆုံးခဲ့ရသည့် အဖြစ်အပျက်မှ အဖြစ်မှန်ကို တရား ဥပဒေအတိုင်း ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တောင်းဆိုခြင်း။

၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ၄ ရက်ည သန်းခေါင်ယံတွင် ပဲခူးမြို့တွင်း ဖြစ်ပွားခဲ့သည့် တပ်မတော်သား များနှင့် အရပ်သားလူငယ်အချို့အကြား ခိုက်ရန်ဖြစ်ပွားမှု၌ တပ်မတော်သားများက လက်နက်အားကိုး ဖြင့် ဥပဒေမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် အောင်သူဟိန်း (၂၂နှစ်) နှင့် စိုးပိုင်ဇော် (၁၈နှစ်)တို့ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ဂျပန်နိုင်ငံတွင် အခြေစိုက်သည့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသော ကျွန်ုပ်တို့သည် အဆိုပါ အဖြစ်အပျက်ကို ကြားသိရသည့်အတွက် လွန်စွာ တုန်လှုပ်သွားခဲ့ရသည်။ ဤကိစ္စမျိုးသည် လုံးဝ လက်မခံသင့်သောကိစ္စ၊ နောက်နောင် မဖြစ်သင့်သောကိစ္စ ဖြစ်သည့်အပြင် နောက်နောင် မဖြစ်အောင် ကြိုတင် ကာကွယ်သင့်သောကိစ္စလည်း ဖြစ်သည်ဟု ကျွန်ုပ်က စွဲမြဲစွာယုံကြည်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် တပ်မတော်သားအချို့က စစ်တပ် အရှိန်အဝါသုံး၍ လက်နက်အားကိုးဖြင့် ပြည်သူလူထုအား အနိုင်ကျင့်နေသည်ကို ဤအဖြစ်အပျက်က ကောင်းစွာ မီးမောင်းထိုးပြနေသည်။ ထို့အပြင် ပြည်သူလူထုအား ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ တရားဥပဒေ စိုးမိုးမှုကို ထိခိုက် စေခြင်း ဖြစ်သည့်အတွက် အထူးသဖြင့် နိုင်ငံအတွက် အလွန်အရေးကြီးသော ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လွတ်လပ်လပ် သမာသမတ်ကျစွာ ကျင်းပနိုင်ရန် နှစ်လတာ မျှသာ လိုတော့သော အချိန်အခါမျိုး ဖြစ်သဖြင့် ကျွန်ုပ်တို့က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ပြည်သူလူထု၏အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့် တပ်မတော်သည် ယခုအခါ တပ်မတော်၏ စစ်စည်းကမ်းများကိုပင် ဖောက်ဖျက်လျက် ပြည်သူလူထုအား စစ်မြေပြင်မှ ရန်သူပမာ သတ်ဖြတ်ရဲသည့် အခြေအနေသို့ ရောက်ရှိနေသည်မှာ တပ်မတော်၏ အကြီးအကဲဖြစ်သော ဗိုလ်ချုပ်မှူးကြီးတွင် လုံးဝ တာဝန်ရှိသည်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်းအမှတ် ၅၉ မှ တပ်မတော်သားအချို့၏ ယခုကဲ့သို့သော လုပ်ရပ်သည် နိုင်ငံတကာ ဂျီနီဗာ သဘောတူညီမှုများနှင့် နိုင်ငံတကာ သဘောတူညီချက် ဖြစ်သည့် စစ်ရာဇဝတ်မှုများကိုလည်း အတိအလင်း ဖောက်ဖျက်လျက်ရှိသည်။

ထို့ကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရသည့် အဖြစ်အပျက် အခြေအနေမှန်ကို ပြည်သူသို့ အတိအလင်း ထုတ်ပြန် ရှင်းလင်း ကြေညာရန်နှင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးရန် ကျွန်ုပ်တို့က အလေးအနက် တောင်းဆိုလိုက်သည်။

မြန်မာ့ဒီမိုကရေစီ အင်အားစု
ဂျပန်နိုင်ငံ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.