Tuesday, November 23, 2010

0 ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ ( အပိုင်း ၈ - နိဂုံး ပိုင်း )
ရေးသူ-မောင်မောင်ဝမ်း


ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ (အစအဆုံး)ကို ဒီမှာဖတ်နိုင်ပါတယ်။

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ၊ လုပ်ရဲမှ ၊ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’
(ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်တခုမှ-)

တခါက ကျနော့်မြို့မှာပါ..။
ကျနော်တို့ အပေါင်းသင်းတွေ ၀ိုင်းဖွဲ့ပြီး စကားပြောနေတဲ့အချိန်မှာ မြို့ပေါ်က နည်းနည်းပိုက်ဆံချမ်းသာတယ်လို့ ပြောလို့ရတဲ့ သူတယောက် ၀င်လာတယ်။ပြီးတော့ အဆက်မပြတ် ဆိုသလို .."သူ့စီးပွားရေးကို ဘယ်အာဏာပိုင်တွေက ဘယ်လိုနှိပ်စက်လို့ ဘယ်လို ဒုက္ခရောက်တဲ့အကြောင်း ၊ စီးပွားရေး လုပ်ပိုင်ခွင့်များကိုလည်း ဘယ်လို ကန့်သတ်ပိတ်ပင်တဲ့အကြောင်း" တွေကို ခိုသံပါအောင်ညည်းရင်း ပြောနေလိုက်တာ၊ ကျနော်တို့တောင် ပိုက်ဆံစုပြီး သူ့ကို ၀ိုင်းကူပေးရမယ့်ပုံ…။

ဒါနဲ့ တယောက်က စလာတယ်…။

“ ဒါ..စံနစ်ကြောင့်ပေါ့.. စံနစ်ကို ပြုပြင်ရမယ် ” လို့ ပြောတော့ အဲဒီလူက ထိုင်ရာကနေ ထသွား မယောင်တောင် ဖြစ်သွားတယ်။

“ ခင်ဗျားတို့ နိုင်ငံရေးကြောင်းပြောမယ်ဆို.. ကျနော် နားမထောင်ချင်ဘူးဗျာ.. နိုင်ငံရေးကို ကျနော် စိတ်မ၀င်စားဘူး ” လို့ဆိုလာတော့ ၊ ကျနော်က…
“ အခုခင်ဗျား ညည်းနေတာတွေဟာ နိုင်ငံရေး မဟုတ်ဘူးလား .. အဲဒါ ခင်ဗျား နိုင်ငံရေးအကြောင်း ပြောနေတာပဲ ”

“ ဟာ.. မလုပ်ပါနဲ့ဗျာ.. ကျနော်က ကိုယ့်စီးပွားက လွဲပြီး ဘာမှစိတ်မ၀င်စားဘူးဗျ.. ပိုက်ဆံရဖို့ပဲ သိတယ်.. ကိုယ်လုပ်မှ ကိုယ်စားရတာပါဗျာ ”
ခေါင်းကိုတွင်တွင်ကုတ်ရင်း ကျနော်တို့စကားတွေကို ဇွတ် ငြင်းချက်ထုတ်တော့တယ်..။ ဒီလူနဲ့တော့ ခက်ပြီ…။

“ နေပါဦး.. ခင်ဗျား စောစောက ပြောသွားတဲ့.. ကိုယ်လုပ်မှ.. ကိုယ်စားရတယ်ဆိုတာ..တကယ်လား ”

ကျနော်က ဒီလိုမေးလိုက်တော့ သူက ပေစောင်းစောင်းကြည့်ပြီး.. မကျေနပ်တဲ့လေသံနဲ့…

“ ခလေး သွားမေးတောင်.. သိပါတယ်ဗျာ ”

“ ကိုယ်လုပ်မှ.. ကိုယ်စားရတယ်ဆိုရင်.. ခင်ဗျား စောစောက ဘာလို့ညည်းတာလဲ.. ကိုယ်လုပ်တိုင်း .. ကိုယ် တကယ်စားရလို့လား ”
သူ့စိတ်ထဲမှာ တော်တော်ရှုပ်ထွေးသွားဟန်ရှိတယ်။

“ မသိဘူးဗျာ .. ကျနော်က ပိုက်ဆံချမ်းသာဖို့ပဲ သိတယ် ..။ ကျန်တာ ကျနော်မသိဘူး..။ ခင်ဗျားတို့လို နိုင်ငံရေးလုပ်လို့ ပိုက်ဆံရလာမှာမှ မဟုတ်တာ ”

ဒါနဲ့ကျနော်တို့ထဲက တယောက်က ကြားဖြတ်ပြီး...
“ ဒါဆို.. ခင်ဗျား ဘယ်လောက်ချမ်းသာနေပြီလဲ။ နိုင်ငံရေးကလွဲလို့ ဘာမှမလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လောက် ချမ်းသာလား …။ အခု ဒေါ်အောင်ဆန်းစုကြည်မှာ နိုဘယ်လ်ဆုနဲ့တင် ဒေါ်လာသန်းချီရနေပြီ..။ ခင်ဗျား သူ့လောက်ချမ်းသာနေပြီလား ” ...ဆိုတော့ ဒီလူ တော်တော် တွေဝေသွားတယ် ။

“ ကျနော် အမှန်ပြောရရင်.. ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လေးလည်းလေးစားတယ်.. ချစ်လည်းချစ်တယ်..။ ဒါပေမယ့် ကျနော် နိုင်ငံရေးမလုပ်ရဲဘူးဗျ ..။ ကြောက်တယ်..။ ကျနော်ဒီလိုပြောတာ ဘယ်သူ့မှ လျှောက်မပြောနဲ့နော်.. ”
(မျက်လုံးက ဘေးဘီ ၀ဲယာ ကျီးကန်းတောင်းမှောက်ကြည့်ရင်း စိုးရိမ်နေပုံ…) “ တကယ်ပါဗျာ.. ကျုပ်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်စေချင်တာ အမှန်ပဲ.. ကျနော်ကတော့ မလုပ်ရဲဘူးဗျ .. ကြောက်တယ်”

“ ခင်ဗျား နိုင်ငံရေးမလုပ်ချင်ဘူးဆိုလည်း နေလို့ရပါတယ်...။ ဒါပေမယ့် နိုင်ငံရေးကိုတော့ မသိလို့ မဖြစ်ဘူးဗျ… နိုင်ငံရေး မသိဘူးဆိုရင် .. အုပ်ချုပ်တဲ့သူတွေက..လုပ်ချင်ရာ လုပ်သွားမှာပဲ……..”

