Tuesday, November 23, 2010

0 နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာသောဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ရောက်ဒီမိုသမားများက ကြိုဆိုထောက်ခံပွဲ


တိုကျို၊ နိုဝင်ဘာ(၂၃)

သတင်းရေးသား-သန့်မျိုးထွေး(မိုးသောက်ကြယ်)

၇ နှစ်နှင့် ၆ လာကြာ နေအိမ်အကျယ်ချုပ်မှပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်နေသူများက ကြိုဆိုပွဲတရပ်ကျင်းပ၍ ပြည်သူလူထု၏ခေါင်းဆောင်အဖြစ် ထပ်မံအတည်ပြု ထောက်ခံလိုက်ကြသည်။

တိုကျိုမြို့ ရှီဘူယရပ်ကွက်၌ရှိသော ကုလသမဂ္ဂအဆောက်အဦးအရှေ့တွင် ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်သော ထောက်ခံကြိုဆိုပွဲသို့ ဂျပန်ရောက်မြန်မာနိုင်ငံသား တစ်ရာ့ရှစ်ဆယ်ကျော် တက်ရောက်အတည်ပြုထောက်ခံကြိုဆိုခဲ့ကြပြီး မကြာသေးမှီက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်အပြီးတွင် လူအများက သူမကိုသာမေးမြန်းနေကြ၍ သူမကသာ ပြောဆိုနေရပြီး လူအများ၏စကားကိုလည်း ပြန်လည်ကြားလိုကြောင်းပြောဆိုထားခဲ့သောကြောင့် ကြိုဆိုလှုပ်ရှားသူများက မှတ်စုစာအုပ်ငယ်များတွင် ပြည်သူလူထုမှ လူထုခေါင်းဆောင်သို့ဟု အဓိပ္ပါယ်ရသည့် လူအများမှဒေါ်အောင်ဆန်းစုကြည်သို့ ပြောကြားလိုသော ရင်တွင်းဆန္ဒစကားများ ကောက်ယူစုစည်းမှုတရပ်ကို လှုပ်ရှားခဲ့ကြောင်းတွေ့ရသည်။

ထောက်ခံလှုပ်ရှားမှုနှင့်ပါတ်သတ်၍ ``ဘာကြောင့်ထောက်ခံရသလဲဆိုသော ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အနစ်နာခံပြီးတော့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ အနေအထားဟာ ထိမ်းသိမ်းခြင်းခံရပြီးတဲ့နောက်မှာဆို ပိုပြီးတော့ကို တွေ့လာရပါတယ်၊ အဲ့ဒိအခါ ပိုပြီးအားတက်ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်မှသာလျှင် မြန်မာ့ဒီမိုကရေစီအရေးဟာ ပိုပြီးတော့ မြန်မြန်ဆန်းဆန်နဲ့ အောင်မြင်မှာဖြစ်ပါတယ်၊ စနစ်ကျမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ကြိုဆိုထောက်ခံရခြင်းဖြစ်ပါတယ်´´ဟု စီစဉ်ဆောင်ရွက်ခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ၏ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးလွင်အောင်စိုးကရှင်းပြသည်။

၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ(2010 Election Boycott Committee-japan)မှာ နအဖစစ်အစိုးရက ယခုလဆန်းပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကို လက်မခံအယုံအကြည်မရှိဟုဆိုကာ ဆန့်ကျင်ကန့်ကွက်လှုပ်ရှားရေးအတွက် ဂျပန်ရှိဒီမိုကရေစီ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များညီညွတ်စွာ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့တခုဖြစ်ပြီး ရွေးကောက်ပွဲပြီးသည့်တိုင် အဖွဲ့ကိုမဖျက်ဘဲဆက်လက်ဖွဲ့စည်း၍ ဒီမိုကရေစီအရေးအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသော အဖွဲ့တခုဖြစ်သည်။

ကြိုဆိုထောက်ခံသော ဆန္ဒစကားများကောက်ခံရယူမှုတွင် ဂျပန်လူမျိုး(၄၅)ဦးက ၄င်းတို့ယုံကြည်လေးစားသော နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံကြောင်း၊ မြန်မာ့နိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီစနစ်အမြန်ဆုံးပေါ်ပေါက်ပြီး လူအခွင့်အရေးအပြည့်အ၀ရှိသော ငြိမ်းချမ်းသော တိုင်ပြည်တခုကိုတည်ဆောက်နိုင်ပါစေကြာင်း၊ ဂျပန်ရောက်မြန်မာ့လူမျိုးများနှင့်ဆန္ဒတထပ်တည်းဖြစ်ကြောင်း အားပါးတရပါဝင်ရေးသားခဲ့ကြပြီး ယနေ့စုစည်းရရှိခဲ့သော ဂျပန်နှင့်မြန်မာ ဆန္ဒစကားများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဝယ်အရောက်ပေးပို့သွားမည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ မလေးလေး(တိုကျို)မှပြောပြသည်။

ဂျပန်သတင်းဋ္ဌာန ANN News နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းမှုတွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများအား ဒေါ်အောင်ဆန်းစုကြည်က ဘာ့ကြောင့်ကိုယ့်တိုင်းပြည်ကိုစွန့်ခွာခဲ့ရကြောင်းနှင့် ကိုယ့်တိုင်းပြည်ကိုမမေ့ရန် မီဒီယာမှတဆင့် အမှာစကားပြောကြားခဲ့သည်။ အဆိုပါစကားအပေါ် ဦးလွင်အောင်စိုးက``အင်းမတန်ကောင်းတဲ့မှာကြားချက်ပါ၊ ကျနော်တို့ကို ဘ၀မမေ့သွားအောင် ကျနော်တို့ကို ထိမ်းကြောင်းပေးတဲ့ စကားဖြစ်ပါတယ်၊ ဒီအတိုင်းပဲ ကျနော်တို့ဂျပန်ရောက်နေလျှက်မှာပဲ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးစားဆောင်ရွက်ရင်း မြန်မာဆိုတဲ့ဂုဏ်ကို ကြိုးစားထိမ်းသိမ်းနေပါတယ်´´ဟု လူထုခေါင်းဆောင်၏ စကားကို လိုက်နာလျှက်ရှိကြောင်းပြောပြသည်။

ဒီအပြင် ဂျပန်ရှိ (၄၀)ကျော်သော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ကြေငြာချက်များ၊ အမှာစကားများကို ပြောဆိုဖတ်ကြားခဲ့ကြပြီး အဆုံးပိတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီးတွင် ထုတ်ဝေခဲ့သည့် လှောင်ချိုင့်ထဲကအမည်ရှိ တေးစီးရီးမှ ``ဒေါ်အောင်ဆန်းစုကြည်´´သီချင်းကို PRMG တေးဂီတအဖွဲ့မှဦးဆောင်၍ တက်ရောက်လာသူများတညီတညွတ်တည်းသီဆိုခဲ့ကြသည်။

photo။ ။ kothaw (fb)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.