Saturday, February 12, 2011

0 သေမင်းလက်မှ လွတ်မြောက်ခဲ့သည့် မြန်မာသင်္ဘောသားများ

ဆိုမာလီဓားပြများလက်မှ လွတ်မြောက်လာသည့် တောင်ကိုရီးယား ကုန်တင်သင်္ဘောမှ မြန်မာသင်္ဘောသား ၁၁ ဦးသည် ယခုလ ၄ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ မြန်မာတိုင်း(မ်)မှ လက်ထောက်စာတည်း ရဲလင်းထွဋ်က တွေ့ဆုံမေးမြန်းခဲ့သည်။

ဖမ်းဆီးရမိသည့် ဓားပြတစ်ဦးအား သင်္ဘောသားတစ်ဦးနှင့်အတူ တွေ့ရစဉ်။

တန်ချိန် ၁၁,၅၀၀ ရှိ MT. Samho Jewelry သင်္ဘောသည် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ယူအေအီးနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ အသွား ပြန်ပေး ဆွဲခံခဲ့ရခြင်းဖြစ်ကာ ပြန်ပေးဆွဲခံရချိန်တွင် သင်္ဘော ပေါ်၌ တောင်ကိုရီးယား နိုင်ငံသား ရှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦး တာဝန်ထမ်း ဆောင်နေသည်။
"အဲဒီနေ့ မနက် ၇ နာရီ ကျော်လောက်မှာ အရေးပေါ်အချက်ပေးသံ ကြားရတော့ အင်ဂျင်ခန်းတို့၊ဘာတို့စစ်ကြည့်နေတုန်း Chief Officer (ကုန်းချုပ်)က လာခေါ်လို့ ဘာဖြစ်မှန်းမသိဘဲ လိုက်သွားခဲ့တာ။ သင်္ဘောချည်ကြိုးတွေထားတဲ့ အခန်းထဲကို အကုန်လူစုပြီး ဝင်ခဲ့
ရတယ်။ အဲဒီတော့မှ သိရတာ။ ၈ နာရီ လောက်ကနေစပြီး တံခါး
ပိတ်ပြီး အခန်းထဲမှာနေတာ နှစ်နာရီ သုံးနာရီလောက် ကြာတယ်။ "အပြင်မှာတော့ သေနတ်သံတွေဘာတွေ ကြားနေရတာပေါ့။ အဲဒီ တော့မှ ကျွန်တော်တို့ ၀င်ပုန်းနေတဲ့ အခန်းတံခါးကို ဓားပြတွေက အပြင်ကနေ လာဖွင့်တာ။ အဲဒီလိုလာဖွင့်တဲ့ အချိန်မှာ မီးသတ်ပစ္စည်း တွေထားတဲ့အခန်းကို ဆက်ထားတဲ့ အပေါက်ကနေ ကူးသွားပြီး အဲဒီ အခန်းထဲမှာ နာရီဝက်လောက်ကြာမယ်။ အဲဒီအခန်းကကျတော့ တံခါးက လွယ်လွယ်ကူကူဖွင့်လို့ရတော့ ဖွင့်ဝင်လာပြီး အကုန်လုံးကို ကုန်းပတ် ပေါ်တက် ခိုင်းတယ်။ လူစစ်ပြီးတော့ ကုမ္ပဏီကို ဖုန်းဆက်ဖို့ သူကြီး (ကပ္ပတိန်)ကို ခိုင်းတယ်"ဟု သင်္ဘောသားတစ်ဦးဖြစ်သူ ကိုကျော်စွာ က ပြောသည်။
ပင်လယ်ဓားပြဦးရေမှာ အင်အား ၃၀ ခန့်ရှိပြီး သင်္ဘောသားအားလုံးကို ကုန်းပတ်ပေါ်တွင် နှစ်နာရီခန့်ကြာ ထားပြီးနောက် ကပ္ပတိန်၏ တောင်းဆိုမှုကြောင့် အတွင်းသို့ ပြန်လည်ဝင်စေခဲ့သည်ဟုဆိုသည်။