ကျနော့်ရင်ထဲမှာ တခါက အန်တီစု ထပ်ခါထပ်ခါပြောခဲ့တဲ့ စကားကို သွားသတိရမိတယ်။ အမြဲတမ်းလည်း ပြောတယ်…..။

“ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ ၊ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ ”

”လိုချင်တာကို မျှော်လင့်ရုံပဲ မျှော်လင့်ပြီး၊ ရအောင်လုပ်ယူဖို့ ခက်ခဲနေတဲ့ သူတွေကိုလည်း တွေ့ကြုံခဲ့ဖူးပါတယ်။”

ဒီလိုပြောခဲ့တဲ့ အန်တီ့ရဲ့ စကားတွေဟာ ကျနော့် ရင်ထဲမှာ စွဲနေတယ်။
ကျနော် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ယုံတယ် ။ တနေ့မှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်က အခုထိ ဖျက်လို့မရနိုင်ပါဘူး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိဘဲနဲ့ ၊ တိုင်းပြည်ထူထောင်ဖို့ ဆိုတာ သမင်မွေးရင်း ကျားစားရင်း ဖြစ်မှာ အမှန်ပဲ။

အကောင်းဆုံးပါဆိုတဲ့ စံနစ်နဲ့သွားလည်း မအောင်မြင်နိုင်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်တို့ နိုင်ငံရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးက ပြိုကွဲနေတာ မဟုတ်လား၊

ကျနော်တို့ ကျောင်းသားလူငယ်တွေ အစွမ်းရှိသလောက် ကြိုးစားအားထုတ်ခဲ့တာ အတိုင်းတာ တခုထိတော့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အားရလောက်အောင် အဆင့်ထိတော့ မရောက်ခဲ့ပါဘူး၊ ဒီလို အတိုင်းတာ တခုထိ ရောက်ဖို့ဆိုတာတောင် ..တကယ်တော့ ...အန်တီစုအပါဝင် လူကြီးတွေရဲ့ ကျောထောက်နောက်ခံပေးလို့ဆိုတာ အမှန်ပါပဲ။ ကျနော်တို့ချည်း ဒီလောက်ခရီးမပေါက်နိုင်ပါဘူး။ ဒါ့အတွက် အန်တီစုကို အထူး ကျေးဇူးတင်မိပါတယ်။

အန်တီစုဟာ ကျနော်တို့ရဲ့မိဘဆိုလည်း မမှားလောက်ပါဘူး၊ ကျနော်တို့ အပေါ် မိဘမေတ္တာလို မေတ္တာတွေ ပေးခဲ့ပါတယ်။ သားသမီးတွေလို သဘောထားခဲ့ပါတယ်…။ ကျနော်တို့နဲ့ ဆက်ဆံရင်တောင်မှ ဘယ်တော့မှ ”မင်းတို့ ...ငါတို့...” မသုံးဘူး။ ”သားတို့..သမီးတို့...” ဆိုပြီး သုံးတယ်။ သူ့ကိုယ်သူကတော့ အန်တီလို့ပဲ သုံးတယ်။

ကျနော်မှတ်မိသေးတယ်..။ အန်တီစုရဲ့"မိဘမေတ္တာ အလင်းစလေး" တချက် ပေါ့…..။

တနေ့ ကျနော်တို့ ကျောင်းသားတွေအပါအ၀င် လူကြီးတွေပါ (စုစုပေါင်း အယောက် ၃၀လောက်တော့ ရှိမယ်ထင်တယ်..။) အန်တီ့ခြံဝန်းထဲက အခမ်းအနားတခု ကျင်းပခဲ့တဲ့ အဆောက်အဦမှာ..အမျိုးသားနေ့ အတွက် အစည်းအဝေးလုပ်နေကြတာ..။(ဒါကလည်း အန်တီက လူကြီးတွေကို မေတ္တာရပ်ခံပြီး ကျနော်တို့ကို အစည်းဝေးတက်ခွင့်ပေးခဲ့တာပါ။)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးကြည်မောင် က ဦးဆောင်ပါဝင်ပြီး တိုင်းရင်းသားအဖွဲ့တွေ ၊ ကျနော်တို့ကျောင်းသားတွေထဲမှာ ကိုမင်းဇေယျာ ( ၈၈-မကသ-ကျောင်းသားခေါင်းဆောင် ) ကလည်း ထောင်ထဲက ပူပူနွေးနွေး လွတ်လာတဲ့အချိန်။ သူလည်း အစည်းဝေးကို ရောက်လာခဲ့တယ်။
နောက် ..ကိုကျော်ဌေးဦး၊ ကိုလေးလွင် (၈၈-မျိုးဆက်-ကျောင်းသားခေါင်းဆောင်များ) ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထဲကဆို မှတ်မှတ်ရရ ဘကြီးမိုး (စာရေးဆရာ မောင်မိုးသူ) ၊ ဦးသိန်းတင် ( ထောင်တွင်း ကွယ်လွန် ) ၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ကိုခွန်မြင့်ထွန်း ( NCGUB ၀န်ကြီး) သူတို့လည်း ပါကြတယ်။

ဒီလိုနဲ့ အစည်းအဝေး ကျင်းပနေစဉ် မထင်မှတ်တဲ့မြင်ကွင်းတခုက ကျနော့်မျက်လုံးထဲ ၀င်ရောက်လာခဲ့တယ်။ ကျနော်တို့နဲ့ ခပ်လှမ်းလှမ်းက မြက်ခင်းပြင်နဲ့ အလှပန်းပင်ခြုံလေးတွေနားမှာ အန်တီစုက.. နိုင်ငံခြားသား ခလေးပေါက်စလေးတဦးနဲ့ ပျော်ရွှင်မြူးထူးနေတဲ့မြင်ကွင်းပါ၊

ခလေးလေးက အရမ်းချစ်ဖို့ ကောင်းတယ်၊ ၂ နှစ်သားလောက်ပဲ ရှိမယ်ထင်တယ်၊ (ပုံကြည့်ရတာတော့...သံတမန်တယောက်ယောက်ရဲ့ ရင်သွေးများလား မသိဘူး၊) ဆံပင်လေးတွေက ရွှေရောင်သန်းပြီး ပျော့စင်းနေတာပဲ ၊ လေလေး တချက်ဝှေ့လိုက်ပြီဆို ..ဖွာကနဲ ..ဖွာကနဲနဲ့၊ သိပ်ကြည့်လှတယ်။ လမ်းလျှောက်ပုံကလည်း ဆတ်တောက်... ဆတ်တောက်နဲ့ ၊ အန်တီစုဆီ ပြေးလာလိုက် ...ပတ်လည်ပြေးသွားလိုက်နဲ့ လုပ်နေတယ်၊
နောက်တော့ ခလေးလေးက အန်တီစုဆီ တခါပြေးလာတော့ အန်တီစုက ရှေ့ကနေ မနှေးမမြန်လေး ပြေးတယ်၊ ခလေးလေးက ဆတ်တောက် ဆတ်တောက်နဲ့ လိုက်တယ် ၊

ကျနော် အစည်းဝေးကို စိတ် မ၀င်စားတော့ဘူး ၊ ဘေးနားမှာရှိတဲ့ ကျောင်းသားခေါင်းဆောင် ကိုလေးလွင်ကို လက်တို့ပြီး ပြလိုက်တယ်..။ အားလုံးကလည်း သတိပြုမိ သွားသလား မသိဘူး။ လှမ်းကြည့်လိုက်မိတယ် ထင်တယ်…။

အန်တီစုက ရှေ့တည့်တည့်ကနေ လက်ခုပ်တီးပြီး ခေါ်နေတော့ ..ခလေးလေးကလည်း ပြေးလာတယ်..။
နောက်တော့ အန်တီ သတိ ပြန်ဝင်လာလား မသိဘူး။ ခလေးလေးကို မ ချီပြီး အိမ်ထဲ ပြေးဝင်သွားတယ်..။

