Saturday, September 18, 2010

0 ပြည်သူ့ပါတီ NLD

သန်းရွှေရဲ့ ဉာဏ်နီဉာဏ်နက်တွေနဲ့ NLD ကို တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်လိုက်ပြီလို့ ရွေးကောက်ပွဲ ကော်မီရှင်က ကြေငြာလိုက်ပြီ။ NLD ကလည်း ဒီကြေငြာချက်ဟာ တရားမဝင်ဘူးလို့ ပြောသည်။ သိပ်မှန်သည်။ ဒီနေရာမှာ ရွေးကောက်ပွဲ ကော်မီရှင်ဆိုတာ ဘာလဲ? သူတို့မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီကြီးကို တရားမဝင်ကြောင်း ကြေငြာနိုင်လောက်သည့် အာဏာမရှိပါ။

ရွေးကောက်ပွဲကော်မီရှင်သည် သန်းရွှေခင်းကျင်းပြသနေသည့် မျောက်ပွဲတခုသာဖြစ်သည်။ ကော်မီရှင်မျောက်များက သန်းရွှေက ဒုတ်ကိုင်ပြီး အချက်ပြလိုက်လျှင် အမြှီးမျှောက်လိုက်၊ ဂျွမ်းထိုးလိုက် လုပ်နေရသည့် သဘောဖြစ်သည်။ သန်းရွှေက ဘယ်ပါတီကို ပိတ်လိုက်ဆိုလျှင် ၎င်းတို့က သန်းရွှေအလိုကျ လုပ်ရသည့် ဆပ်ကပ်မျောက်များသာဖြစ်သည်။ ၎င်းတို့တွင် လုပ်ပိုင်ခွင့် အာဏာမရှိ၊ ၎င်းတို့ဆရာကြီး သန်းရွှေတွင်လည်း လုပ်ပိုင်ခွင့်မရှိချေ။

စင်စစ် NLD ပါတီသည် ရှစ်လေးလုံး အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သည်။ ပြည်သူတို့ မိုးယံသို့ဟိန်း၍ ဟစ်ကြွေးလိုက်သော ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေးတို့ကို ရရှိရန်အတွက် ပြည်သူ့ထောက်ခံမှုဖြင့် ဖွဲ့စည်းလိုက်သည့် ပြည်သူ့ပါတီကြီးဖြစ်သည်။ သန်းရွှေအာဏာစက်နှင့် ဖျက်လို့မပျက်နိုင်သည့် အမြုတေပါတီဖြစ်သည်။

NLD ပါတီ တည်ရှိမှုသည် NLD ပါတီဝင်များက မိမိပါတီအပေါ် ယုံကြည်မှု ကင်းမဲ့သွားသည့်အခါ၊ ပြည်သူတို့ NLD ပါတီအပေါ် ထောက်ခံအားပေးမှု မရှိတော့သည့်အခါမှသာ ဖြစ်ပါလိမ့်မည်။ သန်းရွှေအမိန့်ဖြင့် NLD သည် အလွယ်တကူ မြန်မာ့မြေပေါ်မှ အငွေ့ပျံ ပျောက်ကွယ်သွားမည့် ပါတီ မဟုတ်ဟု လုံးဝယုံကြည်မိပါသည်။

ပြည်သူများ ယုံကြည်အားကိုးမှု ရှိနေသမျှ၊ ပြည်သူတို့၏ အကျိုးကို ဆောင်ရွက်နေသမျှ၊ ပြည်သူတို့ နစ်နာချက်များကို တိုက်ပွဲဝင်နေသမျှ NLD ပါတီသည် စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်တိုက်ဖျက်ရင်း ဆက်လက်ရပ်တည်နေမည်သာဖြစ်သည်။

မြန်မာပြည်တွင်း ပြည်ပရှိ မျိုးချစ်မြန်မာများအားလုံး NLD ပါတီ တည်ရှိနေမှုကို အသိအမှတ်ပြုသည့် ဆန္ဒပြပွဲများ၊ NLD ပါတီကို ထောက်ခံသည့် ပွဲများကို ကမ္ဘာအနှံ့ တပြိုင်တည်းပြုလုပ်ကြဘို့ လိုပြီဟု တိုက်တွန်း နှိုးဆော်လိုက်သည်။

ပြည်သူ့ပါတီ NLD ကို စစ်အုပ်စု ဖျက်၍ မပျက်နိုင်၊ NLD ပါတီ ခေါင်းဆောင်းများ တိုက်ပွဲလမ်းကြောင်းမှ သွေဖီ၍ စစ်အုပ်စုကို အရှုံးပေးသည့်အခါ၊ ပြည်သူ့လိုလားချက်များကို မျက်ကွယ်ပြုသည့်အခါ NLD သည် သူ့အလိုအလျှောက် ပျောက်ကွယ်သွားမည်သာဖြစ်သည်။

ထို့ကြောင့် ယနေ့ပြည်သူတို့ ရင်ဆိုင်နေရသော စစ်ကျွန်ဇာတ်သွင်းခံရမည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီအနေနှင့် ရဲရဲဝံ့ဝံ့ တိုက်မည်လော၊ တိုက်ပွဲလမ်းကြောင်းမှ သွေဖီ၍ ကြေငြာချက်များ ထုတ်ရင်း အချိန်ကုန်ခံမည်လောဟု စောင့်ကြည့်ရပေလိမ့်မည်။

နိဂုံးအားဖြင့် NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို နောက်ဆုံးအနေနှင့် စွဲကိုင်ပြီး အစိုးရတရပ်အဖြစ် ကြေငြာရဲဘို့ လိုပေသည်။ “ကြောက်ရင် လာဒ်လွဲ ရဲမင်းဖြစ်” ဆိုသည့် စကားရှိသည် မဟုတ်ပါလား။

ထွန်းအောင်ကျော်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.