ထို့နောက် ဓားပြ ၁၃ ဦးကိုသာ ချန်ထားခဲ့ပြီး ကျန်ဓားပြများမှာ ၎င်းတို့၏ မိခင်သင်္ဘောဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု ဆိုသည်။
မြန်မာသင်္ဘောသားများသည် ပထမ ဦးဆုံးရက်တွင် နေ့လယ်စာ မစားရဘဲ ဒုတိယရက်တွင် ထမင်းစားရကာ တတိယနေ့တွင် ဟင်းနှင့် ကြက်ဥသုံးလုံးကို နေ့လယ်စာ၊ ညစာအဖြစ် အာလူးပြုတ်နှင့် ကြက်သားစားရသည်ဟု ဆိုသည်။
"၁၅ ရက်နေ့ နံနက် ၈ နာရီလောက်က နေ ၂၁ ရက်နေ့ နံနက် ၅ နာရီလောက် အထိ ဓားပြတွေလက်ထဲမှာ နေခဲ့ရတာ။ ၁၈ ရက်နေ့ အထိကို ကိုရီးယား ထမင်းချက်က ချက်ပေးတာပဲ စားရတယ်။ မြန်မာနှစ်ယောက်က ကူပေးတယ်။ ၁၈ ရက်နေ့မှာ တိုက်ပွဲဖြစ်တော့ သင်္ဘော အပြင်ဘက်ကို ထုတ်ထားခံရတော့ ထမင်းချက်လို့မရတော့ဘူး။ ပင်လယ်ဓားပြ ထမင်းချက်ကြီးက ပေါင်မုန့်တွေ လာပေး တယ်။ ဆေးလိပ်တွေ လာတိုက်တယ်။ နွားနို့ဘူး လာပေးတယ်" ဟု ကိုကျော်စွာက ပြောသည်။
ထို့နောက် ၂၁ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ထပ်မံတိုက်ပွဲဖြစ်ကြပြီး တောင်ကိုရီးယားရေတပ်ဘက်မှ ပစ်ခတ်သော ကျည်ဆန်များက သင်္ဘောကို စတင်ထိမှန်ခဲ့သဖြင့် သင်္ဘောသားများမှာ နီးစပ်ရာနေရာများတွင် ၀င်ရောက် ပုန်းခိုရသည်ဟု ဆိုသည်။

ဆိုမာလီဓားပြများ ဖမ်းဆီးခဲ့သည့် ကုန်တင်သင်္ဘောကို တောင်ကိုရီးယား ရေတပ်မှ ပြန်လည်သိမ်းပိုက်ပြီးနောက် ရေတပ်သားများ သင်္ဘောပေါ်သို့ တက်ရောက်လာစဉ်။ ဓာတ်ပုံများ-အောင်မိုးသူ
တောင်ကိုရီးယားရေတပ်မှ ရဟတ်ယာဉ်တစ်စင်း၊ တစ်စင်းလျှင် အထူး တိုက်ခိုက်ရေးတပ်သား ၁၅ ဦးခန့် ပါဝင်သည့် စပိဘုတ်သုံးစင်း၊ စုစုပေါင်း အင်အား ၅၀ ခန့်ဖြင့် ဓားပြများ ဖမ်းဆီးထားသည့် အဆိုပါ သင်္ဘောအား ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သင်္ဘောကို တောင်ကိုရီးယား ရေတပ်က ၀င်စီးတဲ့အခါကျတော့ အဲဒီ ကုန်းပတ်ပေါ်မှာရှိနေတဲ့ ဓားပြ ခေါင်းဆောင်ရယ်၊ ဒုတိယခေါင်းဆောင် ရယ်၊ နောက်တစ်ယောက်ရယ် သုံးယောက်စလုံးကို အဲ့ဒီနေရာမှာတင် ပစ်သတ်တာ။ ကျွန်တော်တို့ထဲမှာ လာဝင်ပုန်းတဲ့ တစ်ယောက်ဆို ကျွန်တော်နဲ့ လက်တစ်ကမ်းအကွာမှာတင် သူ့ကိုပစ်သတ်တာ အနည်း ဆုံး ရှစ်ချက်နဲ့ ၁၀ ချက်လောက်ရှိမယ်။ "ပထမ ကျွန်တော်တို့ကိုလည်း သေနတ်နဲ့ ချိန်တယ်။ ချိန်တော့ ကျွန်တော်တို့က Crew! Crew! မြန်မာ Crew! ဆိုပြီး အော်ရတာပေါ့။ အော်တော့မှ ဘေးက ဒီကောင့်ကို ပစ်သတ်တာ။ ပထမပိုင်း ကိုယ်ကိုပစ်တယ်ဗျ။ ကိုယ်ကို ခုနစ်ချက် ရှစ်ချက်လောက် ပစ်တယ်။ ပြီးတော့ ခေါင်းကို ပစ္စတိုနဲ့ ထုတ်ပြီး ထပ်ပစ်တယ်။ ပြီးတော့ အိမ်သာထဲကို ပစ်မလို့။ အပြင်ကနေ အိမ်သာကို ဖောက်ပစ်မလို့။ အထဲမှာ သင်္ဘောသားတွေပဲ ရှိတယ်လို့ ပြောလိုက်မှ မပစ်တော့တာ။ ပစ်လိုက်ရင် အထဲကကောင်တွေ နှစ်ကောင်လည်း သေမယ်ဗျ"ဟု ကိုကျော်စွာက ပြောသည်။
"ပထမဦးဆုံး ရေဒါနှစ်ခုကြားထဲ ၀င်ပုန်းနေရတယ်။ အဲဒီအချိန်မှာ သင်္ဘောကို ရဟတ်ယာဉ်နဲ့ ပတ်ပစ်တယ်။ အပြင်မှာ အာရ်ပီဂျီ (လောင်ချာ)ကိုင်ထားတဲ့ကောင်နဲ့ မရှင်းဂန်း(စက်သေနတ်ကြီး) သေနတ်ကြီးကိုင်ထားတဲ့ နှစ်ကောင်က စနိုက်ပါနဲ့ ပစ်နေတာလို့ ပြောတယ်။ အာရ်ပီဂျီ ကိုင်ထားတဲ့ကောင်က စနိုက်ပါနဲ့အပစ်ခံရတာ သေချာတယ်။ အဲဒီကောင် မျက်စိပွင့်ထွက်ပြီး သေတယ်။ လက်နက်ကြီးက အဲဒီနှစ်ခုပဲ။ ကျန်တာက အေကေ ၄၇ တွေပဲ ကိုင်ထားကြတာ။
"သင်္ဘောကို ကျည်လာထိတော့ အိမ်သာနဲ့နီးတဲ့သူတွေက အိမ်သာထဲကို ၀င်ပုန်းကြတယ်။ ရေဒါနှစ်ခုကြားထဲကို ၀င်ပုန်းတဲ့သူ တွေထဲက လေးယောက်ကို ရဟတ်ယာဉ်နဲ့ပစ်နေတဲ့ ဘက်ကို ဓားပြတွေက သေနတ်နဲ့ချိန်ပြီး ထွက်ခိုင်းတယ်။ ရဟတ်ယာဉ်ကလည်း တော်တော်နိမ့်နိမ့်အထိ ဆင်းပစ်တယ်။ မီးမထိုးဘဲ လူခေါင်းနေရာလောက်ကို ချိန်ပစ်ပုံရတယ်"ဟု ၎င်းကပြောသည်။
ထိုသို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်နေစဉ် သေနတ်ကိုင် ဓားပြအချို့မှာ သင်္ဘောအတွင်းပိုင်းသို့ ဆင်းပြေးကြပြီး သင်္ဘောအပြင်ပိုင်းတွင် သေနတ်မပါသော ပင်လယ်ဓားပြအချို့ နှင့် သင်္ဘောသားများမှာ အတူတကွ ကျည်ကွယ်ရာနေရာများ၌ ပုန်းခို ကျန်ရစ်ခဲ့ကြသည်ဟု ဆိုသည်။