ကျနော်ထင်ပါတယ်..။ အဲဒီအချိန်မှာ အန်တီဟာ လူထုခေါင်းဆောင်၊ ပါတီခေါင်းဆောင်ဆိုတဲ့ အတွေးထက် … မိခင်တယောက်ရဲ့စိတ်တွေ ကိန်းဝပ်သွားပုံရတယ်..။ အင်မတန်မှ ချစ်စရာကောင်းတဲ့ မြင်ကွင်းပါ..။ ကျနော့်တသက်မှာ ဒီမြင်ကွင်းဟာ ဘယ်တော့မှ မမေ့နိုင်ပါဘူး။ နောင်လည်း ဒီလိုဟာမျိုး တွေ့မြင်နိုင်ဖို့ အလွန်မှ ခက်သွားလောက်ပါပြီ။

ဒီလိုနဲ့ အမျိုးသားနေ့အခမ်းအနားကို အန်တီ့ခြံဝန်းထဲမှာ ကျင်းပတော့ တက်ရောက်လာကြတဲ့သူတွေ အတော့်ကို များပါတယ်။ ဒီအခမ်းအနားက ဒုတိယမြောက် အခမ်းအနားပေါ့..။ တိုင်းရင်းသားအစစ်တွေက သူတို့ရဲ့ ရိုးရာ အကတွေနဲ့ ဖျော်ဖြေကြတယ်။ နောက် သီချင်းတွေဆိုနဲ့ အတော်မှ စည်ကားလှပါတယ်၊ အမျိုးသားအောင်ပွဲနေ့ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

အန်တီ့အိမ်ရှေ့က တရားပွဲကတော့ စနေ၊တနင်္ဂနွေဆို ထုံးစံအတိုင်း စည်ကားလျှက်ပါပဲ။
ဒါပေမယ့် တနေ့မှာတော့ လုပ်ကြံစာ တစောင် တက်လာတယ်..။(ဒါ သေချာတယ်.. တမင်သက်သက် လုပ်ကြံလိုက်တာ .. ဒီစာက..)

”လှိုင်သာယာမြို့နယ်မှာ ထမင်းရည်ပုလင်းတွေတောင် ၀ယ်သောက်နေရပါတယ်...” တဲ့..။ ”ထမင်းရည်ပုလင်းတွေရောင်းလို့ မလောက်ဘူးဖြစ်နေပါတယ်..” တဲ့။

အဲဒီစာကို အန်တီက ပြန်ဖြေလိုက်တယ် ..။ ဒါပေမယ့် စကားလုံးတွေ ကျနော် မမှတ်မိတော့ဘူး.. ။စိတ်မကောင်းဖြစ်ပြီး ကရုဏာသက်စွာ ပြန်ဖြေလိုက်တာတော့ သိလိုက်တယ်…………။
ဒါဟာ ထောင်ချောက်ဆင်ထားတဲ့စာလို့ပဲ အများက ယုံကြည်ကြတယ်…။

နောက် များမကြာခင်ရက်ပိုင်းမှာတော့ သတင်းစာထဲမှာ အကြီးအကျယ် ရေးလာတော့တာပဲ..။
”ထမင်းရည်ဆိုတာ.. တကယ်တော့ စားစရာမရှိလို့ ၀ယ်သောက်ကြတာ မဟုတ်ဘူး..”တဲ့..။ ”မီးသွေးအမှုန့်တွေဖျှော်ပြီး မီးသွေးအလုံးတွေလုပ်ဖို့ ရောင်းကြ၊၀ယ်ကြတာ..”တဲ့ ..။
ဒါကို မသိဘဲနဲ့ အစိုးရကို တမင်နစ်နာအောင် ...အန်တီစုက... အပုတ်ချသလိုလို... ဘာလိုလိုနဲ့ တုန့်ပြန်ရေးသားလာတာကို တော်တော်များများ မှတ်မိကြဦးမှာပါ၊
တကယ်တော့လည်း .. အန်တီစု က အဲဒီနေရာ ရောက်ဖူးတာမှ မဟုတ်တာ..။ စာကို တင်ပေးတဲ့သူကလည်း တင်ပေးလိုက်တော့ … ရင်ထဲမှာ သူသူကိုကို ခံစားသွားမှာပေါ့..။ ” လူတွေ စားစရာ ချို့တဲ့ကုန်လို့ ...ထမင်းရည်ပဲ ၀ယ်သောက်နိုင်တော့တယ်.. ”ဆိုတော့ ၊( ကျနော်ထင်ပါတယ်..) သိသိကြီးနဲ့ လုပ်ကြံလိုက်တဲ့စာပါ၊ ဒီလို အလုပ်မျိုးတွေကိုလည်း မသမာသူများက အန်တီစုအပေါ် အထင်မှား အမြင်မှားဖြစ်အောင် လုပ်ကြံတတ်ပါတယ်။
( ဘာမဟုတ်တဲ့ကိစ္စကို နအဖက ရေးကြီးခွင်ကျယ်လုပ်တာကိုလည်း နောက်ပိုင်း တင်ပြပေးပါဦးမယ်။)

သိပ်မကြာခင်မှာတော့ ကျနော်တို့ ပညာဆည်းပူးရာ ရန်ကုန်တက္တသိုလ်ရဲ့ ( ၇၅ ) နှစ်မြောက် စိန်ရတုသဘင် အခမ်းအနားကလည်း နီးကပ်လာတယ်။ကျနော်တို့ကျောင်းသားများလည်း စိန်ရတုသဘင်ပွဲ အခမ်းအနားကို နွှဲဖို့ စုကာရုံးကြပေါ့ ၊


အဲဒီအချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ အဆောင်တွေမှာ ကျင်းပတဲ့ ပွဲတိုင်းနီးပါးလောက် မလွတ်တမ်း တက်ရောက်နေတဲ့အချိန် ။
(တနည်းအားဖြင့် စည်းရုံးရေး အသွင်သဏ္ဍာန်တွေပါ ပါနေတယ်။)
(ထောက်လှမ်းရေးက ရုပ် ခပ်ဖြောင့်ဖြောင့် စစ်ဗိုလ်တွေနဲ့ ဇာတ်ပျက်ကျောင်းသူတွေကလည်း တရုန်းရုန်းနဲ့ ဓါတ်ပုံတွေ တွဲရိုက်နေကြတဲ့ အချိန်ပေါ့ ၊)

ရန်ကုန်တက္တသိုလ်ဟာ ယာယီအားဖြင့် စစ်ရောင် လွှမ်းသွားခဲ့တယ်။
ဗိုလ်ချုပ်ခင်ညွန့်ဆိုတဲ့ပုဂ္ဂိုလ်က ဆက်ဆံရေး စကားပြော ညက်တယ်လို့ ကြားဖူးထားတယ်။ အဆောင် ဟောပြောပွဲတွေမှာ သွားရောက် စကားပြောပြီဆို ..သူ့ပုံစံက နိုင်ငံရေးသမားတယောက် ဟန်အတိုင်းလို့ ပြောကြတယ်။(စစ်ဗိုလ် အသွင်ပြင် လက္ခဏာမျိုး မဟုတ်ဘူးလို့တောင် ပြောကြတယ်။)

