Saturday, September 18, 2010

0 ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် နေပြည်တော်ရှိ လူနေထိုင်ခြင်း မရှိသေးသော မြို့သစ်များမှ ဝင်ရောက် အရွေးချယ်ခံကြမည်

လူမနေတဲ့နေပြည်တော်ကမြို့နယ်အသစ်တွေကြတော့မဲဆန္ဒနယ်လုပ်ပြီး ထိပ်တန်းဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ သူရရွှေမန်းတို့ သီဟသူရတင်အောင်မြင့်ဦးတို့ကဝင်ပြိုင်မယ်တဲ့ ဇကတော့ပြင်းတယ်နော်..... ပြိုက်ဘက်မရှိ လူလည်းသိပ်မနေသေးတဲ့မြို့နယ်ကနေဝင်ပြိုင်တာ ... တော်ယုံတန်ယုံသတ္တိ မဟုတ်ဘူးဗျအဲ့ဒီသတ္တိတွေကြောင့် သူရဘွဲ့တို့ သီဟသူရဘွဲ့တို့ရခဲ့တာနေမှာ။

(ခောတ်ပြိုင်မှာဖော်ပြတဲ့သတင်းဖြစ်ပါတယ်။ )
ရွေးကောက်ပွဲဝင်ရန်အတွက် မကြာသေးမီကမှ အငြိမ်းစားပေးခြင်းခံရသည့် ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် နေပြည်တော်ရှိ လူနေထိုင်ခြင်း မရှိသေးသော မြို့သစ်များမှ ဝင်ရောက် အရွေးချယ်ခံကြမည်ဖြစ်ပြီး အလွယ်တကူ လွှတ်တော်အမတ် ဖြစ်သွားလိမ့်မည်ဟု နေပြည်တော် ပျဉ်းမနားမြို့ခံများက ဝေဖန်ပြောဆိုနေကြသည်။

မြို့နယ်အသီးသီးတွင် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် အမတ်လောင်းများအဖြစ် ၀င်ပြိုင်ကြမည့်သူများမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း (ဇေယျာသီရိမြို့နယ်)၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး (ပုဗ္ဗသီရိ မြို့နယ်)၊ ဦးသိန်းစိန် (ဇဗ္ဗူသီရိ မြို့နယ်)၊ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင် (ဒက္ခိဏသီရိ မြို့နယ်)၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်စွာခိုင် (ဥတ္တရသီရိမြို့နယ်) တို့ဖြစ်ကြောင်း နေပြည်တော်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းသွားကြည့်ခဲ့သည့် ပျဉ်းမနားမြို့မှ ဂျာနယ် သတင်းထောက်တဦးက ပြောကြားသည်။

၎င်းက “အဲဒီ မြို့သစ်တွေမှာ ဝန်ထမ်းတွေပဲ နည်းနည်းပါးပါး နေတယ်။ နောက် ပြိုင်ဘက် တယောက်စီဟာလည်း တစညက မထင်မရှားလူတွေဆိုတော့ ကြိုတင်မဲနဲ့ ဖြစ်စေ၊ အခြားနည်းနာတွေ သုံးပြီးဖြစ်စေ၊ ဒီဗိုလ်ချုပ်ကြီးဟောင်းတွေ အားလုံး အလွယ်တကူ လွှတ်တော်အမတ်တွေ ဖြစ်လာကြလိမ့်မယ်။ တစည ပါတီဆိုတာကလည်း လက်ရှိ စစ်အာဏာရှင်တွေ ဖြစ်ချင်တာကို အကောင်အထည် ဖော်ပေးနေရတဲ့ပါတီ၊ ဗိုလ်ချုပ်ကြီးတွေ အားလုံး ပြိုင်ဘက်မရှိ အနိုင်ရတယ် ဆိုတာမျိုး မဖြစ်ချင်လို့ ခုလို စီစဉ်ပုံရတယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ နိုင်ငံရေးသတင်းအယ်ဒီတာ တဦးက ယခု ရွေးကောက်ပွဲတွင် အာဏာရ အစိုးရအဖွဲ့ဝင်များအနေဖြင့် ဦးသိန်းစိန်တို့ ဝန်ကြီးအဖွဲ့ စစ်ယူနီဖောင်းချွတ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်းက အကြောင်းမရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသွင်ကူးပြောင်းရေးကို တာဝန်ယူထားသည့် လက်ရှိ နအဖ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသီဟသူရ တင်အောင်မြင်ဦးတို့ ဝင်ပြိုင်ခြင်းမှာမူ ဥပဒေနှင့် ညီညွတ်သည်ဟု မထင်ကြောင်း ပြောသည်။

၎င်းက “ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို အသေအချာ ထိခိုက်မှာ ဖြစ်တယ်။ ဒီလို လူနေထိုင်ခြင်း မရှိတဲ့ ဝန်ထမ်းအနည်းငယ်ပဲ နေတဲ့ မြို့သစ်တွေကို မဲဆန္ဒနယ်မြေတခုစီ သတ်မှတ်ထားတာလည်း သင့်လျော်မှု မရှိဘူး” ဟု ရှင်းပြသည်။

“အခု ကြံ့ဖွံ့ဟာ သူ့ပါတီကိုယ်စား ရွေးကောက်ပွဲဝင်ဖို့ ဆိုပြီး အနယ်နယ် အရပ်ရပ်က ဆရာဝန်တွေ၊ ဝန်ထမ်းဟောင်းတွေကို စည်းရုံးပြီး အမည်စာရင်းတွေ တင်ထားတယ်။ စစ်ဗိုလ်ဟောင်းတွေ သက်သက်နဲ့ သူတို့ မရဘူးဆိုတာ သိထားတယ်။ အဲဒီ လူတွေ လွှတ်တော်ထဲရောက်သွားရင် သူတို့ စကားနားထောင်ပါ့မလား ဆိုတာကိုလည်း စိုးရိမ်နေပုံရတယ်။ ဒါကြောင့် အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် လွှတ်တော်အသီးသီးကို ထိန်းချုပ်နိုင်ဖို့ လွှတ်တော်ထဲ ဝင်ထိုင်ဖို့ လုပ်တာပဲ ဖြစ်တယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်အမတ်လောင်းတဦးက ပြောသည်။

ရွေးကောက်ပွဲ ပြီးသွားပါကလည်း ယခုစစ်ဗိုလ်ချုပ်များပင် ဆက်လက်အုပ်ချုပ်မည်မှာ သေချာနေခြင်းကြောင့် အလွှာအသီးသီးမှ ပြည်သူများက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း၊ မိမိတို့ နေထိုင်ရာဒေသတွင် မည်သည့်ပါတီက မည်သူ ရွေးကောက်ပွဲဝင်မည် ဆိုခြင်းကိုလည်း မသိကြောင်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ပဲခူး၊ မုံရွာ မြို့ခံများက ပြောသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.