"ဒီကောင်တွေက ကျွန်တော်တို့ကို အပြင်ထွက်ခိုင်းတယ်။ ဒါပေမယ့် ဒီကောင်တွေမှာ သေနတ်မပါတော့ ကျွန်တော်တို့ မထွက်ကြဘူး။ ထွက်ရင်လည်း သေမှာပဲ။ ပြီးတော့ ကျွန်တော် တို့ထဲက တစ်ယောက်ကို ရေဒီယို သွားဖွင့်ခိုင်းလို့ သွားဖွင့်တယ်။ ရေဒီယိုဖွင့် ခိုင်းပြီး တော့ မပစ်ပါနဲ့၊ ရပ်ပါပေါ့။ ဒီမှာ အန္တရာယ်အရမ်းများတယ်ဆိုပြီး တောင်ကိုရီးယားရေတပ်ကို ပြောခိုင်းတယ်။
ပြီးတော့ ဓားပြတစ်ကောင်က တစ်မိနစ်ကို လူတစ်ယောက်သတ်မယ်လို့ပြောတယ်။ အပစ်ရပ်ဖို့၊ ဆက်ပစ်နေတော့ သူကြီးကို ဆွဲထုတ် သွားတယ်။
"ရေတပ်ကနေ ပြန်ပြောတာက မင်းတို့ ကိုယ့်ဟာနဲ့ ကိုယ်လုံခြုံအောင်နေပါတဲ့။ ငါတို့ဆက်ပစ်နေတယ်တဲ့။ သတိပေးနေတာပေါ့။ အားလုံးပြီးတော့ သူကြီး ဘယ်မှာသေနတ်ထိလာလဲ ကျွန်တော်တို့လည်း မသိဘူး။ ကျည်ဆန်တွေက အများကြီးပစ်နေကြတာ။ ပြီး တော့ ရဟတ်ယာဉ်ပေါ်ကပစ်တဲ့ ကျည်ဆန်တွေက သင်္ဘောသံပြားတွေကို နှစ်ထပ် သုံးထပ်အထိကို ဆင့်ပေါက်တယ်။ အဲဒီတော့ ဘယ်ကျည်ဆန်ထိလို့ ထိမှန်းတောင်သိမှာမဟုတ်ဘူး"ဟု ကိုကျော်စွာက ပြောသည်။
ရေတပ်မှ ပစ်ခတ်တိုက်ခိုက်ချိန်များတွင် ဓားပြများက သင်္ဘောသားများအား သင်္ဘော၏အမြင့်ဆုံးနေရာတွင် ထားရှိစေပြီး ပြန်လှန် ပစ်ခတ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာသင်္ဘောသားတစ်ဦးဖြစ်သူ ကိုထွန်းလင်းကလည်း "အခုဟာက ကံကောင်းလို့လွတ်လာတဲ့ အနေအထားပါ။ တစ်ယောက် မဟုတ် တစ်ယောက် ထိသွားနိုင်တယ်။ သင်္ဘောသားအလုပ်က နဂိုကတည်းက ဒီနေ့ သင်္ဘောပေါ်တက်သွားပြီးရင် ဘယ်တော့ ကမ်းပြန်ရောက်မယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူး။ အသက် အန္တရာယ်ရှိတယ်။ အခုလိုမျိုးဆိုတော့ ပိုပြီး အသက်အန္တရာယ်နဲ့ ပိုနီးတယ်" ဟု ပြောသည်။
တောင်ကိုရီးယားရေတပ်က ပြန်လည်တိုက်ခိုက် ကယ်တင်နိုင်ရန်အတွက် လမ်းခရီးတွင် သင်္ဘော အင်ဂျင်ချွတ်ယွင်းသွားကြောင်း လိမ်လည်အကြောင်းပြ၍ အချိန်ဆွဲရပ်တန့်ခြင်းကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး သင်္ဘောပေါ်ရှိ ဓားပြများ လူစုကွဲ အင်အားနည်း သွားစေရန် အတွက် သင်္ဘောသားများက ပူးပေါင်းအားထုတ်ပေးခဲ့ကြသည်။