ကျနော်နေခဲ့တဲ့ အင်းဝဆောင်မှာ သူရောက်လာတဲ့အခါ ကျောင်းသားတွေက မကြားတကြား လှမ်းပြီးတော့ ..“ ယောက္ခမကြီး… ယောက္ခမကြီး ” လို့  အော်တော့ ..သူ အခမ်းအနားမှာ စကားပြောတဲ့အခါ ထည့်ပြောသွားတယ် ။ “ အင်းဝဆောင်က ကျောင်းသားတွေက တော်တော်လက်နှေးတဲ့ ကျောင်းသားတွေ …။ အန်ကယ့်သမီးက ယောက်ျား ရသွားပြီ ”...တဲ့ ။
.........စသဖြင့်ပေါ့ ။ အဲသလို ကျောင်းသားတွေနဲ့ဝင်ရောတာ။ ကျောင်းသားတွေနဲ့ တ၀ါးဝါး တဟားဟား လက်ဆုံကြလို့၊

ဒါပေမယ့် တဖက်မှာတော့ နိုင်ငံရေးအခြေအနေဟာ တင်းမာမှု့ဆီကို ဦးတည်သွားစေတဲ့ ကိစ္စတခုကလည်း ပေါ်ပေါက်လာခဲ့တယ်လေ၊
၁၉၉၅ နိုဝင်ဘာ ၂၂...အင်န်အယ်လ်ဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်စုက ..” အမျိုးသားညီလာခံကနေပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး အဖြေရှာနိုင်ဖို့ မလွယ်ဘူး၊ လွတ်လပ် ပွင့်လင်းမှုတွေ မရှိဘူး..” လို့ ဝေဖန်ထောက်ပြတယ်။
”ထွက်မယ် ”လို့ မပြောခဲ့ဘူး။၊ နိုဝင်ဘာ ၂၇ မှာ အမျိုးသားညီလာခံ ပြန်စတယ် ထင်တယ်။ အဲသည်မှာ ဦးအောင်ရွှေတို့က အမျိုးသားညီလာခံကနေ နိုဝင်ဘာ ၂၉ မှာ နှုတ်ထွက်လိုက်တယ်။

ဒါက အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပြင်မှာ ရှိသလောက် တွေ့ဆုံဆွေးနွေးပြီးမှ ထွက်လာတဲ့ ရလဒ်လို့ မြင်ပါတယ်။
(ဒီ ညီလာခံက နှုတ်ထွက်တာက သဘောထား တင်းမာတာကို ပြတာလည်း မဟုတ်ဘူး၊ ရန်လိုတာလည်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။) ညီလာခံက ၂၇ မှာ စပါတယ်။ ပါတီကနေပြီး ညီလာခံကော်မရှင်ကို တင်ပြထားတာတွေ၊ တောင်းဆိုထားတာတွေ ရှိတယ်လို့ သိရတယ်။ စစ်အစိုးရက ညီလာခံမှာ ဒါတွေကို ပြန်လည် အကြောင်းပြန်ခြင်း မရှိဘူး။ ဒါတွေကို စစ်အစိုးရ မီဒီယာတွေက မပြောခဲ့ဘူး။ ပြည်တွင်းက မြန်မာပြည်သူတွေမှာလည်း သေသေချာချာနားလည်နိုင်ဖို့ အခြေအနေ မရခဲ့ဘူး။ လူတွေက တဖက်သတ်ပြောနေတာတွေကိုပဲ ကြားနေရတာကိုး။ အဲဒီအခြေနေပေါ်မှာ နအဖက လက်ခံနိုင်စွမ်း မရှိတော့ဘူး၊ အခိုက်အတန့်ပြေလျှော့နေတဲ့ သဘောထားတွေဟာ ( အကြောင်းတခုကြောင့် ပြေချင်ယောင်ဆောင်တာလဲ ဖြစ်နိုင်ပါတယ်။) ချက်ခြင်းဆိုသလို နအဖဘက်က ပြောင်းလဲ တင်းမာလာတော့တယ်။ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုများကို နှိပ်ကွပ်ရေးတွေ တဖန် ပြန်ဦးမော့လာပြန်တယ်။

တနေ့မှာတော့ ကျနော့်တစ်ယောက်တည်းကို ထောက်လှမ်းရေးက လာခေါ်သွားတယ်၊ ဒီတခါမှာတော့ ထောက်လှမ်းရေး ၁၆ မှာပါ၊ အဲဒီမှာ ဗိုလ်မှုးကြီးသန်းထွန်းနဲ့တခါ ထပ်ဆုံပါတယ်။

ကျနော်နဲ့တွေ့ဆုံတော့ အရင်တခါတုန်းကလို ပုံသဏ္ဍန်မဟုတ်တော့ဘူး၊ သူ့ကိုကြည့်ရတာ တခုခုကို အစာမကြေတဲ့ပုံမျိုး။

“ ကျနော်.. ခင်ဗျားတို့ကို အရင်တခေါက် တွေ့ခဲ့တုန်းက ပြောခဲ့တာတွေ မှတ်မိဦးမှာပါ ”

“ ဟုတ်ကဲ့.. မှတ်မိပါတယ်”
ကျနော်ကလည်း အေးအေးသက်သာပဲ ပြန်ဖြေလိုက်တယ်။

“ ကျနော်တို့ စောင့်ကြည့်ဦးမယ်ပြောတာ.. မမှားလောက်ပါဘူး..။ ခုပဲ အခြေနေတွေက တမျိုးပြောင်းလဲ လာတယ် .. ဒါတောင် ကာလက ဘယ်လောက်မှ ကြာသေးတာ မဟုတ်ဘူး ”

ပြောနေတဲ့စကားသံတွေထဲမှာ မကျေနပ်သံတွေ ပါနေတယ်ဆိုတာကို ကျနော်သတိထားမိတယ်။ ကျနော် ဆက်နားထောင်တော့…..

“ ခင်ဗျားတို့ကိုလည်း.. ကျနော်တခုပြောမယ်.. ဖြစ်နိုင်ရင် ကျောင်းသားကိစ္စပဲလုပ်ပါ.. ကျောင်းသားကိစ္စပဲ လုပ်မယ်ဆို.. ကျနော်တို့ ကူညီနိုင်တယ်.. နိုင်ငံရေး ရောစွက်လာတယ်ဆိုရင်တော့ မကောင်းဘူး.. ကျောင်းသားအရေးပဲ လုပ်မယ့် ...ကျနော်တို့ကို မဆန့်ကျင်မယ့် ကျောင်းသားသမဂ္ဂဆို ကျနော်တို့ကူညီမယ်….။”

“ ဒါတော့ အာမ မခံနိုင်ဘူး …။ ကျနော်တို့ လက်ခံထားတာ ကျောင်းသားအရေးဟာ နိုင်ငံရေးပဲ..။ ကျနော်တို့ဟာ ထာဝရ ဆန့်ကျင်ရေးသမားတွေ မဟုတ်ဘူး..။ လက်ခံနိုင်တာရှိရင်.. ထောက်ခံမှာဖြစ်သလို.. လက်မခံနိုင်တာရှိရင်.. ပြောရမှာပဲ..။ ဒါဟာ ဆန့်ကျင်တဲ့ ပုံသဏ္ဍာန်ဖြစ်သွားခဲ့ရင်..ကျနော်တို့ မတတ်နိုင်ဘူး ”

ကျနော် အေးအေးဆေးဆေးပဲ ပြောလိုက်တယ်….။

“ ခင်ဗျားတို့ကို အချိန်မရွေး အရေးယူ အပြစ်ပေးလို့ရတယ်ဆိုတာ သိတယ် မဟုတ်လား ”
သူရဲ့စကားလုံးတွေမှာ ဒေါသသံတွေ ရောနှောပါလာတယ်။

“ သိပါတယ်.. ဒါက ဗိုလ်မှုးကြီးတို့ အပိုင်းပါ .. ကျနော်တို့ အကြမ်းဖက် လုပ်ရပ် လုပ်နေတာ မဟုတ်ပါဘူး.. ”

“ ဒါပေမယ့် .. ဥပဒေဘောင်ကို ကျော်လွန်နေတယ်ဆိုတာကိုတော့ .. သတိထားဖို့ လိုလိမ့်မယ်..။ နောက်ပြီး ခင်ဗျားတို့ အန်တီကလည်း .. တလောက .. လှိုင်သာယာမှာ ထမင်းရည်ပုလင်းတွေ ၀ယ်သောက်ရလောက်အောင်ကို ပြည်သူတွေငတ်နေပြီ ...ဆိုတာ လူထုရှေ့မှာ ပြောတာ မကောင်းဘူး။
(တကယ်မှာတော့ အန်တီက ပြည်သူတွေငတ်နေပြီ..လို့ မသုံးနှုန်းခဲ့ပါဘူး။)..
အကြောင်းဇစ်မြစ်မှန်ကို မသိဘဲ.. အဲသလိုပြောတာ မကောင်းဘူး..။ ကျနော်တို့ အစိုးရကို အပုတ်ချသလိုဖြစ်နေတယ်”

“ အဲဒါကတော့.. အန်တီနဲ့ပြောပါ..ကျနော်တို့နဲ့ မဆိုင်ပါဘူး..။ဒါပြောပါ..။ ဒါမပြောပါနဲ့..လို့ ကျနော်တို့ လုပ်နိုင်တဲ့သူတွေ မဟုတ်ပါဘူး..။ အဓိက ကျနော့်ကို ခေါ်ရတဲ့ အကြောင်းရင်းကို သိချင်ပါတယ်”

ထိုင်နေတဲ့ ကုလားထိုင် နောက်မှီကို အားပါးတရ မှီထိုင်လိုက်ရင်း.. စားပွဲပေါ်ကို လက်နှစ်ဘက် ဆန့်တင်ထားရင်းက..
“ ခင်ဗျားတို့.. ဒေါ်အောင်ဆန်းစုကြည်ကို မ၀န်းရံပါနဲ့..။ ကျောင်းသားတွေဟာ..ကျောင်းသားကိစ္စပဲ လုပ်ပါ..။ နောက်ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲကို မနှောက်ယှက်ပါနဲ့ ”

ခရားရေလွှတ် တောက်လျှောက် မနားတမ်းပြောလိုက်တယ်….။

“ ဗိုလ်မှုးကြီးကို ကျနော်ပြောနိုင်တာကတော့.. စိန်ရတုသဘင်ပွဲကို နှောက်ယှက်မယ်ဆိုတဲ့ အရာ စဉ်းတောင် မစဉ်းစားမိဘူး..။ ဒါဟာ ကျနော်တို့နဲ့လည်း သက်ဆိုင်နေတော့.. ကျနော်တို့လည်း ဆင်နွှဲချင်တယ်..။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို မ၀န်းရံပါနဲ့...ဆိုတဲ့ကိစ္စကတော့.. ဗိုလ်မှုးကြီးတို့ နဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်”

အခြေအနေကတော့ တင်းမာလာတဲ့သဘောရှိတယ်။

“ ဟုတ်ပြီလေ… ကျနော်တို့ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ်.. အိုကေနော် ”
ဆိုပြီး ထောက်လှမ်းရေး ၁၆ တပ်မှုးကို လှည့်ပြီးပြောတယ်။

“ သူ့ကို ပြန်လိုက်ပို့လိုက်ပါ ”

ကျနော့်ကိုပြန်လိုက်ပို့တယ်။ နောက်ရက်မှာတော့ အကျိုးအကြောင်းတွေကို အားလုံးကို တင်ပြခဲ့တယ်။
နောက် ထူးခြားတာတခုက ကျနော်တို့ ၀ိုင်းစဉ်းစားကြတယ်။ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်အခမ်းအနားမှာ ဗိုလ်ချုပ်ခင်ညွန့် စကားပြောမယ့် စင်မြင့်ကို တက္ကသိုလ်စာတိုက်ဝင်းအတွင်းမှာ ခမ်းခမ်းနားနား ပြင်ဆင်ထားတယ် ။ အဲဒါကို ကျနော်တို့ကျောင်းသားတွေက စင်မြင့်ပေါ်တက်ပြီး ကျောင်းသားသမဂ္ဂက ကျင်းပတဲ့ .. စိန်ရတုသဘင်ပွဲလုပ်ဖို့ လျှို့ဝှက်စီစဉ်ခဲ့တယ်။

ဒီသတင်း ပေါက်ကြားသွားပုံရတယ်။ နောက်ရက်မှာတော့ အဲဒီစင်မြင့်ကို သံဆူးကြိုးတွေ ပတ်လည် ကာရံထားပြီး စစ်သားအစောင့်တွေပါ ချထားလိုက်တယ်။အဲဒီတော့ အစီအစဉ်တွေကို ကျနော်တို့ပြောင်းလဲ စီစဉ်ရတော့တယ်။

ကျနော်တို့ နေရာတခုမှာ စီစဉ်ခဲ့တယ်။ ပထမ အင်းယားကန်စောင်းဘေးက ဘုန်းတော်ကြီးကျောင်းမှာ ( အန်တီ့အိမ်နဲ့ သိပ်မဝေးဘူး။) ဆွမ်းကပ်မယ်၊ ပြီးမှ စီစဉ်ထားတဲ့နေရာကို စုသွားပြီး အခမ်းအနားကျင်းပကြမယ်၊ ...ဆိုပြီး လုပ်ကြတော့ ၊ အန်တီ့အိမ်နဲ့ သိပ်မဝေးတဲ့ Joy စားသောက်ဆိုင်မှာ အခမ်းအနားတခုလုပ်ဖို့ ဆုံးဖြတ် ...အစီစဉ်တွေ ဆွဲခဲ့ကြတယ်၊

ကျနော်တို့ မူလဆုံးဖြတ်ချက်က အင်းယားကန်စောင်းဘေးက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ဖို့ သက်သက်ပါပဲ၊ အဲဒီနေ့က ဘုန်းကြီးကျောင်းမှာ အဖွဲ့အစည်းတော်တော်များများက လူတွေတော်တော်များများ လာကြတယ်၊ သတင်းမီဒီယာက လူတွေလည်း လာကြတယ်၊