"ပထမဦးဆုံးနေ့ မွန်းတည့် ၁၂ နာရီ လောက်မှာကတည်းက ရေဒီယိုနှစ်လုံး စလုံးကို ဖွင့်ထားတာ။ ဓားပြတွေ လစ်ရင် ရေဒီယိုကနေ သူကြီးက အဆက်အသွယ်လှမ်းလုပ်တယ်။ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ သင်္ဘောသုံးစင်းတွေ့တယ်။ ကျွန်တော်တို့ သင်္ဘောသား တွေက ရေဒါမှာကြည့်ပြီးတော့ သင်္ဘော နာမည်၊ အရှည်ဘယ်လောက်၊ ဘာ သင်္ဘောဆိုတာပြောပြီး မြှောက်ပေးတော့ ကျွန်တော်တို့ သင်္ဘောပေါ် တင်ထားတဲ့ ဘုတ်လေးကို ကရိန်းနဲ့ဆွဲချပြီး ဒီကောင်တွေ သွားတိုက်ကြတော့မှ ရေတပ်က ရဟတ်ယာဉ်ထွက်လာပြီး ဒီကောင်တွေကို လိုက်ပစ်တော့တာ။ ကျွန်တော်တို့က ရေဒါမှာ ရေတပ် သင်္ဘောကိုဖွက်ထားပြီး သင်္ဘောသုံးစင်းကိုပဲ ပြထားခဲ့တာ။ ဥပမာ ကျွန်တော်တို့ ရေဒါမှာပြထားတဲ့ သင်္ဘောသုံးစီးက ၁၀ မိုင်မှာရှိတယ်ဆိုရင် ရေတပ်က ၁၅ မိုင်လောက်မှာရှိတယ်။ ကျွန်တော် တို့ ရေဒါထောက်ထားတာက ၁၀ မိုင် မှာပဲ ထောက်ထားတော့ ရေတပ်ကို မမြင်ရတော့ဘူး" ဟု ကိုကျော်စွာက ပြောသည်။
အဆိုပါ သင်္ဘော ပင်လယ်ဓားပြများ လက်သို့ ကျရောက်ရခြင်းမှာ Chief Officer တာဝန်ပေါ့လျော့မှုကြောင့်လည်း ပါဝင်ကြောင်း မြန်မာသင်္ဘောသားအချို့က ဆိုကြသည်။
"Chief Officer တာဝန်ပေါ့လို့ဖြစ်တာ။ ကျွန်တော်တို့သင်္ဘောမှာ အားနည်းချက်တွေရှိတယ်။ ပင်လယ်ဓားပြ စောင့်ကြည့်ကာကွယ်မှု မရှိဘူး။ ဒီလိုဖြစ်ထားတဲ့လမ်းကြောင်းမှာ၊ ဒီတာဝန်ချိန်မှာ Chief Officerက ရေဒါ မကြည့်ဘူး။ ကွန်ပျူတာပဲ နှိပ်နေတယ်။ ပြီးတော့ ရာသီဥတုကောင်းနေတယ်။ ငါးဖမ်းသင်္ဘောလောက်ရှိတဲ့ ပင်လယ်ဓားပြသင်္ဘော ပေါ်နိုင်တာကို ရေဒါကို မကြည့်ဘူး။ အဲဒီကောင်ကို ကြိုမြင်လိုက်ရင် ပြင်ဆင်ဖို့အချိန်ပိုရနိုင်တယ်။ ပြေးလို့လည်း ရနိုင်တယ်။ "ပြီးတော့ နံနက် ၇ နာရီ နေ့သမားတွေ ထမင်းစားပြီး ထွက်တဲ့ အချိန်မှာ ဓားပြတစ်ယောက်က သင်္ဘောပေါ်ကို ရောက်နေပြီ"ဟု အမည်မဖော်လိုသည့် မြန်မာသင်္ဘောသားတစ်ဦးက ပြောသည်။
ထို့ပြင် ယခု ပြန်လည်ရောက်ရှိလာသော မြန်မာသင်္ဘောသားအချို့မှာ ရပိုင်ခွင့်ရှိသည့် ခံစားခွင့်နှင့်လစာများ အပြည့်အ၀မရရှိသေးဟု ဆိုသည်။
"ဓားပြလက်မှာနေရတဲ့ ခုနစ်ရက်စာအတွက် ဘာမှမရသေးဘူး။ ကျွန်တော်တို့ရခဲ့တာက လစာအပြင် ပေးတဲ့ Allowance ၂၆ ရက်စာပဲ ရခဲ့တယ်။ ကျန်တဲ့ဟာတွေကို အေးဂျင့်မှာရှင်းမယ်လို့ ပြောလိုက်တယ်။ "လစာရှင်းတဲ့နေ့မှာ ဘာပြောလဲဆိုတော့ အရင်လူဟောင်း တွေက နှစ်လစာ မရသေးဘူး။ အဲဒါကို အားလုံး ရှင်းပေးလိုက်ပြီးတော့ ဇန်န၀ါရီအတွက် လစာကို ရုံးမှာရှင်းပေးမယ်လို့ ပြောတယ်။ Dangerous money ကိုကျတော့ ကျန်တဲ့ အကုန်လုံးကိုခေါ်ပြီးတော့ ညီညီမျှမျှ ပေးမယ်ဆိုပြီး နှစ်ခါ သုံးခါ ခဏနေရင် ပေးမယ်၊ ခဏနေရင် ပေးမယ်ဆိုပြီးတော့ ခုနစ်နာရီလောက်ကျတော့ ကိုရီးယားတွေကိုခေါ်ပြီး ပြန်ထွက်သွားတာ ပေါ်မလာတော့ဘူး"ဟု မြန်မာသင်္ဘောသားတစ်ဦးက ပြောသည်။
စမ်းချောင်းမြို့နယ်တွင် နေထိုင်သော တက်မကိုင်(၁) ကိုအောင်မိုးသူ က "သင်္ဘောလိုက်တာ သုံးနှစ်ကျော် လေးနှစ်နီးပါးလောက် ရှိပြီ။ ဒါမျိုးက ဒီတစ်ခါဆိုးဆိုးရွားရွား ကြုံရတာပဲ။ ဒီသင်္ဘောပေါ်ရောက်တာတော့ ခုနစ်လနဲ့ ရက်ပိုင်းပဲ ရှိသေးတယ်။ ကျွန်တော်က ရှစ်လစာချုပ်နဲ့။ ရှေ့လ စင်ကာပူ ပြန်ရောက်ရင် ဆင်းဖို့လုပ်နေတာ။ မားသားဘုတ်ပေါ် ပြန်ဆင်းသွားတဲ့ ဓားပြတွေက ကျွန်တော် တို့ရှိတဲ့ ပစ္စည်းတွေ၊ စုထားတဲ့လစာတွေကို အကုန်ယူသွားကြပြီးသား။ တချို့လည်း အင်္ကျီတွေ၊ နာရီတွေကိုလည်း သူတို့က ယူဝတ် ထားလိုက်တာဆိုတော့ တချို့လည်း အလောင်းတွေပေါ်က ပြန်မယူချင်တော့ဘူး။" "ကိုရီးယား ကမ်းခြေစောင့်တပ်က ကျွန်တော်တို့ ဆုံးရှုံးသွားတာတွေကို ပြန်ရအောင်လုပ်ပေးမယ်ဆိုပြီး စစ်လိုက်ဆေးလိုက်တာလည်း မပြောပါနဲ့တော့၊ တစ်ညလုံးပဲ။ မရလည်း သိပ် ဂရုမစိုက်တော့ပါဘူး။ ဒီလို ကိုယ့်အိမ်ကိုယ် ပြန်လာရတာပဲ ကျေးဇူးတင်လှပြီ။ နောက်တစ်ခါ သင်္ဘောပြန်တက်ရင်တော့ အဲဒီဘက် လမ်းကြောင်းတွေ သွားတဲ့ သင်္ဘောလိုင်းတွေကိုတော့ မလိုက်တော့ဘူး။ ဒီ အာရှလိုင်းဘက်ပဲ ပြန်လိုက်မယ်လို့ စိတ်ကူးထားတယ်" ဟု ၎င်းက ပြောသည်။
ဓားပြများလက်မှ ပြန်လည်လွတ် မြောက်လာခဲ့သော မြန်မာသင်္ဘောသားများက ၎င်းတို့ရင်ဆိုင်ခဲ့ရသော ဖြစ်ရပ်များမှာ အသက်ဘေး နှင့် အလွန်နီးစပ်ပြီး အန္တရာယ်အလွန်များသော်လည်း သင်္ဘောသားအလုပ်အကိုင်ကို မစွန့်လွှတ်နိုင်သေးကြောင်းနှင့် နောင်တွင် လည်း သင်္ဘောထပ်မံလိုက်ဖြစ်နေဦးမည်ဟု ဆိုသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.