ကျနော်တို့ရဲ့အစီအစဉ်ထဲမှာ အထူးအစီအစဉ်တခုက.. ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲ အခမ်းအနားကနေ ဗိုလ်ချုပ်အောင်ဆန်းကို “ ဂုဏ်ထူးဆောင်ကျောင်းသား ” အဖြစ်အပ်နှင်းဖို့ အစီအစဉ်ပါတယ်။

(ကျနော်တို့ ဆိုလိုချက်က ဗိုလ်ချုပ်ဟာ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ရဲ့ဂုဏ်ကို ထူးခြားပြောင်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူ ကျောင်းသားတယောက်ဖြစ်နေလို့ ..ဒီလို အပ်နှင်းဂုဏ်ပြုချင်တာပါ၊) ဒါကိုလည်း အန်တီ့ကို ဖွင့်ပြောပြထားခဲ့တယ်၊

ကျနော်တို့ ဆွမ်းကပ်ပွဲ အခမ်းအနား မစတင်မှီမှာပဲ ဘုန်းကြီးကျောင်းပြင်ပ လမ်းမပေါ်က စစ်ကားတွေပေါ်မှာ စစ်သားတွေအပြည့်နဲ့ ကားသုံးစီး ရပ်ထားတယ်၊ ထောက်လှမ်းရေးတွေဆိုတာကလည်း ခြေချင်းလိမ်နေတာပဲ။
ဒါတွေကို ဂရုမထားပါဘူး။ ကျနော်တို့လုပ်စရာရှိတာ ဆက်လုပ်ကြတယ်..။ နောက် ကျောင်းသားတစုကို အခမ်းအနား အဓိကကျင်းပမယ့် နေရာဆီကို လွှတ်လိုက်တော့ ပြဿနာက စတက်တော့တာပဲ ၊

ဖြစ်ပုံက ဒီလိုပါ။ အစက ကျနော်တို့ အခမ်းအနားကြီး ဘယ်မှာကျင်းပမယ်ဆိုတာ ထောက်လှမ်းရေးက မသိဘူး။ ဖိတ်ကြားထားတဲ့ လူကြီးတွေလောက်ကိုပဲ လျှို့ဝှက်ပြောပြထားတယ်။
အခမ်းအနားမလုပ်ခင်မှာ ကျနော်တို့ထဲက တယောက်က ဖိတ်စာကို မှတ်တမ်းတင် ဗွီဒီယိုရိုက်ဖို့ အခန်းတွင်းမှာလုပ်နေတုန်း သတင်းပေးတယောက်က ၀င်လာပြီး၊ ဖိတ်စာကို ကိုင်ပေးသလို ဘာလိုလို လုပ်ရင်းက ပေါက်ကြားသွားပြီး ထောက်လှမ်းရေးဆီကို ချက်ချင်း သတင်းသွားပို့တယ်၊ အဲဒါနဲ့ နေရာကို သိသွားတော့ အဲဒီမှာ စစ်သားတွေအပြည့်နဲ့ ပိတ်ထားလိုက်တယ်။ ကျနော်လွှတ်လိုက်တဲ့ကျောင်းသားအုပ်စုလည်း လာရော စီးဖမ်းတော့တာပဲ ..

ကျောင်းသားတွေက ကိုယ်လွတ်ရုန်း ထွက်ပြေးကြတယ်.. ။ ကျနော်တို့ဆွမ်းကပ်မယ့် ဘုန်းကြီးကျောင်းဆီ အမောတကော ပြေးလာပြီး ပြောတော့..အစီအစဉ်တွေကို ပြောင်းလိုက်ရတော့တယ်၊ ဘုန်းကြီးကျောင်းပေါ်မှာပဲ တဆက်တည်း အခမ်းအနားကျင်းပလိုက်ကြတယ်၊

ဘုန်းကြီးကို ပထမ လျှောက်ထားတာ ဆွမ်းကျွေးဖို့ သက်သက်ပါပဲ။ အခြေအနေအရ အခန်းအနားကျင်းပကြတော့.. ဆရာတော်ဘုန်းကြီးကလည်း တော်တော်ကြောက်လန့်သွားတယ်..။ကျနော်တို့ အခမ်းအနားကျင်းပနေစဉ်မှာပဲ.. ဆရာတော်က ကျောင်းအောက်လမ်းမပေါ်မှာ ရပ်ထားတဲ့ စစ်ကားတွေ သွားကြည့်လိုက်.. အခမ်းအနား ကျင်းပနေတဲ့ နေရာပြန်လာလိုက်..။ အခမ်းအနားမှုးလုပ်နေတဲ့ ကိုထက်ရာဇာကို လာပြောလိုက်နဲ့ပေါ့…။

“ ဒကာကြီးတို့ မပြီးသေးဘူးလား..။ကျောင်းအောက်မှာ စစ်ကားတွေရောက်နေပြီ..။ ဘုန်းကြီးစိုးရိမ်တယ် ”ဆိုတော့ ရာဇာက....

“ ပြီးတော့မှာပါ..ဘုန်းဘုန်း။ တပည့်တော်တို့ ခဏပါပဲ ”
ဒီလိုနဲ့ လူးလာခေါက်တုန့်ပြန် လုပ်နေတဲ့ ဆရာတော်ကိုကြည့်ပြီး ကျနော်တို့လည်း အားနာကြတယ်.. ။ တခါတလေကျတော့လည်း.. ငိုအားထက် ရီ(ရယ်)အားသန် အဖြစ်လိုပဲ။

အခမ်းအနားကျင်းပနေစဉ်မှာပဲ အင်မတန်ထူးခြားတဲ့ သမိုင်းဖြစ်ရပ်လေးတခုက ပေါ်ပေါက်လာခဲ့တယ်။
ကိုမြင့်ဆွေ ( ယခု -ဖော့ဝန်းမြို့-အင်ဒီရားနားပြည်နယ်၊အမေရိကား)ကနေ စာအိတ်ရှည်ကြီးတစောင်ကို ကိုင်ပြီး ကျောင်းပေါ်အပြေးတက်လာတယ်။ ကျနော့်ကိုလာပေးရင်းက…

“ ဒီမှာ ကျောင်းသားတွေ ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် အခမ်းအနားအတွက် .. အန်တီစု ပေးပို့လိုက်တဲ့ သ၀ဏ်လွှာ..။ အန်တီက အားချင်း စီစဉ်ပေးလိုက်တာ ”
ဆိုလို့ဖွင့်ကြည့်လိုက်တော့ အန်တီကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ သ၀ဏ်လွှာ..။ အဲဒါကို ကျနော်က ဖတ်ပြလိုက်တယ်..။ လူထုက သဘောတွေကျ ၊အားရကျေနပ်ခြင်းတွေနဲ့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့….။

ပေးပို့လိုက်တဲ့ သ၀ဏ်လွှာမှာ အန်တီ ရေးပေးထားတာကတော့ ရိုးရိုးလေးပါပဲ..။ မှတ်မိရသလောက်.. ” ကျောင်းသားလူငယ်တွေ အခုလို စည်းလုံးညီညွတ်စွာနဲ့ အစဉ်လာကြီးမားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတုသဘင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာကို ၀မ်းမြောက်ဝမ်းသာစွာ ဂုဏ်ယူကြောင်း၊သမိုင်းအဆက်ဆက်မှာ ရှေ့ဆောင်တိုက်ပွဲဝင်ခဲ့သော၊ ၀င်နေသော ကျောင်းသားအပေါင်းတို့ကိုလည်း လေးစားယုံကြည်သောအားဖြင့် ဤသ၀ဏ်လွှာကို ပေးပို့အပ်ပါကြောင်း...” ပါရှိပါတယ်။

အန်တီအနေနဲ့ အခမ်းအနားကိုတော့ တက်ရောက်နိုင်ခြင်းမရှိပါဘူး၊ တက်ရောက်နိုင်ဖို့ အခွင့်အရေး မပေးခဲ့တာလည်း ပါတာပေါ့လေ၊ အန်တီပေးပို့တဲ့ သ၀ဏ်လွှာကြောင့်လည်း ခပ်မှိန်မှိန် ကျင်းပပြုလုပ်ခဲ့ရတဲ့ စိန်ရတုသဘင်အခမ်းအနားဟာ ကမ္ဘာသိ၊တိုင်းသိပြည်သိ ဖြစ်သွားခဲ့တာအမှန်ပါ၊ ( အဲဒီ သ၀ဏ်လွှာစာရွက်ကို ကျနော့်ကိုဖမ်းတော့ သိမ်းပြီး သက်သေခံအဖြစ် တင်သွင်းခံခဲ့ရပါတယ်)။

ကျနော်တို့ရဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် အခမ်းအနား ကျင်းပပြုလုပ်အပြီးမှာတော့ ကျောင်းသားများက ဗိုလ်ချုပ်အောင်ဆန်းကို “ တက္ကသိုလ် ဂုဏ်ထူးဆောင်ကျောင်းသား ” အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့မှတ်တမ်းကို အန်တီ့ဆီ သွားပို့ပေးလိုက်ပါတယ်။

နောက်တရက်မှာပဲ ကျနော့်ကို သတင်းတပ်ဖွဲ့ ( SB ) က လာရောက်ခေါ်ဆောင်သွားတယ် ။ဖမ်းဆီးတာတော့ မဟုတ်သေးပါဘူး ။သူတို့ရုံးချုပ်မှာ သတင်းတပ်ဖွဲ့မှုး ဗိုလ်မှုးကြီးဗဟိန်းနဲ့တွေ့ဆုံပါတယ်။ သူက ကျနော့်ကို စာရွက်တရွက်ထုတ်ပြီးဖတ်ပြပါတယ်။ ကျနော်ဟာ ဘယ်လို အမှု့တွေနဲ့ငြိစွန်းနေကြောင်း။ ပြစ်ဒဏ်ချမယ်ဆိုရင် ထောင်ဒဏ်ဘယ်လောက်ကျနိုင်ကြောင်း....စသဖြင့်ပြောကြားခဲ့ပါတယ်။ တခြားထူးထူးထွေထွေတော့ဘာမှမရှိပါဘူး ၊ ပြန်လှန်မေးခွန်းထုတ်၊ပြောဆိုခွင့်လည်းမရှိခဲ့ပါဘူး၊

ဒီလိုနဲ့ ကျနော် အန်တီ့ကို ကန်တော့ပြီး...ဇာတိမြို့ကို ခဏဆို ပြန်သွားပါတယ်။
ဇာတိမြို့ (ရေနံချောင်းမှာ) ပဲ ကျနော့်ကို လာဖမ်းပါတယ်။ အဲဒီကနေ ချက်ခြင်း ရန်ကုန်အင်းစိန်ထောင်ကို ပို့ပါတယ်။

ရန်ကုန် အင်းစိန်ထောင်ရောက်တော့ ရှေ့မှာကြိုဖမ်းထားတဲ့ ဦးဝင်းထိန် ( အန်တီစု လက်ထောက် ) ၊ ဦးအေးဝင်း ( အန်တီ့ အကိုဝမ်းကွဲ - အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း၏ အကို - အာဇာနည်ခေါင်းဆောင် ဦးဘ၀င်းသား )၊ စာရေးဆရာ မောင်မိုးသူ၊ မောင်ဝံသ၊ ဗိသုကာ ဦးကျော်မင်း ၊ ဦးသိန်းတင် ( ထောင်တွင်း ကွယ်လွန် )၊ ကိုခွန်မြင့်ထွန်း (ယခု NCGUB ၀န်ကြီး)၊ ဒေါက်တာလှိုင်မြင့် ၊ဦးကျော်ခင် ( တောင်ကြီးမြို့ လွှတ်တော်ကိုယ်စားလှယ်) ၊နောက် NLD က လူငယ်တွေနဲ့တွေ့ဆုံပါတယ်။

ကျနော့်ကို မကြာခင်မှာပဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ အရေးပေါ် နိုင်ငံရေးပုဒ်မ ၅ ည အပါဝင် တရားမ၀င် သင်းပင်းဖွဲ့စည်းမှု့ ၊ တရားမ၀င် ဗွီဒီယိုခွေများ (အန်တီစု ဟောပြောပွဲ အခွေတွေပါ။) ဖြန့်ချီမှု့တွေနဲ့ ထောင်နှစ်ရှည်ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီကစလို့ ကျနော် အန်တီစုနဲ့ဝေးသွားခဲ့တာ ယခုအချိန်ထိပါပဲ။
ကျနော်ထောင်ကပြန်လွတ်လာတော့ အန်တီစုက နေအိမ်အကျယ်ချုပ် ပြန်ခံလိုက်ရပါပြီ၊

”နိဂုံး”

ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးသက်သက် ကိုးကွယ်မှု့ဖြင့် ဆည်းကပ်ယုံကြည်မှု့ မလုပ်ခဲ့တာ ပြောရဲပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း သမီးမို့..ဆိုတဲ့ အကြောင်းပြချက်နဲ့ပြောလာမယ်ဆိုလည်း ...ဘာ့ကြောင့် ဦးအောင်ဆန်းဦးကိုကျတော့ မချဉ်းကပ်ကြတာလဲ၊မလေးစားကြတာလဲ..လို့ မေးခွန်းထုတ်စရာပါ………..။

နှလုံးသားပုံရိပ်တွေ ကွာပါတယ်… သိပ်ကိုကွာပါတယ်။
အန်တီစု တော်ခြင်း-မတော်ခြင်း... အထူးအထွေ ဘာမှ မပြောလိုပေမယ့် ၊ ပြောနိုင်တာကတော့ .. တိုင်းပြည်တိုးတက်ချမ်းသာလိုတဲ့ စိတ်ခွန်အား ပြင်းပြပြီး၊ ထားတဲ့စေတနာမှန်တယ်၊ ရိုးသားမှု့အပြည့်ရှိတယ်ဆိုတာကတော့ အသေအချာပြောနိုင်ပါတယ်။ နောက် ရှည်လျှားလာတဲ့ တော်လှန်ရေးရဲ့ဖြစ်စဉ်အောက်မှာ စွန့်လွှတ်အနစ်နာခံမှု့တွေကပါ ရောပြွမ်းလာခဲ့ပါတယ်။

ကျနော်သိသလောက် ရာစုနှစ်အတွင်းမှာ မြန်မာလူထုရဲ့ထောက်ခံမှု့၊လေးစားမှု့၊ ကြည်ညိုမှု့တွေ ကြောက်ခမန်းလိလိရရှိသူနှစ်ဦးကို ထောက်ပြပါဆိုရင် ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်က လွဲလို့ ဘယ်သူရှိနိုင်မှာလည်း၊ သမိုင်းဆိုတာ ဖန်တီးယူလို့မရပါ ။ လုပ်ယူလို့မရပါ၊ လုပ်ရပ်နဲ့ဖြစ်စဉ်တွေက ပြဌာန်းခြင်းဖြင့်သာ တိုင်းတာနိုင်ပါလိမ့်မယ်။

အမှောင်ထု ရှည်လျှားလှသော မြန်မာပြည်ကို သူကလွဲလို့ ဘယ်သူဦးဆောင်နိုင်မှာလဲ။ ဦးဆောင်နိုင်မယ်ဆိုရင်တောင်မှ သူ့လို လူထုထောက်ခံမှု့ရနိုင်ပါမယ်လို့ အာမခံနိုင်ပါသလား။ မေးခွန်းထုတ်စရာပါ၊

ကျနော် ဒီ ”ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ ”ဆိုတဲ့ ရသဆောင်းပါးတွေ ရေးနေဆဲ အချိန်မှာပဲ အန်တီစု နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာတာနဲ့တိုက်ဆိုင်နေပါတယ်။ သိပ်ဝမ်းသာမိပါတယ်၊ ပီတိဖြစ်မိပါတယ်။ ပြောမပြတတ်လောက်အောင်ပါပဲ ၊

ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲကတော့မပြီးသေးပါဘူး။ကြမ်းလွန်းတဲ့ခရီးကို ဆက်ရဦးမှာပါ ။………… အန်တီစုစိတ်ရော၊ကိုယ်ပါ ကျန်းမာ ချမ်းသာစွာဖြင့် ကျနော်တို့ အမိမြန်မာနိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်ကို ပြည့်ဝစွာရရှိသည်အထိ ဆက်လက်လုပ်ဆောင်နိုင်ပါစေ...လို့ ဆန္ဒပြုရင်း၊ ကဗျာဆရာ မောင်တင်သစ်ရေးသားတဲ့ “ ဒီနေ့ဟာ အစဖြစ်တယ် ” ဆိုတဲ့ကဗျာလေးနဲ့ ဂုဏ်ပြုလိုက် ပါရစေ၊

” ဒီနေ့ဟာ အစဖြစ်တယ်။”(ကဗျာဆရာ မောင်တင်သစ်)

ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ပါတဲ့လေလို
မြို့ကြီးထဲ ငါတို့ဝင်ရောက်ကြပါစို့
နေရောင်ဟာ အုန်းလက်ကိုင်းများနဲ့ အိမ်မိုးစွန်းကိုဖြန်းပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို အစိမ်းရောင်ပွပွ လှလှကြီးဖြစ်နေတယ်။
အိမ်ရှေ့လမ်းမပေါ်က မော်တော်ကားတွေဟာ ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ ဟွန်းတွေ တပြိုင်နက်ထဲ တီးလိုက်ကြကုန်
ဒါဟာ အစပဲ……
အရာအားလုံး အစက ပြန်စမယ့်
အစပဲ……။

လေညှင်းဟာ အရပ်မျက်နှာအသီးသီးက တလှည့်ပြီးတလှည့်တိုက်နေတယ်..
ငါတို့ဟာ လေညှင်းနဲ့အတူပါလာတဲ့ အရပ်မျက်နှာအသီးသီးက ပန်းရနံ့တွေလို
ဒီနေရာကိုစုဝေးရောက်ရှိလာကြတယ်……

သမိုင်းဝင် ဓါတ်ပုံထဲက
မျက်နှာတွေနဲ့ အားလုံးဟာ တည်ငြိမ်ခန့်ငြားလို့ပေါ့
မြို့အနှံ့ကခေါင်းလောင်းတွေဟာ
အနှစ်နှစ်အလလက ထစ်အသွားခဲ့တဲ့
သူတို့အသံ သူတို့ပြန်ရလို့ ၀မ်းသာမဆုံးဖြစ်လို့

အပြုံးမျက်နှာတွေဟာ ပြန်ပြီး တည်လို့မရတော့သလိုမျိုး
ကန်ရေပြင်ဟာ သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်

လက်ခုပ်သံတွေက တိကျတယ် ။
အပိုအလိုမရှိဘူး
ရုပ်ရှင်မရိုက်ဘူး
ဇာတ်တိုက်မထားဘူး

တာထွက်တော့မယ့် အားမာန်တွေဟာ အချက်ပေးသံကို စောင့်နေကြပြီ

ကျားတွေအတွက် တောထဲမှာလမ်းခင်းမထားဘူး

ချောင်းတွေ့ရင် ခုန်ကျော်သွားဘို့ပဲ
ချောင်းကျယ်ရင် ဖောင်ဖွဲ့မယ်….
အရာအားလုံးအစကပြန်စမဲ့ အစဖြစ်တယ်……
ဒီနေ့ဟာ ကမ္ဘာပေါ်က အလှဆုံးနေ့တွေထဲက တနေ့ဖြစ်တယ်.
ဒီနေ့ဟာ စစ်ပွဲစတင်တဲ့နေ့မဟုတ်ဘူး၊
ဒီနေ့ဟာ စစ်ပွဲအောင်နိုင်တဲ့နေ့မဟုတ်ဘူး…
ဒီနေ့မှာ စစ်ရှုံးသူမရှိဘူး စစ်နိုင်သူမရှိဘူး၊
ဒီနေ့ဟာ ငြိမ်းချမ်းမှု့စတင်တဲ့နေ့
ငြိမ်းချမ်းမှု့အောင်နိုင်တဲ့နေ့ဖြစ်ရဲ့…..

ဒီနေ့ဟာ မေတ္တာစတင်တဲ့နေ့….
မေတ္တာအောင်နိုင်တဲ့နေ့ဖြစ်ရဲ့…
ဒီနေ့အကြောင်း ကဗျာတပုဒ်ရေးရပေလိမ့်မယ်……
ဒီနေ့အကြောင်း ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင် .. ငါဟာ
ဘာမှမရေးခဲ့တဲ့လူတယောက်နဲ့ ဘာထူးဦးတော့မှာလဲ…။

( ကဗျာဆရာ- မောင်တင်သစ် )
---------------------------------------------------------------------------
( အန်တီစု ၁၃.၁၁.၂၀၁၀ တွင် လွတ်မြောက်လာခြင်းအတွက် ဂုဏ်ပြုစပ်ဆိုသောကဗျာအား ကောင်းကင် ၀က်ဆိုဒ်မှ ကူးယူဖော်ပြထားပါသည်။)

အားလုံးကို လေးစားစွာဖြင့်-

မောင်မောင်ဝမ်း
maungmaungone@gmail.com

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.